မွန်လူငယ်အဖွဲ့အစည်း ၄၀ ခန့် စုပေါင်းပြီး အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနားကျင်းပ
(သတင်းဓါတ်ပုံ)

သတင်းနှင့်မီဒီယာကွန်ရက်။
၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်။

မွန်ပြည်နယ် လူငယ်ရေးရာကော်မတီမှ ဦးဆောင်ပြီး မွန်ပြည်နယ်အတွင်းရှိ လူငယ်အဖွဲ့အစည်းပေါင်း ၄၀ ခန့် စုပေါင်းကာ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနားကို သြဂုတ်လ ၂၀ ရက်နေ့ (ယနေ့) တွင် ကျင်းပပြုလုပ်ခဲ့သည်။

မော်လမြိုင်မြို့ရှိ သံလွင်ဥယျာဉ်တွင် ကျင်းပသည့် အဆိုပါ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းနားကို သြဂုတ်လ ၁၂ ရက်နေ့က ကျင်းပရန် စီစဉ်ခဲ့သော်လည်း မွန်ပြည်နယ်တဝှမ်းဖြစ်ပွားခဲ့သည့် ရေဘေးအခြေ အနေများကြောင့် သြဂုတ်လ ၂၀ ရက်နေ့သို့ ရွှေ့ ပြောင်းကျင်းပခဲ့ရခြင်း ဖြစ်သည်ဟု လူငယ်များနေ့ အခမ်း အနား ကျင်းပရေးကော်မတီ ခေါင်းဆောင် ကိုကြည်ဇော်လွင် က ပြောသည်။

အခမ်းအနားကို မွန်ပြည်နယ်အခြေဆိုက် လူငယ်အစုအဖွဲ့အားလုံး ပါဝင်ပူးပေါင်း၍ရသည့် ပုံစံမျိုးဖြင့် ကျင်းပခဲ့ခြင်းဖြစ်သည်။

ဒေသအတွင်းရှိ တိုင်းရင်းသားလူငယ်အဖွဲ့အစည်းအသီးသီးတို့မှ ရိုးရာအကဖျော်ဖြေခြင်း၊ လူငယ်များ စွမ်းရည်ပြသခြင်း၊ လူငယ်အချင်းချင်းကြား အတွေ့အကြုံများ ဖလှယ်ခြင်း၊ လူငယ်များ တီထွင်ဖန်တီးထားသည့် ဖန်တီးမှုများ ပြသခြင်း အစီအစဉ်များအပါအဝင် အစီအစဉ် ၁၇ ခု ပြုလုပ်ကျင်းပခဲ့ပြီး လူငယ် အယောက် ၆၀၀ ခန့် ပါဝင်တက်ရောက်ခဲ့သည်ဟု အခမ်းအနားကျင်းပရေး ကော်မတီက ပြောသည်။

သြဂုတ်လ (၁၂) ရက်နေ့သည့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ဖြစ်ပြီး ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် အခြားသော တိုင်းနှင့်ပြည်နယ်တို့တွင်လည်း အသီးသီးကျင်းပခဲ့ကြသည်။