အားလုံးပါဝင်ရေးမူကို လက်မခံသည့် နောက်ဆက်တွဲများ ဖြစ်နေခြင်းဟု AA ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်။

NCA စာချုုပ်တွင် ပါဝင်လက်မှတ်ရေးထိုးရန် တပ်မတော်အနေဖြင့် အားလုံးပါဝင်ရေးမူကို လက်မခံခဲ့သည့်အတွက် ရခိုင်ပြည်နယ်နှင့် ရှမ်းမြောက်ဒေသများတွင် ယခုကဲ့သို့ တိုက်ပွဲများ ပိုမိုပြင်းထန်လာခြင်းဖြစ်သည်ဟု မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့တွင် ပါဝင်သည့် ရက္ခိုင့် တပ်တော် ULA/AA က ပြောသည်။

ရက္ခိုင့်တပ်တော် ULA/AA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ခိုင်သုခက “ကျနော်တို့ ညီနောင် မဟာမိတ် ၃ ဖွဲ့က ဒီ NCCT ထဲမှာ တစ်လျှောက်လုံးပါဝင်လာခဲ့တယ်။ တက်တက်ကြွကြွနဲ့ ကျနော်တို့ နိုင်ငံရေးမှာ ပါဝင် ဆွေးနွေးလာခဲ့တယ် ဒါပေမယ့် လက်မှတ်ထိုးခါနီး ရောက်တဲ့အခါမှာ ဗမာစစ်တပ်နဲ့ ဗမာအစိုးရဖက် ကနေပြီး ဒီအဖွဲ့တွေဟာ နောက်မှ ပေါ်လာတဲ့ အဖွဲ့တွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ သူတို့ကနေပြီးတော့ အသိအမှတ် မပြုဘူးဆိုပြီးတော့လုပ်တယ် အဓိကတော့ အဲလိုလုပ်တဲ့ဥစ္စာက အားလုံးပါဝင်ရေးဆိုတဲ့မူကို အစိုးရဖက်နေ ပြီးတော့ ချိုးဖောက်တာဖြစ်တယ်။ အစိုးရဖက်နေပြီးတော့ လက်မခံတာဖြစ်တယ်” ဟုပြောသည်။

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဖြစ်သည် PS/F/TNLA၊ ULA/AA နှင့် MNTJP/MNDAA တို့ကို NCA စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးရန် တပ်မတော်နှင့် အစိုးရတို့က လက်မခံခဲ့သည့် နောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာလည်း ကမောက်ကမဖြစ်ခဲ့ရသည်ဟု ခိုင်သုခက ပြောသည်။

ထို့အပြင် ကချင်၊ ကိုးကန့်၊ တအန်း(ပလောင်) နှင့် ရခိုင်ဒေသဖက်တို့တွင် သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တပ်မတော်တို့အကြား တိုက်ပွဲများ ပိုမိုပြင်းထန်စွာ ဖြစ်ပွားလာသည်ဟု ULA/AA က ဆိုသည်။

လက်ရှိတွင်လည်း ဆွေနွေးပွဲများမှာ ရပ်တန့်နေပြီး တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာသည့် အကြောင်းအရင်းမှာ လည်း အစိုးရနှင့် တပ်မတော်တို့၏ ပကတိအနေအထားကို လက်မခံပဲ သဘောထားတင်းမာမှုကြောင့်ဟု ခိုင်သုခက ဆက်ပြောသည်။

“အဓိကက အကြောင်းအရာက ဗမာအစိုးရနဲ့ ဗမာစစ်တပ်က သူတို့ရဲ့ တင်းမာတဲ့ သဘောထားတွေကြောင့်လို့ ပြောလို့ရတယ်။ မကြာခင်ကပဲ သူတို့ဖက်က ထုတ်ပြောလာတဲ့ ရက္ခိုင့်တပ်တော် AA ကို ရခိုင်ပြည်မှာ လက်မခံ နိုင်ဘူး လိုင်ဇာမှာ ပြန်နေရမယ်ဆိုတဲ့ ဥစ္စာမျိုး နောက်ပြီးတော့ ဆိုလို့ရှိရင် ဒီ TNLA ကိုလည်းပဲ ပလောင် ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရ အဲဒီ နမ့်စန်ဒေသ နဲ့ မန်တုံမြို့နယ်ထဲမှာပဲ နေရမယ်ဆိုတဲ့ ဥစ္စာမျိုး နောက်ပြီးတော့ ကိုးကန့်ကိုကျတော့ ဟုန်အိုင်ဒေသထဲမှာပဲသွားနေပါဆိုတဲ့ ဥစ္စာမျိုး ဒါတွေကနေ ပြီးတော့ တစ်ဖက်ကနေပြီးတော့ လုံးဝလက်မခံနိုင်တဲ့ ဒါအပြောအဆိုမျိုးဖြစ်တယ်။ ဒါက ငြိမ်းချမ်းရေးကို ဦးတည်တဲ့ အပြောအဆိုမဟုတ်ဘူး။”

NCA စာချုပ်ကို ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့တွင် ကရင်အမျိုးသားအစည်းအရုံးအပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့က ထိုစဉ်က လက်မှတ်ရေးထိုးခဲ့ပြီး အားလုံးပါဝင်ရေးမှုကို ဆွဲကိုင်ထားသည့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA နှင့် အခြားတိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများက NCA စာချုပ်တွင် ပါဝင်လက်မှတ် မထိုးခဲ့ပေ။

လက်ရှိ ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA ၏ သဘောထားနဲ့ ပတ်သက်၍ “ကျနော်တို့ တိုင်းရင်းသား ညီနောင်တွေနဲ့ အဆင်ပြေတဲ့ အနေအထား ရောက်မှထိုးမှာ တစ်ဖွဲ့တည်းထိုးမယ်ဆိုရင်တော့ အဆင်မပြေဘူး” ဟု ကချင် လွတ်လပ်ရေးအဖွဲ့ KIO/KIA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြီးခဲ့သည့် သြဂုတ်လ ၆ ရက်နေ့က သတင်းနှင့် မီဒီယာကွန်ရက်သို့ ပြောဆိုထားသည်။

NCA လက်မှတ်ရေးထိုးစဉ်အခါက ယခု တိုက်ခိုက်မှုများတွင် ပါဝင်သည့် အဖွဲ့ သုံးဖွဲ့ အနေဖြင့် လက်နက်ချမည်ဟု ကတိပြုပါက ပါဝင်ခွင့်ပြုမည်ဟု တပ်မတော်ဘက်က ပြောခဲ့သည်။ သို့သော်လည်း နောက်ပိုင်းတွင် ဆွေးနွေးညှိုနှိုင်းမှုများပြုခဲ့ပြီး ယခုအခါ နှစ်ဦးနှစ်ဘက် အပြန်အလှန် အပစ်ရပ် လက်မှတ်ထိုးရန် ဆွေးနွေးလျက်ရှိသော်လည်း ဆွေးနွေးပွဲများ ကြန့်ကြာလျက်ရှိသည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့များနှင့် အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်တို့အကြား ဆွေးနွေးပွဲများ မပြု လုပ်နိုင်ပဲ ကြန့်ကြာနေရခြင်းနှင့် ပတ်သက်၍ “အချိန်တွေ၊ နေရာတွေထက်စာရင် သဘောထားတွေက ပိုပြီးတော့ ခက်ခဲတယ်နဲ့တူပါတယ်။ မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၄ ဖွဲ့ နဲ့ အဓိက အခက်အခဲက ရခိုင်စစ်မျက်နှာက အဓိကပြဿနာပါပဲ။ အဲတော့ရခိုင်ပြည်နယ်ထဲမှာ AA တပ်ဖွဲ့ ရောက်နေတာကို လက်မခံနိုင်ဘူးဆိုရင် ဒီဆွေးနွေးပွဲက အတော်ဖြေရှင်းဖို့ခက်ပါတယ်” ဟု တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုး က ပြောသည်။

တပ်မတော်နှင့် အစိုးရအနေဖြင့် အားလုံးပါဝင်ရေးမူကို လက်ခံပြီး တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း အသီးသီးရှိသည့် ဒေသများအားလုံး တစ်ပြိုင်နက် အပစ်အခတ်ရပ်စဲကာ နိုင်ငံရေးဆွေးနွေးနိုင်မှသာ နှစ်ပေါင်း ၇၀ ကျော်ဖြစ်ပွားလာခဲ့သည့် လက်နက်ကိုင် ပဋိပက္ခကို ချုပ်ငြိမ်းနိုင်မည်ဟု NCA အပစ်ရပ်ထားသည် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများနှင့် နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောသည်။