ရှမ်းမြောက်တိုက်ပွဲများဆက်ဖြစ်၊ သေကြေဒဏ်ရာရသူများရှိ၊ အရပ်သားများ ထပ်မံတိမ်းရှောင်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၂၄ ရက်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ သိန္နီနှင့် ကွတ်ခိုင်မြို့နယ်များအတွင်း တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့ အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ကျေးရွာများအတွင်း လက်နက်ကြီးကျည်များ ကျရောက်ခဲ့သည့်အတွက် ရွာသားအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒေသခံများ ထပ်မံထွက်ပြေးနေကြရသည်။

ယမန်နေ့က တိုက်ပွဲ ၆ ကြိမ်ခန့်ဖြစ်ပွားခဲ့သည်ဟု မဟာမိတ်ညီနောင် ၃ ဖွဲ့မှ ပြောပြီး ပြည်သူ့စစ်တစ်ဦး သေဆုံးကာ အရပ်သား ၃ ဦးဒဏ်ရာရခဲ့ပြီး ကွတ်ခိုင်မြို့နယ်အတွင်း ရွာသား ၃၅၀ ခန့်ထွက်ပြေး တိမ်ရှောင်ခဲ့သည်ဟု လူမှုရေး အဖွဲ့များက ပြောသည်။

သိန္နီ ရေပူအမြဲတမ်း ပူးပေါင်းစစ်ဆေးရေးဂိတ်အနီး သြဂုတ်လ ၂၄ ရက်နေ့ (ယနေ့) နံနက်ပိုင်းက တိုက်ပွဲများ ဖြစ်ပွားခဲ့သည် ဟု ဒေသခံများက ပြောသည်။

“ဒီမနက်ပိုင်းကျတော့ လားရှိုးနဲ့ ကွတ်ခိုင်ကြားမှာ အဲဒီရေပူဂိတ်မှာ ပြန်ဖြစ်တယ်ပေါ့နော်။ ဆိုတော့ ခရီးသွားလာရေးကတော့ ခဏ ပြန်ရပ်တန့်နေတယ်။ အဓိကတော့ ကြားထဲမှာတော့ စစ်ရေးတင်းမာမှုကတော့ ရှိနေသေးတယ်ပေါ့နော်။ ဆိုတော့ နှစ်ဖက်တပ်က နီးနီးကပ်ကပ် ရှိနေတဲ့ အခါကျတော့ အဲဒီ ပတ်ဝန်းကျင်က ကျေးရွာတွေကတော့ တော်တော်ကိုစိုးရိမ်ကြောင့်ကြပြီးတော့မှ မြင်ရတဲ့ အနေအထားမှာ ရှိပါတယ်” ဟု ရှမ်း ပြည်နယ်မြောက်ပိုင်း လူသားချင်းစာနာထောက်ထားမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (HST-NSS) ပြောရေးဆို ခွင့်ရှိသူ ဦးဟောင်းဒေါင် က ပြောသည်။

ထို့အပြင် ယနေ့ နေ့လည်က ကွတ်ခိုင်နှင့် နမ့်ဖက်ကာကြား နမ့်ဖတ်လွန်ရွာအနီးတဝိုက် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနားတွင်လည်း သေနတ်သံများ၊ လက်နက်ကြီးပစ်ခတ်သံများ ကြားနေရသည်ဟု ဒေသခံများက ပြောသည်။

ယနေ့ဖြစ်ပွားသည့် လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်ပေါ်က တိုက်ပွဲအခြေအနေများနှင့် ပတ်သက်၍ “တိုက်ပွဲကတော့ ဒီနေ့မနက်က သိန္နီမြို့နယ်ထဲက ရေပူဂိတ်နားမှာ တစ်နေရာဖြစ်တယ်။ နောက် ထပ်တစ်နေရာကတော့ ကွတ်ခိုင်နားက ရေခဲတောင်နားမှာ တစ်ကြိမ်ဖြစ်တယ်။ လောလောဆယ်ကတော့ အဲ့ နေရာ ၂ ခုပဲရသေးတယ်။ ဒီ ၁၀၅ မိုင်နားက တိုက်ပွဲဖြစ်ပွားတာတော့ မရှိဘူး။ တပ်ဖက်က တပ်မ ၉၉ ပေါ့နော် လက်နက် ကြီးတွေနဲ့ လှမ်းပစ်တယ်။ သူက လုံခမ်ရွာက လှမ်းပစ်တယ်လု့ိကြားတယ်။ ၁၀၅ မိုင် နမ့်အွမ်နားမှာ တစ်နေရာ တစ်လုံးကျတယ်” ဟု တအန်း(ပလောင်) PSLF/TNLA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော် က ပြောသည်။

သိန္နီရေပူ ပူးပေါင်း စစ်ဆေးရေးဂိတ်အနီးဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း ပြည်သူ့စစ် တပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ သေဆုံးခဲ့သည်ဟု ဒေသခံများနှင့် ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့များက ပြောသည်။

ထို့အပြင် ယမန်နေ့ညက ဖြစ်ပွားခဲ့သည့် ကွတ်ခိုင်မြို့နယ် လွယ်ပယ်စုစည်းကျေးရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် ဒေသခံရွာသား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဦးဟောင်းဒေါင်က ဆက်ပြောသည်။

“ထိခိုက်ဒဏ်ရာရရှိတဲ့သူတွေက ဆေးရုံမှာ တင်ထားရတယ်။ ကျနော်တို့ ဒီလူမှု ကွန်ရက်အဖွဲ့အစည်းတွေလည်း ဝိုင်းကူကြတယ်။ အတတ်နိုင်ဆုံး ဝိုင်းကူကြတယ် ဆေးရုံတော့ ရောက်နေပြီပေါ့နော။ ၃ ဦး ဟုတ်တယ်ခင်ဗျာ။ လောလောဆယ်ကတော့ ဆေးရုံတင်ထားရတော့ ကျနော်တု့ိလည်း ဆေးပညာအရတော့ ပြောရခက်ပါ တယ်။”

လွယ်ပယ်စုစည်းကျေးရွာမှ အသက် ၁၀ နှစ်အရွယ် မအေးခေါန်၊ အသက် ၆၀ အရွယ် ဒေါ်အေးကမ်း နှင့် အသက် ၃၂ နှစ်အရွယ် ဦးအိုက်ကျိန် တို့ လက်နက်ကြီးစထမှန်ပြီး ကွတ်ခိုင်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရသည်ဟု ပြောသည်။

ကွတ်ခိုင်မြို့နယ်၊ လွယ်ပယ်စုစည်းကျေးရွာမှ ဒေသခံပြည်သူ ၃၅၀ ခန့် ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့များ၏ အကူအညီဖြင့် ယနေ့နံနက်ပိုင်းက ကွတ်ခိုင်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများတွင် ရောက်ရှိနေပြီဟု ကူညီ ကယ်ဆယ်ရေးလုပ်ဆောင်နေသူများက ပြောသည်။

တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့အကြား ယမန်နေ့က ကွတ်ခိုင်မြို့နယ်အတွင်း နေရာ ၆ နေရာခန့်တွင် တိုက်ပွဲများ တနေကုန်နီးပါးဖြစ်ပွားခဲ့သည်ဟု ဗိုလ်မှူးမိုင်းအိုက်ကျော် က ဆက်ပြောသည်။

“မနေ့ကတော့ တိုက်ပွဲ ကွတ်ခိုင်ရှု့ခင်းသာနားမှာတစ်ကြိမ် မနက် ၈ နာရီ ၉ နာရီလောက် နောက်ထပ် ၁၀ နာရီ ၁၁ ရီလောက်ပေါ့နော နမ့်ဟွေ့တောင်ပေါ့နော ကွတ်ခိုင်မြို့နယ်ထဲက နောက်ထပ်တစ်နေရာကတော့ နေ့လည် ၂ နာရီဝန်းကျင်မှာ နမ့်ခိုင်အထက် တောင်ပေါ်မှာတော့ တစ်ကြိမ်ဖြစ်တယ်။ နောက်တစ်နေရာကတော့ ကွတ်ခိုင် အနီးပေါ့နော တစ်ကြိမ်ဖြစ်တယ်။ နောက်ညနေ မိုးချုပ်ခါနီးကတော့ မန်လွယ်နားမှာ ဖြစ်တယ် အားလုံးပေါင်းက ၆ နေရာလောက်ဖြစ်တာပေါ့။”

လားရှိုး-မူဆယ် ပြည်ထောင်စု လမ်းမကြီးတလျှောက်ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် လမ်းပိုင်းအချို့ တွင် ခရီးသည်များ၊ ကားများ၊ ကုန်တင်ကားများ ပိတ်မိနေပြီး နေ့စဉ်နှင့်အမျှ ဒေသခံပြည်သူများလည်း စစ်ဘေးလွတ်ရာ မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဒေသခံများက ပြောသည်။

ပြင်ဦးလွင်မြို့ရှိ တပ်မတော် နည်းပညာတက္ကသိုလ်နှင့် တပ်မတော် တပ်စခန်းများကို သြဂုတ်လ ၁၅ ရက်နေ့က မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့ တိုက်ခိုက်ခဲ့ပြီးနောက် ရှမ်းမြောက်ဒေသရှိ နေရာအတော်များများတွင် တိုက်ပွဲများ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေပြီး တပ်မတော်ကလည်း မြေပြင်ထိုးစစ်များအပြင် ရဟတ်ယာဉ်များဖြင့်ပါ ပစ်ခတ်မှုများ ရှိနေသည်ဟု မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့ က တာဝန်ရှိသူများက ပြောသည်။

တပ်မတော်နှင့် မြန်မာအမျိုးသားများ ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNTJP/MNDAA-ကိုးကန့်၊ တအန်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတာ် (PSLF/TNLA)နှင့် ရက္ခိုင့်တပ်တော်(ULA/AA) တို့အကြား သြဂုတ်လ ၁၅ ရက်နေ့မှ သြဂုတ်လ ၂၄ ရက်နေ့ (ယနေ့)အထိ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွား လျှက်ရှိသည်။