မြောက်ပိုင်းလမ်းမတိုက်ပွဲများ ပြင်းထန်ဆဲဖြစ်၊ ထောင်ချီသည့် ဒေသခံများ ပိတ်မိနေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်။
ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်အတွင်း တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ အကြား မြေပြင် ဝေဟင်ထိုးစစ်ဆင် တိုက်ပွဲများ ဆက်လက်ပြင်းထန်ကာ ဒေသခံပြည်သူများလည်း တိုက်ပွဲများအတွင်း ပိတ်မိ နေသည်ဟု ဒေသခံများက ပြောသည်။
ကွတ်ခိုင်ဒေသခံ မိုင်းမိုင်က “ဒီနေ့က လေယာဉ်နဲ့လာပစ်သွားတယ်။ ကွတ်ခိုင်မြို့နယ်ထဲမှာ။ နမ့်ကွတ်ဘက် မှာတစ်ခေါက်၊ ပြီးရင် ပါဂျူပေါ့ ဒီလွယ်ဆမ်စစ်နားမှာ တစ်ခေါက်ပေါ့ နှစ်ခေါက်လာပစ်သွားတယ်။ အခုလော လောလတ်လတ်ဖုန်းဆက်လာတာက နားတီးက ရွာသားတွေက လေယာဉ်နဲ့ ခဏခဏလာပစ်လို့ ကြောက်နေ ကြတယ်” ဟု ပြောသည်။
“နေရေးထိုင်ရေးက ရှိတာလေးနဲ့စားနေရတာပေါ့၊ ဒီမှာက အခုချိန်က ဘယ်က အလှူရှင်ကထွက်လာမလဲ သိတဲ့ အတိုင်း လမ်းတွေလည်း ပိတ်ထားတယ်ဆိုတော့ ကိုယ့်မြို့မှာ ရှိတာလေးနေနဲ့ ပေါင်းပြီးစားကြတာပေါ့။ ရှိတာကို ချိုးချိန်ချွေတာပြီး စားရမယ့် အနေအထားပေါ့။”
သိန်းနီမြို့ ရှိ နမ့်စလပ် ရိုမန်ကက်သလစ်ဘော်ဒါဆောင်တွင် စစ်ဘေးရှောင် ၃၀၀ ခန့် ရောက်ရှိနေပြီး လမ်းပန်း ဆက်သွယ်ရေးအခက်အခဲကြောင့် အရေးပေါ်အကူအညီများ လိုအပ်နေသည် ဟု မိုင်းမိုင် က ပြောသည်။
“သူတို့လည်း ပိတ်မိနေတော့ ဟိုဘက်က MNDAA ပေါ့ အဲ့မှာ ကွမ်းလုံလမ်းက MNDAA က ပိတ်ထားတော့ သွားဖို့အတွက် အဆင်မပြေဘူးဖြစ်နေတယ်။ နမ့်စလပ်မှာတော့ တောင်ပေါ်ကလူတွေကို နမ့်စလပ်က လူတွေသွားထုတ်ထားတော့ နဂိုရှိပြီးသား ဒုက္ခသည်တွေနဲ့ ပေါင်းပြီးမှ ထပ်တိုးလာတဲ့ ဒုက္ခသည် ၃၀၀ ထပ်ထွက်လာသေးတယ်။”
ကွတ်ခိုင်မြို့နယ်အတွင်းက မဟာစည်သာသနာ့ရိပ်သာကျောင်းတွင် လမ်းလုပ်သားစစ်ဘေးရှောင် ၂၀၀ ကျော် နှင့် အင်မိန်း အုပ်စု နမ့်ဟူးဒဲ့ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင်၂၀၀ နီးပါးခန့်လည်း စစ်ဘေးရှောင်များ ရောက်ရှိနေသည်ဟု ဒေသခံများက ပြောသည်။
ယခုရက်ပိုင်းအတွင်း ဖြစ်ပွားနေသည့် လားရှိုး၊ သိန်းနီ၊ ကွတ်ခိုင်မြို့နယ်တို့အတွင်းက တိုက်ပွဲများကြောင့် ဒေသခံပြည်သူ ၁၆၀၀ ကျော်ခန့် နေရပ်စွန့်ခွာထွက်ပြေးနေကြရသည်ဟု ဒေသခံများက ပြောသည်။
“ဒုက္ခသည်တွေလို့ ပြောတဲ့အချိန်မှာ များသောအားဖြင့်က ကွတ်ခိုင်မှာကတော့ များသောအားဖြင့်က ဆွေမျိုး သားချင်းတွေ ရှိတဲ့အတွက်ကြောင့် ကချင်လူမျိုးတွေက ဆွေမျိုးတွေအိမ်မှာသွားကြတယ်။ ဒီလွယ်ဆမ်စစ်နား ကတော့ တအာင်းရွာတွေကတော့ ဘုန်းကြီးကျောင်းကိုသွားကြတယ်။ ဒီလမ်းလုပ်သား အော်ရင်တာဟိုင်းဝေး က လမ်းလုပ်သားတွေအကုန်လုံးကိုက ရပ်ကွက် (၈) က မဟာစည်သာသနာ့ရိပ်သာကျောင်းကို ပို့ထားကြ တယ်။ အကုန်လုံးပေါင်း တစ်ထောင်ကျော်သွားပြီ။ ရွာထဲမှာ ပိတ်မိနေတာ မထွက်လာရသေးတာတွေလည်း ရှိသေးတယ်” မိုင်းမိုင်က ပြောသည်။
ယနေ့ (သြဂုတ်လ ၁၈ ရက်နေ့)တွင် ကွတ်ခိုင်မြို့နယ်အတွင်း တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့ တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်ဟု မဟာမိတ် ၃ ဖွဲ့ မှ အဖွ့ဲဝင်တစ်ဖွဲ့ ဖြစ်သည့် တအန်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNAL) သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော် က ပြောသည်။
“မြောက်ပိုင်း ညီနောင် မဟာမိတ် ၃ ဖွဲ့နဲ့ဖြစ်တယ်။ ဒီနေ့မှာ တော့ ကွတ်ခိုင်မြို့နယ်ထဲက နမ့်ကွတ်နားမှာ နှစ် ကြိမ်ဖြစ်တယ်။ မနက် ၉ နာရီလောက်ကနေ ၁၀ နာရီ ခွဲလောက်အထိတစ်ကြိမ်၊ ၁၂ နာရီလောက်ကနေ ၁ နာရီ ခွဲလောက်အထိတစ်ကြိမ်၊ ကွတ်ခိုင် နမ့်ခိုင်တံတား နား မှာကတော့ နေ့လည် ၁၁ နာရီလောက်ကနေ ၁၂ နာရီခွဲ လောက်အထိ တစ်ကြိမ် သုံးကြိမ်ဖြစ်တယ်။ ဒီတိုက်ပွဲ က ၁ နာရီခွဲလောက်မှာ ပြီးသွားတာပေါ့၊ တိုက်ပွဲ ပြီးမှ ဒီ ၂ နာရီလောက်မှာ ရဟတ်ယာဉ်နှစ်စီးက နမ့်ကွတ်နား တဝှိုက်နဲ့ တောင် ၃၀ နားတဝှိုက်လာပစ်သွားတယ်လို့ သိ ရတယ်။ ထိခိုက်မှုနဲ့ တခြားတိုက်ပွဲ အခြေအနေ အသေးစိတ်တော့ မသိရသေးဘူး။”
တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည့်အတွက် နှစ်ဖက်လက်နက်ကိုင်များက လမ်းကြောင်း ၅ ခု ခန့် ပိတ်ထားသည်ဟု ကွတ်ခိုင်ဒေသခံ များ က ပြောသည်။
ကွတ်ခိုင်ဒေသခံ တစ်ဦးက “Block လုပ်ထားတာက ကွမ်းလုံလမ်းဘက်မှာ တစ်ခုပေါ့နော်။ လားရှိုးနဲ့ကွတ်ခိုင် ကြားထဲမှာ တစ်ခု၊ လားရှိုးနဲ့ သိန်းနီကြားထဲမှာ တစ်ခု၊ ပြီးရင် သိန်းနီနဲ့ ကွမ်းလုံကြားထဲမှာတစ်ခု၊ သိန်းနီနဲ့ ကွတ် ခိုင်ကြားထဲမှာ တစ်ခု၊ ပြီးရင် ကွတ်ခိုင်နဲ့ မူဆယ်ကြားထဲမှာ တစ်ခုပေါ့နော်။ Block လုပ်ထားတယ် သူတို့။ သူတို့ လို့ပြောတဲ့ဟာက တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့လည်းရှိတယ်။ မြန်မာ့တပ်မတော်လည်း ရှိတယ်။ မြန်မာ့ တပ်မတော်နေနဲ့ကတော့ နယ် မြေရှင်းလင်းရေး၊ လုံခြုံရေးအရ သွားလာခွင့် မပြုဘူး။ ဟိုဘက်ကတော့ နယ်မြေ လုံခြုံရေးအရပေါ့ ထုံးစံအတိုင်း ပေါ့ စစ်ရေးအရ ဒီလိုပဲ ပြောကြတာပဲ” ဟု ပြောသည်။
မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့အနေဖြင့် တိုက်ပွဲဖြစ်ပွားနေသည့် နေရာများနှင့် မူဆယ်-မန္တလေး ပြည်ထောင်စု လမ်းမကြီးတလျှောက် အခြေအနေကြည့်ပြီ ခရီးသွားကြရန်၊ ဒေသခံများနှင့် လူမှုကယ်ဆယ်ရေး လုပ်ဆောင်နေ သည့် ပရဟိတယာဉ်များအနေဖြင့်လည်း တိုက်ပွဲဖြစ်ပွားနေစဉ် မလာကြရန် မေတ္တာရပ်ခံတောင်းဆိုထားသည်။
ထိုသို့ လမ်းကြောင်းပိတ်ထားသည့်အတွက် ဒေသခံပြည်သူများမှာ တိုက်ပွဲအတွင်း ပိတ်မိလျှက်ရှိသည်။
“ပိတ်မိနေတာက လားရှိုးနဲ့ သိန်းနီကြားထဲမှာ၊ အခုဓါတ်ဆီဆိုင် မီးလောင်သွားတဲ့နေရာနားက အဲ့ဒီရွာတွေရှိမယ်။ နောက် သိန်းနီနဲ့ ကွတ်ခိုင်ကြားထဲမှာဆိုရင် မန်ပိန်းရွာ၊ ပြီးရင် ဒီအနီးတဝှိုက်မှာရှိတဲ့ ကချင်ရွာလေးတွေ၊ တအာင်းရွာလေးတွေပေါ့၊ နမ့်ကွတ်၊ နောင်ဆွေ၊ နမ့်ဖလွမ်တို့၊ ဒီမူဆယ်လမ်းတစ်ကြောက ရွာတွေရှိတယ်” ဟု မိုင်းမိုင်က ပြောသည်။
မြန်မာအမျိုးသားများ ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNTJP/MNDAA-ကိုးကန့်အဖွဲ့)၊ တအန်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)နှင့် ရက္ခိုင့်တပ်တော်(ULA/AA)တို့ က သြဂုတ်လ ၁၅ ရက်နေ့က ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာတက္ကသိုလ်နှင့် နောင်ချိုနှင့် ကျောက်မဲမြို့နယ် အတွင်းရှိ တပ်မတော်တပ်စခန်းများကို တိုက်ခိုက်မှုလုပ်ဆောင်ခဲ့သည့်နောက်ပိုင်း သြဂုတ်လ ၁၆၊ ၁၇၊ ၁၈ ရက်နေ့တွေ အထိ တိုက်ပွဲများ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေခြင်းဖြစ်သည်။