ရခိုင်မြောက်ပိုင်း တိုက်ခိုက်ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွား

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ သြဂုတ် ၂၁ ရက်။

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်အတွင်း မိုင်းပေါက်ကွဲမှုများ၊ နေအိမ်ပေါ် လက်နက်ကြီးကျည်ကျခဲ့ခြင်းများ ဆက်တိုက်ဖြစ်ပွားနေပြီး ပုဏ္ဏားကျွန်းမြို့နယ်တွင်လည်း ရဲတပ်ဖွဲ့ယာဉ်တန်း တိုက်ခိုက်ခံရမှုများ ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

သြဂုတ်လ ၂၀ ရက်နေ့ က ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ရဲတပ်ဖွဲ့ယာဉ်တန်းတို်က်ခိုက်ခံရခဲ့ပြီး တစ်ဦးသေ၊ ၄ ဦး ထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ်တွင်လည်း ရဲတပ်ဖွဲ့ယာဉ်တန်း တိုက်ခိုက်ခဲ့နှင့် ပတ်သက်၍ ကျောက်တော်မြို့ ဒေသခံတစ်ဦး က “သူက ကျောက်တော်မြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်မှာ ဖြစ်တာပါ။ နယ်စပ်မှာဖြစ်တာပါ။ ပုဏ္ဏားကျွန်းမြို့နယ်ထဲမှာဖြစ်တာ။ ကျောက်တော် မြို့မှရွှေကျောင်းဓမ္မာရုံမှာမှာရှိတဲ့ ရဲတပ်ဖွဲ့တွေရဲ့ကားပေါ့၊ ကားလေးစီးပါ။ အဲ့ကထွက်သွားတဲ့ကားတွေပါ။ ဒီကျောက်တော်ရဲတပ်ရင်းကတော့မဟုတ်ဘူး။ အဲ့ဓမ္မာရုံမှာနေတဲ့ရဲတွေပါ။ တနေ့ကကျောက်တော်မှ မြို့နယ်ရဲတပ်ဖွဲ့မှူး တစ်ဦးဓါးထိုးခံရပြီး နောက်ပိုင်းဖြစ်တာ။ သေတာလည်းရှိတယ်၊ ဒဏ်ရာရတာလည်းရှိတယ်ပြောတယ်။ အတိအကျတော့မသိဘူး” ဟု ပြောသည်။

အဆိုပါတိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ တိုက်ခိုက်ခံရမှုမှာ မှန်ကန်ကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပြော ခွင့်ရ ဗိုလ်မှူးကြီးဝင်းဇော်ဦးကလည်း သတင်းမီဒီယာများအား ဖြေကြားထားသည်။

တချိန်တည်းမှာပင် သြဂုတ်လ ၂၀ ရက်နေ့က မင်းပြားမြို့နယ်အတွင်းရှိ တံခွန်တိုင်ကျေးရွာနှင့် ကုလားမတောင်ကျေးရွာအကြားတွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး ဆက်တိုက်ဆိုသလို လက်နက်ငယ်ပစ်ခတ်သံများ ကြားနေရေသောကြောင့် ဒေသခံများ ထိတ်လန့်ကာ ထွက်ပြေးနေကြရသည်ဟု ပြောသည်။

မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က “အဲ့ဒီဘက်က ဒေသခံတွေက ဖုန်းဆက်အကြောင်းကြားလာတယ်။ ဗုံးတွေပေါက်တယ်။ ပြီးတော့ စစ်တပ်ဘက်က ပစ်ခတ်မှုတွေ လုပ်နေတယ်ဆိုပြီး ဒေသခံတွေက ကျနော့်ကို ပြောလာပါတယ်။ အခုက အဲ့ဒီနားမှာ စစ်တပ်က ဝင်လာပြီး လူအဝင်အထွက်တွေ၊ အိမ်ထောင်စုစာရင်းတွေ စစ်ဆေးတာမျိုးတွေလုပ်တယ်လို့လည်း သတင်းရထားတယ်။ အခုတော့ ရွာသား တွေလည်း မသွားရဲမလာရဲ အခက်အခဲဖြစ်နေရတယ်” ဟု ပြောသည်။

မင်းပြားမြို့နယ်အတွင်း သြဂုတ်လ ၁၉ ရက်နေ့က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ပြီး တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု မင်းပြားဒေသခံများနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။

မင်းပြားမြို့ ရှိ ကျန်းရိပ်ကရုဏာဖောင်ဒေးရှင်းအဖွဲ့ ဦးသိန်းထွန်းက “ဒီမင်းပြားမြို့ ဆင်ကြီးပြင်တောင်ကျော်လမ်း ဘုန်းကြီးကျောင်းနားမှာ ကျတာပါ။ အဲ့ဒီမှာ အိမ်လေးငါးခြောက်ဆောင် ခုနှစ်ဆောင်ရှိတယ်။ အဲ့ဒါ ၁၉ ရက်နေ့ ညကပေါ့ဗျာ စစ်တပ်က ပစ်လို့ကျတယ်ဆိုပြီး သူ့ယောက်ကျားပေါ့ သူက ဆုံးသွားတယ်။ မိန်းမကတော့ ဒဏ်ရာ ရတယ်။ မိန်းမကိုတော့ မင်းပြားဆေးရုံမှာ အရေးပေါ်လူနာ တင်ထားရတယ်” ဟု ပြောသည်။

သေဆုံးသူမှာ ရသေ့တော်မြို့နယ် တပ်မတော် တပ်ရင်း ၅၃၇ တပ်ရင်းမှ တပ်ကြပ်ကြီးတစ်ဦးဖြစ်သည်ဟု ဒေသခံများက ပြောသည်။ နေအိမ်အတွင်းအိပ်နေစဉ် ကျိန်းတောင်ပေါ်မှာ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ခဲ့ခြင်းဖြစ်ပြီး တပ်ကြပ်ကြီး ဦးလှထွန်း ဒေသဆုံးကာ ဇနီးဖြစ်သူ ဒေါ်သန်းသန်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများ စစ်ရေးတင်းမာမှုများနှင့် ပတ်သက်၍ ရက္ခိုင့်တပ်တော် (ULA/AA) ပြန်ကြား ရေးတာဝန်ခံ ခိုင်သုခ က ဘူးသီးတောင်မြို့နယ်၊ မင်းပြားမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ခဲ့သည်ဟု အတည်ပြုပြောသည်။

သြဂုတ်လ ၂၀ ရက်နေ့ က မင်းပြားမြို့နယ် ကုလားမတောင်၊ အောင်တိုင်ကျေးရွာနှင့် ရွှေတမာကျေးရွာအပြင် ဘူးသီးတောင်မြို့နယ်အတွင်းရှိ ဂေါင်းတိုင်ကျေးရွာတို့တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ULA/AA က ထုတ်ပြန်ထားသည်။

ထို့အပြင် သြဂုတ်လ ၁၉ ရက်နေ့ကလည်း မင်းပြားမြို့နယ် ရွှေကျင်ကျေးရွာနှင့် သာစည်ကျေးရွာအကြားတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု ထုတ်ပြန်ထားသည်။

အလားတူ မြောက်ပိုင်းညီနောင်မဟာ (၃) ဖွဲ့ ဖြစ်သည့် MNTJP/MNDAA- ကိုးကန့်၊ PSLF/TNLA-တအန်း (ပလောင်)၊ ULA/AA တို့အကြား ရှမ်းမြောက်ဒေသတွင် တိုက်ပွဲများပြင်းထန်လျှက်ရှိပြီး ၅ ရက်တွင်း တိုက်ပွဲ အကြိမ်ရေ ၄၀ ခန့် ဖြစ်ပွားခဲ့သည်ဟု မြောက်ပိုင်းအဖွဲ့တာဝန်ရှိသူများက ပြောသည်။