အစိုးရက NCA ထိုးအဖွ့ဲများအား အချက် ၄ ရပ်ပါ အဆိုပြုချက်ပေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ သြဂုတ် ၂၁ ရက်။
NCA အကောင်အထည်ဖော်မှုဆိုင်ရာ လုပ်ငန်းစဉ်များအပါအဝင် အချက် ၄ ချက် ပါရှိသည့် အဆိုပြုချက်များကို အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များက အပစ်ရပ်ထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများထံ တင်ပြခဲ့သည်။
အစိုးရဖက်မှ အပစ်ရပ်ထားသည့် တိုင်းရင်းသား လက်နက်ကို တော်လှန်ရေး အဖွဲ့အစည်းများထံ အဆိုပြုတင် ပြဆွေးနွေးလာသည့် အကြောင်းအရာများမှာ NCA အကောင်အထည်မှုဆိုင်ရာ ကိစ္စရပ်များ၊ ၂၀၂၀ မတိုင်ခင် နှင့် ၂၀၂၀ ပြီးနောက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ကိစ္စရပ်များ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ် အခြေခံမူရေးဆွဲရေး ကိစ္စရပ်များနှင့် NCA ထိုးပြီး နောက်ပိုင်း ကြားကာလဆိုင်ရာ ကိစ္စရပ်တို့ ဖြစ်သည်။
သြဂုတ်လ ၁၉ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြိုတွင် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များနှင့် အပစ်ရပ်ထားသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း ၁၀ ဖွဲ့တို့ တွေ့ဆုံခဲ့ကြပြီး ၎င်း အချက် ၄ ချက်ကို ထည့်သွင်းဆွေေးနွးခဲ့ကြသည်ဟု နိုင်ငံတော် သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောသည်။
“နံပါတ်တစ် ကျနော်တို့ အဆိုပြုချက် ၄ ချက်ကို သူတို့ ဆွေးနွေ းထားတယ်။ ဆွေးနွေးထားတဲ့ အပေါ်မှာ သူတို့ အတွင်းမှာ နားလည်မှုတွေ မရှင်းလင်းတာတွေရှိတယ် အဲဒီမရှင်း လင်းတာတွေကို ကျနော်တို့က ပြန်ပြီးရှင်း လင်းပေးတယ်” ဟုပြောသည်။ “နံပါတ်နှစ် အဲဒီဟာကိုလည်း ကျနော်တို့က အစိုးရမှာ အဆိုပြုချက် ဒီဟာတွေ PPST မှာ ဆွေးနွေးရင် ဘယ်ပုံစံဆွေးနွေး ဆွေးနွေးတဲ့ အခါကျ ရင်ပေါ့နော်။ ပြီးသွားပြီဆိုရင်တော့ ကျနော်တို့ သဘောတူညီချက်တစ်ခုရပြီ ဆုံးဖြတ်ချက်ချပြီဆိုရင် ကျနော်တို့ ဘယ်လိုပြန် စကြမလဲဆိုတဲ့ဟာပေါ့နော် ဒါကိုကျနော်တို့က အဆိုပြုတယ်။”
အဆိုပါ အချက်များကို ပြီးခဲ့ ဇူလလိုင် ၁၃ ရက်နေ့က ပြုလုပ်ခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အတွင်းရေးမှူး အလွတ်သဘော အစည်းအဝေးတွင် အစိုးရဖက်မှ အဆိုပြုတင်ပြလာခြင်းဖြစ်ပြီး အပစ်ရပ်အဖွဲ့အစည်းများကြားတွင် ဆွေးနွေးထားကြသည်ဟု ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောသည်။
“အခုဟာက အစိုးရဖက်က အဆိုပြုထားတဲ့ အဆိုပြုချက်ကတော့ သူက အစိုးရကနေ ဒါကအသစ်ထွင်ပြီးတော့ အဆိုပြုတာ မဟုတ်ပါဘူး။ ကျနော်တို့ ဒီတိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေက ပြောထားတဲ့ အဆိုပြုချက်တွေပေါ့လေ ဥပမာ ကျနော်တို့ KNU တို့ကလည်းသွားပြီးတော့ ပြောခဲ့တာရှိတယ် ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေက ပြောခဲ့တာတွေရှိတယ်။ အဲပြောခဲ့တဲ့ ဖြစ်ချင်တဲ့ဟာတွေကို သူတို့ဖက်ကလည်း သူတို့ပြန်ပြီးတော့ အစီအစဉ်တကျ ပြန်ဆွဲပြီးတော့ ပြန်ပြီး အဆိုပြုတာ ဖြစ်ပါတယ်” ဟု ပြောသည်။
အစိုးရမှ အဆိုပြုတင်ပြလာသည့် အချက် ၄ ချက်ကို သြဂုတ်လ ၂၁ ရက် ယနေ့တွင် ကျင်းပပြုလုပ်နေသည့် NCA လက်မှတ်ရေးထိုးထားသည့် အပစ်ရပ် အဖွဲ့များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်း အဝေးတွင် ထည့်သွင်းဆွေးနွေးမည်ဖြစ်သည်ဟု ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီး စိုင်းငင်းက ပြောသည်။
“မနက်ဖြန်ကျင်းပမယ့် PPST အစည်းအဝေးမှာပဲ ခုနပြောတဲ့ အစိုးရဖက်က အဆိုပြုတဲ့ အပိုင်းတွေရော ခုနကျန်တဲ့ ဒီ UPC ကျင်းပလိုတဲ့ အနေအထားရော နောက်တစ်ခါ ကျနော်တို့ EAOs ဖက်ကလည်း တစ်ဆို့နေတဲ့ ကိစ္စတွေ ကျော်လွှားနိုင်ဖို့ ကျနော်တို့ အလုပ်အဖွဲ့တွေ လုပ်ထားတာကိုး လုပ်ထားတဲ့ ရလာတဲ့ ရလာဒ်ကို ဒီ PPST အစည်းအဝေးမှာ တင်ပြမှာကိုး တင်ပြပြီးမှ အဲမှာ PPST ထဲကနေ အတည်ပြုချက်ပေးမယ်ဆိုရင်။”
ထို့အပြင် အစိုးရဖက်က အဆိုပြုတင်ပြလာသည့် အချက်များကို PPST အစည်းအဝေးတွင် ဆွေးနွေးအတည်ပြုချက်ရယူနိုင်ပါက အစိုးရဆွေးနွေးဖက်များနှင့် ဆွေးနွေးရန် အလုပ်အဖွဲ့ တစ်ခုဖွဲ့စည်းရန်ရှိသည်ဟု ဗိုလ်မှူးကြီး စိုင်းငင်းက ဆက်ပြောသည်။
“အဲဒီကနေ တစ်ဆင့် ခုနက ဆရာဇော်ဌေးပြောသလိုပဲ ကျနော်တို့က ဆွေးနွေး ညှိနှိုင်းရေးအဖွဲ့ပေါ့နော် ဒါမှမဟုတ် အလုပ်အဖွဲ့တစ်ခုက ကျနော်တို့ ဖွဲ့ဖို့ရှိတယ်။ အဲဒါဖွဲ့ပြီး အစိုးရနဲ့ တစ်ဖက်က အစိုးရညှိနှိုင်းရေးအဖွဲ့နဲ့ ကျနော်တို့ တွေ့ဆုံဆွေးနွေးမယ်။ အစိုးရဖက်က အဆိုပြုတဲ့ လေးချက်ကော ကျနော်တို့ဖက်က လုပ်လိုတဲ့ အချက်တွေလည်းရှိတယ် အဲဒါပြန်ညှိကြမယ်။ အဲကနေတစ်ဆင့်ပြီးတစ်ဆင့်ပေါ့ တရားဝင်လမ်းကြောင်းပြန် ဦးတည်တဲ့ အခင်းအကျင်းလေးဖြစ်အောင်တော့ အခုကျနော်တို့ဖက်က လုပ်ဖို့ရှိတယ်ဆိုတဲ့အကြောင်း အဲဒါပါ။”
NCA အပစ်ရပ်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် သြဂုတ်လ ၂၁ ရက်မှ ၂၄ ရက်နေ့အထိ ၄ ရက်တာ ကျင်းပပြုလုပ်မည်ဖြစ်ပြီး အစည်းအဝေးသို့ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက် နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်နေကြသည်။
NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှာ ကရင်အမျိုးသား အစည်း အရုံး KNU ၊ ချင်းအမျိုးသားတပ်ဦး CNF ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး ABSDF ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC ၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချူပ် PNLO၊ ရခိုင် ပြည်လွတ်မြောက်ရေးပါတီ ALP ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS ၊ ကရင်အမျိုးသား ဒီမို ရေစီအကျိုးပြုတပ်မတော် DKBA ၊ မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU တို့ ဖြစ်သည်။