ပြည်သူ့စစ်ခေါင်းဆောင်နှင့် ဇနီး ပစ်ခတ် သတ်ဖြတ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်။
ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့နယ်အတွင်း ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးနေအိမ် ပစ်ခတ်ခံခဲ့ရပြီး ဌာနေပြည်သူ့ စစ်ခေါင်းဆောင် နှင့် ၎င်း၏ ဇနီး သေဆုံးသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။
လားရှိုးမြို့နယ်၊ မိုင်းယန်းကျေးရွာအုပ်စု၊ မိုင်းကောင်းကျေးရွာရှိ မိုင်းယန်းဌာနေ ပြည်သူ့စစ် ခေါင်းဆောင် နေအိမ်အား သြဂုတ်လ ၂၀ ရက်နေ့ (ယမန်နေ့) ည ၈ နာရီခွဲအချိန်ခန့် က လက်နက်ကိုင်လူတစ်ခုမှ ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။
လားရှိုးအခြေဆိုက် သျှမ်းလူငယ်ကွန်ရက် TYO က တာဝန်ရှိသူတစ်ဦးက “မနေ့ည ၈ နာရီလောက်ပေါ့၊ လင်ရော မယားရော သေသွားတယ်။ မိုင်းယန်းဌာနေပြည်သူ့စစ်ခေါင်းပါ။ အလောင်းကတော့ လူမှုကူညီရေး အသင်းအဖွဲ့ တွေပဲ ဒီမနက်က သွားသယ်ကြတယ်။ လားရှိုးမြို့နယ်ထဲက မိုင်းယန်းမှာဖြစ်တာပါ” ဟုပြောသည်။
သေဆုံးသွားသူနှစ်ဦးမှာ မိုင်းယန်းဌာနေပြည်သူ့စစ်ခေါင်းဆောင် ဦးဝင်းမောင်နှင့် ဇနီး ဒေါ်အေးမြ တို့ ဖြစ်ကြသည်။
မိုင်းယန်းဌာနေပြည်သူ့စစ်နေအိမ်အား လက်နက်ကိုင်လူတစ်စုက ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး နေအိမ်၊ ကား တစ်စီးနှင့် ဆိုင်ကယ်တစ်စီးအားလည်း မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံများ က ပြောသည်။ ထို့အပြင် နေအိမ်ပတ်ဝန်းကျင်တွင်လည်း မပေါက်ကွဲသေးသည့် လက်ပစ်ဗုံးနှင့် ကျည်ဆံအချို့အား တွေ့ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။
အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “ပစ်သွားတာက တိုင်းရင်းသား လက်နက်ကိုင်ဘက်ကလို့ထင်တယ်။ ထင်တာပြောတာနော်။ သတင်းအတိ အကျတော့ မရသေးဘူး။ ပြည်သူ့စစ်ဆိုတာကြီးက အစိုးရတပ်မတော်က နေ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုလေ။ နောက်တစ်ခုက ဒီမြောက်ပိုင်းအဖွဲ့ကလည်း ကြေညာချက်တစ်ခု ထုတ်ထားတာကိုး။ လုံးဝဝင်မပါဖို့ပေါ့” ဟု ပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွ့ဲမှ အဖွဲ့ဝင်တစ်ဖွဲ့ ဖြစ်သည့် PSLF/TNLA- တအန်း(ပလောင်) သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော် က “ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှတော့ မသိရသေးဘူး” ဟု ပြောသည်။
အဆိုပါပစ်ခတ်မှုသည် ညီနောင်မဟာမိတ် (၃) ဖွဲ့၏ တိုက်ပွဲဖြစ်ပွားရာကာလအတွင်း ရှေ့တန်းစစ်မြေပြင်တွင် လှုပ်ရှားသွားလာနေကြသည့် မြန်မာစစ်တပ်၊ မြန်မာရဲတပ်ဖွဲ့နှင့် ပြည်သူ့စစ်ဘက်တံဆိပ်တပ် ယူနီဖောင်း ဝတ်ဆင်ထားသူများအား မြန်မာစစ်တပ်၏ အရံအင်အားများအဖြစ် သတ်မှတ်ကာ မိမိကိုယ်ကိုခုခံကာကွယ်သောအားဖြင့် တုံ့ပြန်တိုက်ခိုက်သွားမည်ဟု ထုတ်ပြန်ပြီးနောက် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ရှမ်းမြောက်ဒေသတွင် ယခုရက်ပိုင်းဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း မြန်မာစစ်တပ်သည် ဒေသခံဌာနေ ပြည်သူ့စစ်များအသွင်ယူကာ ညီနောင်မဟာမိတ်များအား တန်ပြန်ထိုးစစ်ဆင်မှုများ ပြုလုပ်နေကြောင်း၊ ဌာနေ ပြည်သူ့စစ် ဘက်တံဆိပ်များကို ပုံပြောင်းဝတ်ဆင် အကာအကွယ်ယူပြီး ရှေ့တန်းတွင် လှုပ်ရှားနေကြောင်း၊ ထို့ကြောင့် တန်ပြန်ထိုးစစ်များ ပြုလုပ်သွားမည်ဖြစ်ကြောင်း ညီနောင်မဟာမိတ် (၃) ဖွဲ့ ထုတ်ပြန်ထားသည်။
တိုက်ပွဲဖြစ်ပွားနေသည့်ဒေသများအတွင်းရှိ ဌာနေပြည်သူ့စစ်များအနေဖြင့် တိုက်ပွဲများအတွင်း ပါဝင်ခြင်းမပြုဘဲ မိမိတို့နေရာများတွင် သာနေထိုင်ရန်၊ မြန်မာစစ်တပ်နှင့် ပူးပေါင်းနေထိုင်ခြင်းမပြုရန် ၊ ပူပေါင်းလှုပ်ရှားနေသူများအား အခြေအနေနှင့် စစ်ရေးလိုအပ်ချက်အရ စစ်ရေးနည်းဖြင့် တုံ့ပြန်သွားမည်ဟု သြဂုတ်လ ၁၂ ရက်နေ့ ညီနောင်မဟာမိတ် (၃) ဖွဲ့က ထုတ်ပြန်ထားသည်။
ညီနောင်မဟာမိတ် (၃) ဖွဲ့ မှာ တအန်း(ပလောင်) အမျိုးသားလွတ် မြောက်ရေး တပ်မတော် PSLF/TNLA ရက္ခိုင့်တပ်တော် ULA/AA၊ မြန်မာအမျိုးသားများ ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNTJP/ MNDAA- ကိုးကန့်အဖွဲ့) အဖွဲ့တို့ ဖြစ်သည်။