ကျိုက်မရောတွင် ပြန်လည်ထူထောင်ရေး မစနိုင်သေး

သတင်းနှင့် မီဒီယာ ကွန်ရက်
၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်။

မွန်ပြည်နယ်အတွင်း ရေကြီးနစ်မြုပ်မှု ဖြစ်ပွားခဲ့သည့် ဒေသများတွင် ပြန်လည်ထူထောင်ရေးများ စတင်လုပ်ဆောင်နေပြီဖြစ်သော်လည်း ကျိုက်မရောမြို့နယ်တွင် မစတင်နိုင်သေးကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့က ပြောသည်။

လက်ရှိတွင် လတ်တလောဖြေရှင်းဆောင်ရွက်ရမည့် အပိုင်းကို စတင်လုပ်ဆောင်နေသည်ဟုလည်း မွန်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်း က ပြောသည်။

“လတ်တလောစီမံဆောင်ရွက်လို့ရတဲ့အပိုင်းမှာဆိုရင် နုန်းတွေရှင်းလင်းတာ၊ စာသင်ကျောင်းတွေကို သန့်ရှင်းရေးလုပ်တာတွေကို စည်ပင်၊ ရဲ၊ တပ်မတော်နဲ့ ကျနော်တို့ဆီက အင်အားတွေနဲ့ စလုပ်နေပါတယ်၊ စာသင်ကျောင်းတွေ အမြန်ဆုံး ပြန်ဖွင့်နိုင်ဖို့ လိုအပ်တဲ့ သင်ထောက်ကူပစ္စည်းတွေ စာသင်ခုံ၊ ထိုင်ခုံ၊ ပုံနှိပ်စာအုပ်တို့ ဗလာစာအုပ်တို့ အမြန်ဆုံးထောက်ပံ့နိုင်ရန် စီမံဆောင်ရွက်နေတယ်၊ နောက်ရေတွင်းရေကန် ဆေးခတ်တာတို့ လုပ်နေတယ်” ဟု ဦးမြင့်သန်းဝင်း က ပြောသည်။

ယခုအခါ ကျိုက်မရောမြို့နယ်တွင် ရေပြန်မကျသေးသည့် ရပ်ကွက်၊ ကျေးရွာများ ကျန်ရှိနေသေးသည့်အတွက် ပြန်လည်ထူထောင်ရေး မစနိုင်သေးကြောင်း ရေလုံးဝပြန်ကျသွားသည့်အချိန်မှသာ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆက်လုပ်သွားမည်ဟုလည်း ဆက်ပြောသည်။

ရေးမြို့နယ်တွင် စာသင်ကျောင်းပေါင်း ၁၄၀ ကျောင်းရှိပြီး ကျိုက်မရောမြို့နယ်တွင် စာသင်ကျောင်းပေါင်း ၁၅၀ ကျောင်းရှိသည့်အနက် ဒေသအတွင်း ရေကြီးနစ်မြှုပ်မှုကြောင့် ကျောင်းပေါင်း ၃၀၀ နီးပါးခန့် ပိတ်ထားခဲ့ရခြင်းဖြစ်သည်ဟု မွန်ပြည်နယ် ပညာရေးမှူးရုံး တာဝန်ရှိသူများ၏ ပြောပြချက်အရသိရသည်။

မွန်ပြည်နယ်အတွင်း ရေကြီးနစ်မြုပ်မှုဖြစ်ပွားခဲ့သည့် ဒေသများအနက် အဆိုးရွားဆုံး ခံစားခဲ့ရသည့် ရေးမြို့နယ်၊ ကျိုက်မရောမြို့နယ်နှင့် ဘီးလင်းမြို့ နယ်တို့တွင် ပြန်လည်ထူထောင်ရေးအတွက် အကူအညီများ လိုအပ်လျက်ရှိသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး (ကျိုက်မရောမြို့ နယ် တာဝန်ခံဝန်ကြီး) စောအောင် မြင့်ခိုင်က “ရေဘေးသင့် ပြည်သူတွေအတွက် အစားအသောက်ကတော့ လုံလောက်တဲ့အနေအထားရှိတယ်၊ အဓိက ပြန်လည်ထူထောင်ရေးလုပ်ဖို့ လိုအပ်နေတယ်၊ ပျက်စီးသွားတဲ့ စာသင်ကျောင်းတွေ ကလေးတွေရဲ့ ကျောင်းဝတ်စုံ၊ စာအုပ်၊ စာရေးကိရိယာ နောက် ကျန်းမာရေးအပိုင်း လမ်းပန်းဆက်သွယ်ရေးအပိုင်း အဲဒါတွေ အများကြီးလိုအပ်နေသေးတယ်” ဟု ပြောသည်။

အလှူရှင်များအနေဖြင့်လည်း လက်ရှိအနေအထားအရ စားနစ်ရိက္ခာထက် ပြန်လည်ထူထောင်ရေးအတွက် လှူဒါန်းမှုများ ပြုလုပ်ပါက ပိုမိုအကျိုးရှိမည်ဟု အဆိုပါ တိုင်းရင်းသားရေးရာဝန်ကြီး စောအောင်မြင့်ခိုင်က ဆက်ပြောသည်။

ထို့အတူ ရေးမြို့ နယ်တွင်လည်း ပြန်လည်ထူထောင်ရေးအတွက်သာ အကူအညီလိုအပ်နေကြောင်း ပြည်လည်ထူထောင်ရေးအတွက် ကူညီပေးစေလိုကြောင်းဒေသခံများက ပြောသည်။

ရေရှည်ဖြေရှင်းဆောင်ရွက်ရမည့် ပြန်လည်ထူထောင်ရေးအပိုင်းနှင့် ပတ်သက်ပြီး အချိန်ယူဆောင်ရွက်မည့်ကိစ္စ ဖြစ်သည့်အတွက် အသေးစိတ်စီမံဆောင်ရွက်နေကြောင်း ထို့အတွက်လည်း ဘဏ္ဍာရန်ပုံငွေ လိုအပ်ကြောင်း ရန်ပုံငွေရှိမှသာ အဆင်ပြေစွာ ဆောင်ရွက်နိုင်မည်ဟုလည်း ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောသည်။

မွန်ပြည်နယ်အတွင်း ဖြစ်ခဲ့သည့် ရေကြီးနစ်မြုပ်မှုကြောင့် အကြမ်းဖျင်းကောက်ထားသည့်စာရင်းအရ ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်သိန်းပေါင်း ၁၂၀၀၀ ကျော်ရှိပြီး အသေးစိတ်ကို စာရင်းပြုစုနေဆဲဖြစ်သည့်အတွက် ဆုံးရှုံးမှုတန်ဖိုး ယင်းပမာဏထက် ပိုမိုများလာနိုင်ကြောင်း ပြည်နယ်အစိုးရက ပြောသည်။