ကူညီမှု မရသော ရခိုင် စစ်ရှောင် ထောင်ချီ ရှိနေကြောင်း အရပ်ဘက်အဖွဲ့များ ပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်။
ရခိုင်ပြည်နယ်အတွင်းက စစ်ရေးပဋိပက္ခများကြောင့် စစ်ဘေးဒုက္ခသည် ၆ သောင်းကျော် ရှိနေပြီး အချို့မြို့နယ်များတွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် အကူအညီများ အထူးလိုအပ်နေသည်ဟု ဒေသခံများနှင့် အရပ်ဘက်လူမှုအဖွဲ့ အစည်းများက ပြောသည်။
ပုဏ္ဏားကျွန်းတွင် လူဦးရေ ၁ ထောင်ကျော်၊ မြောက်ဦးတွင် ၃ ထောင်ကျော်ခန့်နှင့် ဘူးသီးတောင်၊ မောင်တောမြို့နယ်များရှိ စစ်ဘေးရှောင်များမှာ ကူညီကယ်ဆယ်မှု မရောက်သည့်အတွက် အရေးပေါ်အကူအညီများ လိုအပ်နေသည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) က ပြောသည်။
“ပုဏ္ဏားကျွန်းမြို့နယ်ရဲ့ တောဖျားချောင်းမှာရှိတဲ့ ဖားကြွယ်တို့၊ အထက်မြတ်လဲှတို့ အဲ့လိုနေမျိုးတွေပေါ့၊ နောက်တစ်ခါ မြောက်ဦးမြို့နယ် လေးမြို့ မြစ်ရဲ့အဖျားပိုင်းမှာရှိတဲ့ စင်းဘော်ကိုင်းတို့၊ ချော်မီတို့ပေါ့လေ အဲ့လိုနေရာတွေ၊ နောက်တစ်ခါ မေယုမြစ်ရဲ့ အရှေ့ဘက်ကမ်း ဘူးသီးတောင်၊ မောင်တော ကားလမ်း ဖောက်နေတဲ့နေရာ အစပ်ပေါ့နော် အဲ့ဒီကားလမ်းမမှာ ရှိတဲ့နေရာတွေပေါ့၊ အဲ့ဒီကားလမ်းမမှာက မိုးတွင်းဆိုတော့ လုံးဝသွားလို့မရဘူးလေ၊ ရေလမ်းကလည်း တပ်ကပိတ်ထားပါတယ်။ အဲ့ဒီနေရာမှာရှိတဲ့စခန်းတွေက တော်တော်ဒုက္ခ ရောက်ကြပါတယ်” ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး REC အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ပြောသည်။
လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေသည့် မြို့နယ်များမှာ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ မောင်တောနှင့် မြောက်ဦးမြို့နယ်အတွင်းရှိ နေရာအချို့တို့ဖြစ်ပြီး ၎င်းမြို့နယ်များတွင် အရေးပေါ် အကူအညီများ လိုအပ်နေသည်ဟု သိရသည်။
ဘူးသီးတောင်မြို့နယ်အတွင်း စေတီတောင်၊ ခွဆုံ၊ ရန်မြေအောင်၊ ပြိန်းချောင်းရွာဟောင်း၊ ကြာညိုပြင် အစရှိသည့် စစ်ရှောင်စခန်းများတွင် ၂၃၅၇ ခု ဦးရှိပြီး၊ မောင်တောမြို့နယ်ထဲတွင် ၃ မိုင် သီဟိုဠ်ခြံနှင့် သစ်တုံးနားခွဆုံတို့တွင် စစ်ဘေးရှောင် ၆၃၂ ဦး ရှိသည်။
“တပ်မတော်စစ်ကြောင်းကလည်း ရှိနေမယ် တပ်မတော်စစ်ကြောင်းလှုပ်ရှားမှုတွေလည်း ရှိနေမယ်၊ နောက်မြို့ပြနဲ့ အလှမ်းဝေးတဲ့နေရာမှ၊ သွားလာခက်ခဲတဲ့နေရာမှာ ရှိနေတာတွေကတော့ အဲ့ဒီနေရာတွေက ပိုပြီးတော့ အကြပ်အတည်းကြုံကြပါတယ်။”
မြို့ပြနှင့်နီးစပ်သည့် နေရာများ၊ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေသည့်နေရများရှိ စစ်ဘေးရှောင်များအားလည်း အစိုးရမဟုတ်သည့် အရပ်ဘက်အဖွဲ့အစည်းများက သာ ရိက္ခာနှင့် အရေးပေါ်လိုအပ်မှုများအား ကူညီပံံ့ပိုးပေးနေခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) ၏ စာရင်းများအရ စခန်းပြင်ပရှိ စစ်ရှောင်ဦးရေ ၃၈၈၅၁ ဦး၊ စခန်းရောက် စစ်ရှောင်ဦးရေ ၂၂၂၄၂ ရှိပြီး စုစုပေါင်း ၆၁၀၉၃ က စစ်ဘေးရှောင်နေကြရသည်ဟု သြဂုတ်လ ၁၈ ရက်နေ့က ထုတ်ပြန်ထားသည်။
မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က “တိုက်ပွဲဖြစ်တာလား ဘာလားတော့ နားမလည်ဘူး။ ကျနော်တို့ မင်းပြား ကျိန်းတောင်က တပ်က လက်နက်ကြီးကတော့ နေ့တိုင်းလိုလို ပစ်နေတာ။ ကျိန်းတောင်ခြေရင်းမှာရှိတဲ့ တပ်က ပစ်နေတာလေ။ ပိတ်မိနေတဲ့သူတွေလည်း အများကြီးရှိတယ်။ သွားခေါ်လို့လည်းမရ။ ထွက်လာလို့လည်းမရ၊ လူပေါင်း ၃-၄ ထောင်လောက်ကို ရှိသေးတာ။ လမ်းတွေကလည်း ပိတ်ထားတယ်။ ကျနော်တို့ဒါက လူ့အခွင့်အရေးချိုုးဖောက်ခံနေရတယ်လို့ပဲ ပြောချင်တယ်။ ကျနော်တို့ ပြည်သူတွေကို အမြန်ဆုံးဘေးလွတ်ရာကို သွားခွင့်ပေးပါလို့ တောင်းဆိုချင်ပါတယ်” ဟု ပြောသည်။
ယခုလအတွင်း စစ်ဘေး ရှောင်စခန်းတွေကို ရောက်မလာပဲ နီးစပ်ရာများတွင် ခိုလှုံရသူ၊ အကြိမ်ကြိမ်ထပ်မံ ထွက်ပြေးနေရသူများ ပိုမိုများပြားသည်ဟု ဒေသခံများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများက ပြောသည်။
“စခန်းကိုရောက်လာတဲ့ ဒုက္ခသည်တွေထက် စစ်ကြောင်းတွေ ဝင်ရောက်ရှင်းလင်းမှု တားဆီးမှုတွေလုပ်လို့ ထပ်မံထွက်ပြေးရတဲ့ စစ်ရှောင်တွေကလည်း ပိုများလာတယ်။ သူတို့က ရွာကတွေကနေ တခြားရွာတွေကို ပြေး ရတာပေါ့နော်။ အဲ့လိုမျိုးခဏခဏကြုံရပါတယ်။ ဒီမှာတော့ ပိုထူးခြားတာပေါ့နော်။ ဒီမှာက စစ်ကြောင်း တစ်ခု ဝင်လာတယ်၊ရွာမှာ ဖမ်းဆီးစစ်ဆေးတာတွေလုပ်တယ်၊ အဲ့တော့ ကြောက်ပြီးထွက် ပြေးကြတယ်။ နောက်ထပ်တစ်ရွာကို စစ်ကြောင်းကပြန်ဝင်လာတယ်။ ထပ်ပြီးထွက်ပြေးရတယ်။ အဲ့လိုမျိုး အကြိမ်ကြိမ် ထွက်ပြေးရတဲ့ ဒုက္ခသည်တွေ ပိုများပါတယ်” ဟု REC က ကိုဇော်ဇော်ထွန်းက ပြောသည်။
စစ်ရှောင်စခန်းများသို့ ရောက်ရှိလာကြသည့် စစ်ဘေးရှောင်များအတွက် လိုအပ်သည့် အကူအညီများ တတ်နိုင်သည့်ဘက်က ကူညီပံံ့ပိုးပေးနိုင်သော်လည်း အထက်ပါစစ်ရှောင်များအတွက် အကူအညီပေးရန်လည်း အခက်အခဲများရှိသည်ဟု ကိုဇော်ဇော်ထွန်း က ဆက်ပြောသည်။
“စခန်းတွေကိုရောက်နေတဲ့ဒုက္ခသည်တွေနဲ့စာရင် ပိုပြီးတော့ ဒုက္ခရောက်နေကြပါတယ်။ သူတို့မှာက ဟိုပြေးဒီ ပြေးပြေးနေရတော့ ဘာမှ ကူညီထောက်ပံ့မှုတွေလည်းမရှိဘူး။ ကူညီထောက်ပံ့ဖို့လည်း အဆင်မပြေဘူးပေါ့။ နောက်ပြီး တခြားမိသားစုတွေဆီမှာ ခိုကပ်ပြီးနေရတော့ ဖြစ်သလိုစား၊ ဖြစ်သလိုနေနေရတယ်ပေါ့နော်။ စခန်းမှာရှိတဲ့ဒုက္ခသည်တွေနဲ့စာရင် သူတို့က ပိုပြီးဒုက္ခဖြစ်နေကြပါတယ်။ ပိုပြီးတော့ ဒုက္ခတွေ့နေရတဲ့နေရာတွေကို ပြောမယ်ဆိုရင်တော့ ရသေ့တောင်မြို့နယ်ရယ်၊ မင်းပြားမြို့နယ်မှာက ပိုပြီးတော့ ဒီလိုမျိုး ဒုက္ခသည်တွေ ပိုပြီးတွေ့လာရပါတယ်။”
ရခိုင်ပြည်နယ်အတွင်း စစ်ရေးအခြေနေများနှင့် ပတ်သက်၍ ULA/AA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ခိုင်သုခက “စစ်ရေးလှုပ်ရှားမှုကတော့ ဗမာစစ်တပ်ဖက်ကနေ ထိုးစစ်တွေ အပြင်းအထန်လုပ်နေတာရှိတယ်။ အဲဒီမှာ သူတို့ ကြည်းကြောင်းကရော ရေကြောင်းကရော လက်နက်အင်အားလူအင်အားတွေ ထပ်ဖြည့်ပြီးတော့မှ အရင်ထက်ပိုပြီး ပြင်းပြင်းထန်ထန် လုပ်နေတာပေါ့ အထူးသဖြင့် မင်းပြားမြို့နယ်ထဲမှာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ် နေတာရှိတယ် နောက်ပြီးတော့ ကျောက်တော်ဖက်ရယ် နောက် မြောက်ဦးပေါ့ နောက်ပြီးတော့ ဘူးသီးတောင် ရယ် ရသေ့တောင် ပုဏ္ဏားကျွန်းပေါ့နော်။ နောက်ပြီးတော့ ဒီပလက်၀ မြို့နယ်ထဲမှာလည်း သူတို့ထိုးစစ်လုပ်နေတဲ့ ဥစ္စာက တစ်လနီးပါးလောက်ရှိနေပြီ။ တိုက်ပွဲက နေ့စဉ်ရက်ဆက် အပြင်းအထန်ဖြစ်နေတဲ့ ဥစ္စာတွေရှိနေတယ်” ဟု ပြောသည်။
သြဂုတ်လ ၁၉၊ ၂၀ ရက်နေ့တို့အတွင် ရခိုင်ပြည်နယ်အတွင်းရှိ မင်းပြား၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း တို့ တပ်မ တော်နှင့် ရက္ခိုင့်တပ်တော်(ULA/AA) တို့အကြား တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေပြီး အခြားသော မြို့နယ်များဖြစ်သည့် မြောက်ဦး၊ ကျောက်တော်၊ စစ်တွေ၊ ရသေ့တောင်၊ မောင်တော၊ မြေပုံမြို့ နယ်တို့တွင်လည်း နှစ်ဖက် ကြား စစ်ရေးတင်းမာလျှက်ရှိသည်။