မြောက်ပိုင်းလမ်းမပေါ်တွင် တိုက်ပွဲ ၇ နေရာထိ ပြင်းထန်စွာ ဖြစ်ပွားခဲ့၊ ပရဟိတ အဖွဲ့မှ တစ်ဦး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်။

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ပြည်ထောင်စု လမ်းမကြီးတစ်လျှောက်တွင် သြဂုတ်လ ၁၇ ရက်နေ့က မြောက်ပိုင်း မဟာမိတ်ပူးပေါင်း၃ ဖွဲ့နဲ့ တပ်မတော်တို့အကြား တိုက်ပွဲ ၇ နေရာအထိဖြစ်ပွားခဲ့ပြီး တိုက်ပွဲမှာ ပြင်းထန်သည်ဟု မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့ ရှမ်းမြောက်ဒေသခံများက ပြောသည်။

“မနေ့ကတော့ တိုက်ပွဲဖြစ်တာက တောက်လျှောက် ဒီပြည်ထောင်စု လမ်းမပေါ်မှာ ကြိုကြားကြိုကြားဖြစ်နေ တာပေါ့နော။ ဒီဟာကတော့ ကျနော်တို့ မဟာမိတ်နဲ့ တပ်နဲ့ဖြစ်တယ်။ ကျနော်တို့ သိတာကတော့ ၆ နေရာ ကျော် ၇ နေရာလောက်ရှိတယ်။ အသေးစိတ်လည်း ကျနော်တို့လည်း မရသေးဘူး” ဟု မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့မှ တစ်ဖွဲ့ဖြစ်သည့် တအန်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/TNLA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော် က ပြောသည်။

တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာများနှင့် ပတ်သက်၍လည်း ယခုလိုဆက် ပြောသည်။

“တိုက်ပွဲက ပြောရမယ်ဆိုရင်တော့ လားရှိုးအထက်ကနေ မူဆယ်နားအထိ အဲမျိုးလမ်းမပေါ်မှာ ကြိုကြားကြို ကြား ဖြစ်နေတာပေါ့။ ပြည်ထောင်စု လမ်းမတစ်လျှောက်ပေါ့နော်။ မူဆယ်ဒီဖက်ကနေ လားရှိုးဒီဖက်အထိ ဖြစ် တယ်။ ဒီနေ့ကတော့ မရှိသေးဘူး ဒီနေ့ကတော့ ဘာသတင်းလည်း မတက်လာသေးဘူး။”

မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့မှ ပြီးခဲ့သည့် သြဂုတ်လ ၁၂ ရက်နေ့က တပ်မတော်အနေဖြင့် ထိုးစစ်များကို လျော့ချ ပေးရန် တောင်းဆိုခဲ့သော်လည်း ထူးခြားမှုရှိမလာသည့်အတွက် သြဂုတ်လ ၁၅ ရက်နေမှစတင်ကာ တန်ပြန် ထိုးစစ်များကို စတင်လာသည့်နောက်ပိုင်း တိုက်ပွဲပိုမိုပြင်းထန်လာခဲ့ခြင်းဖြစ်သည်။

သြဂုတ်လ ၁၇ ရက်နေ့ ယမန်နေ့က တိုက်ပွဲဖြစ်ပွားသည့်နေရာသို့ ထိခိုက်ဒဏ်ရာရသည့် လူနာတစ်ဦးအား ကယ်ထုတ်ရန်သွားသည့် ပရဟိတကားများလည်း ပစ်ခတ်ခံရမှုရှိခဲ့ပြီး ပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရခဲ့သည်ဟု လူမှုကယ်ဆယ်ရေးသမားကပြောသည်။

“အပစ်ခံရတာဗျာ ပစ်လိုက်လို့ ကားမှောက်သွားတာ ပစ်လိုက်တဲ့အခါကျတော့ ကားသမားကို မှန်သွားတဲ့အခါ ကျတော့ ကားသမားက အောက်ကျသွားတော့ အဲမှာမှ ကားမှောက်သွားတာ လားရှိုးလူငယ် အသင်းက ဥက္ကဋ္ဌ ဦးထွန်းမြင့်ကတော့ တစ်ခါတည်း အဲမှာပဲ သေသွားတယ်။ ကျန်တဲ့ လူနာကတော့ ကျနော်တို့ ကားပေါ်မှာပါတဲ့ ၃ ယောက်ကတော့ အသင်းသားတစ်ယောက်ကတော့ ဒဏ်ရာတော့ ရတာပေါ့” ဟု လားရှိုးမြို့ယာဉ်လိုင်း ပေါင်း စုံ မေတ္တာစမ်းရေ လူမှုကူညီရေးအသင်းက တာဝန်ရှိသူတစ်ဦး က ပြောသည်။

သြဂုတ်လ ၁၇ ရက်နေ့တွင် လားရှိုးလူငယ် ပရဟိတအဖွဲ့၊ ပေးသောလက်ပရဟိတအဖွဲ့နှင့် မေတ္တာစမ်းရေ လူမှုကူညီရေးအသင်းတို့ လားရှိုး မြို့နယ်အတွင်းရှိ နမ့်တွန်းရွာအနီး မီးလောင်နေသည့် ဆီဆိုင်မှ ပိတ်မိနေသူတစ်ဦးအား သွားရောက်ခေါ်ဆောင်စဉ် ထိုကဲ့သို့ ဖြစ်ပွားခဲ့သည်ဟု လူမှုကူညီရေး အသင်းအဖွဲ့များက ပြောသည်။

ထိခိုက်ဒဏ်ရာရရှိသူများကို လားရှိုးဆေးရုံသို့ ပို့ဆောင်ထားပြီး အနည်းငယ်သာ ထိခိုက်ဒဏ်ရာရရှိသည့်အ တွက် မစိုးရိမ်ရဘူးဟု လားရှိုးမြို့ ယာဉ်လိုင်းပေါင်းစုံ မေတ္တာစမ်းရေ လူမှုကူညီရေးအသင်းက တာဝန်ရှိသူကဆိုသည်။

အဆိုပါပစ်ခတ်မှုကို မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ ကပစ်ခတ်ခဲ့သည်ဟု သတင်းမီဒီယာများသို့ တပ်မတော်က ပြောကြားဆိုထားသည့်အပေါ် PSLF/TNLA က ယခုလို တုန့် ပြန်ပြောဆိုသည်။

“ဒီဟာက သူတို့က လက်ညိုးထိုးစရာ ရှိလို့ထိုးတာ ပြောမယ်ဆိုရင်တော့ ကျနော်တို့လည်း သူတို့ပြောသလို ပြောလို့ရတယ်။ စွတ်စွဲလို့ရတယ်ပေါ့နော။ ဒါကတပ်ဖက်ကဖြစ်တယ်။ ဒါပေမယ့် ကျနော်တို့က အဲလိုမစွတ်စွဲပါ ဘူးနော ဒါကတော့ တိုက်ပွဲကြားမှာ ဖြစ်နေတဲ့အတွက် ဘယ်ကျည်ဆံနဲ့ထိမှန်သွားတာ မသိလို့လေ။ အတည်ပြု လို့မရဘူး။”

ယမန်နေ့က ပစ်ခတ်မှုအတွင်း လူမှုကယ်ဆယ်ရေး ပရဟိတ လုပ်သားတစ်ဦးသေဆုံးခဲ့သည့်အတွက် လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသည့် ပရဟိတ လူမှုကယ်ဆယ်ရေး ယာဉ်များကို ပစ်ခတ်ခြင်းမပြုရန် နယ်စည်းမခြား လူမှုကူညီရေးအဖွဲ့ (သီပေါ) မှ ကိုမျိုး တောင်းဆိုသည်။

“ကျနော်တို့ ဒီလူမှုကယ်ဆယ်ရေး ပရဟိတအဖွဲ့တွေ ကျနော်တို့ အနေနဲ့ကတော့ ဒီလိုမျိုးကိစ္စတွေ မဖြစ်သင့်ဘူးလို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ပရဟိတ အဖွဲ့တွေက ဘာအရောင်အသွေးမှ မပါဘူးလေနော။ အားလုံးကို တန်းတူကူညီပေးနေတဲ့ ဒုက္ခရောက်နေတဲ့သူတွေ အားလုံးကို ကူညီနေတဲ့ သူတွေဖြစ်တဲ့အ တွက်ကြောင့် ဒီလိုမျိုး ပရဟိတအဖွဲ့တွေကို ထိခိုက်စေမယ့် အရာမျိုးတွေကိုတော့ အတတ်နိုင်ဆုံးတော့ မဖြစ် စေချင်ပါဘူး ကျနော်အနေနဲ့” ဟု ပြောသည်။

မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ကလည်း လူသားအကျိုးပြုလုပ်ဆောင်နေသည့် လူမှုကယ်ဆယ်ရေးယာဉ်များကို ပစ်ခတ်တိုက်ခိုက်မှု မပြုကြောင်း၊ တိုက်ပွဲဖြစ်ပွားနေသည့် ဒေသများအတွင်းသို့ လူမှုကယ်ဆယ်ရေး လုပ်ဆောင် နေသည့် ပရဟိတ ယာဉ်များအနေဖြင့် တိုက်ပွဲဖြစ်ပွားနေစဉ် မလာရန်နှင့် တိုက်ပွဲဖြစ်ပွားပြီးမှသာ ဝင်ရောက် ကူညီရန် မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ကိုယ်စား PSLF/TNLA က မေတ္တာရပ်တောင်းဆိုသည်။

“လူမှုကယ်ဆယ်ရေးအဖွဲ့ပေါ့နော အဲလိုမျိုး တိုက်ပွဲဖြစ်နေတဲ့ အချိန်အတွင်းမှာ အဲလိုမျိုးကြားမှာ မဝင်ဖို့တော့ အသိပေးချင်တယ် ဒီကြား တိုက်ပွဲပြီးဆုံးသွားလို့ ဝင်သွားလာ မှုကတော့ ကျနော်တို့ အဖွဲ့ကလည်းဘာမှ ဦး တည်ပြီးတော့ ပစ်ခတ်မှာလည်း မဟုတ်ပါဘူး။ တစ်ချို့ဆိုရင်တော့ လူမှုကားပုံစံနဲ့ ဖန်တီးပြီးတော့မှ စစ်သားတွေ တင်သွားတာရှိတယ်။ စစ်လက်နက်ခဲယဉ်းတွေ သယ်ဆောင်သွားတာလည်းရှိတယ်။ အဲလိုမျိုး မရှိဘူးဆိုရင်တော့ ဒီဟာတောက်လျှောက်သွားလာလို့ကတော့ လူနာတင်ကားဆို ကျနော်တို့ ရန်မပြုဘူး အဲလောက်အထိ လူနာတင်ကားကတော့ အများကို ကယ်ဆယ်တဲ့ဟာပဲဖြစ်တယ်။”

လက်ရှိတွင်လည်း ရှမ်းပြည်နောက်မြောက်ပိုင်းရှိ မြို့နယ်တော်တော်များများတွင် နှစ်ဖက်လက်နက်ကိုင် အဖွဲ့အစည်းများအကြား ပစ်ခတ်တိုက်ခိုက်မှုများရှိပြီး တိုက်ပွဲမှာလည်း ဆက်လက်ပြင်းထန်လာမည့် အနေအထားတွင်ရှိသည်ဟု PSLF/TNLA ကပြောသည်။

“တိုက်ပွဲကတော့ ဘယ်လိုဖြစ်လာမလဲ ဆိုတော့ ထိုးစစ်ပေါ်မှာပဲ မူတည်တယ်ပေါ့နော ဒီထိုးစစ်က များနေမယ်ဆိုရင် ကျနော်တို့လည်း မလွှဲမရှောင်သာ ပြန်လည်ပြီးတော့ ပြန်လည်ခုခံတိုက်ပွဲဖြစ်တာ တိုက်ပွဲကတော့ ထိုးစစ်ပေါ်မှာပဲ မူတည်တယ် ထိုးစစ်ပြင်းထန်ရင် တိုက်ပွဲကတော့ ပိုပြီး တိုက်ပွဲပြင်းထန် လာနိုင်တယ်။ ဆက်ပြီးမှ ပြင်းထန်လာနိုင်တဲ့ အနေအထားရှိတယ်။”

ပြီးခဲ့သည့် သြဂုတ်လ ၁၅ ရက်နေ့က မြောက်ပိုင်း မဟာမိတ် ပူးပေါင်းတပ် ၃ ဖွဲ့ဖြစ်သည့် PSLF/TNLA၊ ULA/AA၊ MNTJP/ MNDAA တို့က ပြင်ဦးလွင်ရှိ တပ်မတော် နည်းပညာ တက္ကသိုလ်နှင့် တပ်မတော် တပ်စခန်းများကို တိုက်ခိုက်မှုများ လုပ်ဆောင်လာခဲ့သည့်နောက်ပိုင်း ရှမ်းပြည်နယ် မြောက်ပိုင်းရှိ နေရာတော်တော်များများတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းဖြစ်သည်။