ကွတ်ခိုင် ဒုက္ခသည် ၂၀၀၀ ခန့်ရှိပြီး အစားအသောက် အကူအညီများလိုအပ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့ ကြားက တိုက်ပွဲများကြောင့် ကွတ်ခိုင်မြို့ပေါ်သို့ စစ်ဘေးရှောင် ၂၀၀၀ နီးပါးရောက်ရှိပြီ ဖြစ်ပြီး အရေးပေါ်အကူအညီများ လိုအပ်နေသည်ဟု ဒေသခံများနှင့် ဒေသအတွင်းက ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူများက ပြောသည်။

စစ်ဘေးရှောင်များအတွက် ဒေသခံများနှင့် ရှမ်းမြောက်ဒေသက ပရဟိတအဖွဲ့တွေ၊ အရပ်ဘက်လူမှုအဖွဲ့တွေ၊ ဘာသာရေးအဖွဲ့တွေက စားစရာရိက္ခာများနှင့် နေရာထိုင်ခင်းများကို ပြင်ဆင်ကူညီပေးထားသော်လည်း နေ့စဉ်စစ်ရှောင်လူဦးရေများ တိုးလာသည့်အတွက် လိုအပ်ချက်များစွာ ရှိနေသည်ဟု ရှမ်းပြည် နယ်မြောက်ပိုင်း လူသားချင်းစာနာထောက်ထားမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (HST-NSS) ပြောရေးဆိုခွင့်ရှိသူ ဦးဟောင်းဒေါင် က ပြောသည်။

“အခုလောလောဆယ်ကတော့ သူတို့ရပ်တည်စားသောက်ရေးကို အဓိကဖြစ်တဲ့ အခြေခံလူသုံးကုန် အသုံးအဆောင်ပစ္စည်းပေါ့နော်။ အဲဒီဟာတော့ အရေးတကြီး လိုအပ်နေပါတယ်။ ကျနော်တို့ ဒေသခံ အဖွဲ့အစည်းတွေက တတ်နိုင်သလောက် ဝိုင်းကူညီတဲ့ အနေအထားရှိတယ်။ ဒါပေမယ့် အားလုံးပြည့်စုံတယ်လို့တော့ ပြောလို့မရပါဘူး။ ကျနော်တို့ ဆိုရင် ဆန်၊ ဆီ၊ ဆား၊ ပဲဘဲ ကူနိုင်တယ်။ ဆန်၊ ဆီ၊ ဆားပဲနဲ့လည်း ကျနော်တို့ စားလို့ မရဘူး ပေါ့နော်။ အဓိကကတော့ အခြေခံ အစားအသောက် အရေးကြီးနေပါတယ်။”

ကွတ်ခိုင်မြို့ပေါ်ရှိ မဟာစည်သာသနာ့ရိပ်သာတွင် ၂၀၀ ကျော်၊ ကာလိုင်ကချင်နှစ်ခြင်းဘုရားကျောင်းတွင် ၂၃၀ နီးပါး၊ မန်ပြိန်းရွာ ဘုန်တော်ကြီးကျောင်းတွင် ၂၀၀ ကျော်၊ တအာင်းစာပေနှင့်ယဉ်ကျေးမှုရုံးတွင် ၃၀၀ ကျော်၊ ခိုလုံဘုန်းတော်ကြီးကျောင်းတွင် ၅၅၀ နီးပါးခန့်၊ ခါနန်ဘုရားကျောင်းတွင် ၅၀ ကျော်၊ တောင်တန်းဘုန်းတော် ကြီးကျောင်းတွင် ၅၀၀ နီးပါး၊ အိုက်မွန်းတအာင်းဘော်ဒါဆောင်တွင် ၈၀ နှင့် နီးစပ်ရာဆွေမျိုးများအိမ်တွင် ၁၀၀ နီးပါးခန့် ရောက်ရှိနေသည်ဟု ကူညီကယ်ဆယ်ရေးအဖွဲ့များက ပြောသည်။

“လောလောဆယ်မှာတော့ ကွတ်ခိုင်မှာကတော့ ၁၈၀၀ ကျော်ပေါ့နော ဒီနေ့ ထပ်တိုးတာအပါပေါ့နော။ ၁၈၀၀ ကျော် ဒီနေ့ တိုးလာတာကတော့ ၃၈၀ ကျော် ၄၀၀ နီးပါးပေါ့နော။ ဒီနေ့ပြန်ထပ်တိုးတာ ရှိပါတယ်လို့” ဦးဟောင်းဒေါင် က ပြောသည်။

သြဂုတ်လ ၂၄ ရက်နေ့ (ယနေ့) နံနက်ပိုင်းကလည်း လွယ်ပယ်စုစည်းကျေးရွာမှ ဒေသခံပြည်သူ ၃၅၀ ခန့် ကွတ် ခိုင်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများတွင် ရောက်ရှိနေပြီဟု ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူများက ပြောသည်။

နယ်စည်းမခြားပရဟိတ(သီပေါ) အဖွဲ့က ကိုမျိုးကလည်း “လွယ်ပယ်စုစည်ကျေးရွာက ရွာသားတွေကို ကွတ်ခိုင်မြို့ပေါ်ရွှေ့ဖို့ အကူအညီတောင်းလာတယ်လေ။ ဒီနေ့မနက်ပဲ ကျနော်တို့ ကွတ်ခိုင်မှာရှိတဲ့ ပရဟိတအဖွဲ့တွေနဲ့ အတူ သွားပြီးခေါ်လာတယ်။ မနေ့ညက လွယ်ပယ်ရွာထဲကို လက်နက်ကြီးကျတယ်။ မိသားစုတစ်စုလည်း ထိခိုက်ဒဏ်ရာရသွားတာတွေရှိတယ်။ ဒီမနက်ပဲ ကျနော်တို့ တောင်တန်းဘုန်းကြီးကို ပို့ပေးခဲ့ပါတယ်” ဟု ပြော သည်။

ကွတ်ခိုင်မြို့သို့ ရောက်ရှိနေသည့် စစ်ဘေးရှောင်ပြည်သူများမှာ လွယ်ပယ်စုစည်းကျေးရွာ၊ ကုန်းဆာ၊ နမ့်ဟူးဒဲ့၊ နမ့်ကွတ်၊ ဟိုနောင်၊ ရှုခင်းသာ၊ နောင်ဆွေ၊ နမ့်ပါချီး၊ ပါကျူ၊ ဖောင်းဆိုင်ကျေးရွာနှင့် အနီးအနားတဝိုက်ရှိ ကျေးရွာများမှ ဖြစ်ကြသည်။ ထိုစစ်ဘေးရှောင်များတွင် လမ်းလုပ်သား ၂၀၀ ကျော်လည်း ပါဝင်သည်။

သြဂုတ်လ ၁၅ ရက်နေ့မှ ယနေ့အချိန်ထိ ဖြစ်ပွားနေသည့် ရှမ်းမြောက်ဒေသက တိုက်ပွဲများတွင်း မြို့နယ် (၄) မြို့နယ်မှ ကျေးရွာပေါင်း ၄၆ ရွာခန့်က ဒေသခံရွာသားများသည် စစ်ဘေးလွတ်ရာ ယာယီစစ်ရှောင်စခန်း ၂၂ ခုနှင့် နီးစပ်ရာဆွေမျိုးများအိမ်တွင် ထွက်ပြေးတိမ်းရှောင်နေကြရသည်။ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် စစ်ဘေးရှောင် ၅၅၀၀ ကျော်ရှိပြီဟု ရှမ်းပြည်နယ်မြောက်ပိုင်း လူသားချင်းစာနာထောက်ထားမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (HST-NSS) က ယမန်နေ့က ထုတ်ပြန်ထားသည်။

လားရှိုး၊ သိန်းနီ၊ ကွတ်ခိုင်၊ နမ့်ဖက်ကာနှင့် နမ့်ခမ်းမြို့နယ်များတွင်း၊ ပြည်ထောင်စုလမ်း ဝဲယာတစ်လျှောက်ရှိ ကျေးရွာများအနီး ဖြစ်ပွားလျှက်ရှိသော တိုက်ပွဲများကြောင့် စစ်ဘေးတိမ်းရှောင်နေရသူများ ပိုမိုတိုးလာသည့်အပြင် အရပ်သားပြည်သူများလည်း ထိခိုက်မှုရှိသည်ဟု အဆိုပါထုတ်ချက်ထဲတွင် ထည့်သွင်းထားသည်။

“လောလောဆယ်မှာတော့ ပြည်ထောင်စုလမ်းမမှာ ခရီးသွားတချို့လည်း ပိတ်နေသေးတယ်။ ကျနော်တို့ အဆက်အသွယ်မရဘူးပေါ့နော်။ ဒီကွတ်ခိုင်နဲ့ နမ့်ဖက်ကာ ကြားမှာ ကားတွေလည်း ပိတ်နေသေးတယ်။ အဓိကကတော့ ကားသမားနဲ့ ခရီးသွားတွေပေါ့။ တချို့ရှိသေးတယ်လို့ ကြားနေရတယ်။ ကျနော်တို့ ပိတ်မိတယ်လို့ ပြောတာထက် တိုက်ပွဲနဲ့ နီးကပ်ပြီးမှ စိုးရိမ်ပြီးမှ ရွာအပြင်ထွက်လို့ မရသေးတဲ့ဟာမျိုးတော့ ရှိနေသေးတာပေါ့” ဟု ဦးဟောင်းဒေါင် က ပြောသည်။

တိုက်ပွဲဖြစ်ပွားရာမြို့နယ်များနှင့် ကျေးရွာများတွင် စာသင်ကျောင်းများ ယာယီပိတ်ထားရသည်။ ထု့ိအပြင် အသက်မွေးဝမ်းကျောင်းဆိုင်ရာ လုပ်ငန်းများရပ်တန့်နေခြင်းနှင့် လမ်းပိုင်းအချို့ ပိတ်ထားရခြင်းများကြောင့် စားနပ်ရိက္ခာအခက်အခဲနှင့် အခြေခံကျန်းမာရေးစောင့်ရှောက်မှုများလည်း လိုအပ်နေသည်ဟု ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူများက ပြောသည်။

ထို့ကြောင့် နှစ်ဖက်လက်နက်ကိုင်တပ်များအနေဖြင့် အမြန်ဆုံးတွေ့ဆုံညှိနှိုင်းကြဖို့လည်း ဒေသခံများနှင့် အရပ် ဘက်အဖွဲ့အစည်းများ၊ ကူညီကယ်ဆယ်ရေးလုပ်ဆောင်သူများက မေတ္တာရပ်ခံထားကြသည်။

ဦးဟောင်းဒေါင်က “ကျနော်တို့ ဒီနှစ်ဖက်တပ်တွေကိုတော့ တိုက်ပွဲရပ်တန့်ဖို့ပေါ့နော် အဲဒါက နံပါတ်တစ်ပေါ့။ ဒုတိယအချက်က တော့ ကျနော်တို့ အများပြည်သူနဲ့ နီးတဲ့နေရာ၊ နောက်ပြီး ကျေးရွာဝန်းကျင်မြို့ထဲမှာပေါ့နော် ကျနော်တို့ တိုက်ပွဲတွေ မဖြစ်ကြဖို့ ရှောင်ကျဉ်ကြဖို့ အဓိကတောင်းဆိုချင်တယ်ပေါ့နော်။ နောက်ပြီးတော့ အရပ်သားတွေကို ထိခိုက်နေတဲ့ ကိစ္စတွေကိုလည်း လုံးဝရှောင်ကျဉ်ပေးဖို့ တောင်းဆိုချင်တယ်ပေါ့နော်” ဟု ဆက်ပြောသည်။

တအန်း(ပလောင်) PSLT/TNLA သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော်က “ဒီထိုးစစ်ကြောင့် တိုက်ပွဲများတာပေါ့နော်။ ထိုးစစ်မရှိရင်လည်း တိုက်ပွဲကတော့ မရှိပါဘူး။ အဓိကတော့ ဒီတိုက်ပွဲ ရပ်အောင် တော့ နှစ်ဖက် တွေ့ဆုံဆွေးနွေးညှိနှိုင်းဖို့တော့ လိုတယ်။ ဆွေးနွေးညှိနှိုင်းမှု ဆိုတာကလည်း အလုပ်ဖြစ်နိုင်တဲ့ ဟာပေါ့နော် နှစ်ဖက်လက်ခံနိုင်တဲ့ တွေ့ဆုံဆွေးနွေးညှိနှိုင်းမှု ဖြစ်ဖို့တော့ လိုတယ်။ အဲလိုမျိုးတွေ့ဆုံ ဆွေးနွေးမှု က အဆင်ပြေသွားမယ်ဆိုရင်တော့ တိုက်ပွဲကလည်း လျှော့မှာပေါ့” ဟု ပြောသည်။

တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့အကြား တိုက်ပွဲများ ပြင်းထန်စွာ ပြန်လည်ဖြစ်ပွားနေသည်မှာ ၁၀ ရက်ရှိပြီဖြစ်သည်။

၁၀ ရက်အတွင်း လားရှိုး၊ သိန်းနီ၊ ကွတ်ခိုင်မြို့ပေါ်သို့ စစ်ဘေးရှောင်ပြည်သူ ၅၅၀၀ ကျော် ရောက်ရှိနေသည်ဟု အရပ်ဘက်အဖွဲ့အစည်းများ၏ ထုတ်ပြန်ထားသည့် စာရင်းများအရသိရသည်။

အစိုးရ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးနေသည့် အဖွဲ့အစည်းများနှင့် အလှူရှင်များအနေဖြင့် စားနပ်ရိက္ခာများ၊ အခြေခံအသုံးအဆောင်များ၊ ယာယီနေထိုင်နိုင်ရန် အိမ်များ၊ ဘေးကင်းလုံခြုံရေးအတွက် ကာကွယ်စောင့်ရှောက်မှုများ၊ ကျန်းမာရေး ဝန်ဆောင်မှုများကို အချိန်နှင့် တပြေးညီကူညီပံ့ပိုးပေးကြရန်လည်း ရှမ်းမြောက်ဒေသက အရပ်ဘက်အဖွဲ့အစည်းများက တောင်းဆိုထားသည်။

ပြင်ဦးလွင်မြို့ရှိ တပ်မတော် နည်းပညာတက္ကသိုလ်နှင့် တပ်မတော် တပ်စခန်းများကို သြဂုတ်လ ၁၅ ရက်နေ့က မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့ တိုက်ခိုက်ခဲ့ပြီးနောက် ရှမ်းမြောက်ဒေသရှိ နေရာအတော်များများတွင် တပ်မတော်နှင့် မြန်မာအမျိုးသားများ ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNTJP/MNDAA-ကိုးကန့်၊ တအန်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတာ် (PSLF/TNLA)နှင့် ရက္ခိုင့်တပ်တော်(ULA/AA) တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွား လျှက်ရှိသည်။