အပစ်ရပ် ကာလတိုးမြှင့်သော်လည်း ရှမ်းမြောက်တွင် တိုက်ပွဲများ ဆက်ဖြစ်နေဆဲ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်။
အရှေ့မြောက် ပိုင်းတိုင်းအပါအဝင် စစ်တိုင်း ၅ တိုင်းတွင် တပ်မတော်က အပစ်ရပ်ကာလ ထပ်မံတိုးမြှင့် ရပ်ဆိုင်း ပေးလိုက်သော်လည်း ရှမ်းမြောက်ဒေသအတွင်းရှိ မြို့နယ် ၃ မြို့နယ်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်ဟု မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့ က ပြောသည်။
ရှမ်းမြောက်ဒေသရှိ ကွတ်ခိုင်မြို့နယ်၊ နမ့်ခမ်းမြို့နယ်နှင့် မိုးမိတ်မြို့နယ်တို့တွင် တပ်မတော်နှင့် မြောက်ပိုင်း မဟာ မိတ်ညီနောင် ၃ ဖွဲ့ ဖြစ်သည့် PSLF/TNLA၊ ULA/AA နှင့် MNTJP/MNDAA တို့အကြား စက်တင်ဘာလ ၁ ရက် နေ့ (ယနေ့)တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု ပြောသည်။
မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့ထဲမှ အဖွဲ့ဝင်တစ်ဖွဲ့ ဖြစ်သည့် PSLF/TNLA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော် က “ဒီနေ့တိုက်ပွဲက အားလုံးတော့မရပ်သေးဘူး။ လောလောဆယ် သိရသလောက်က တော့ ၆ နေရာလောက်ရှိတယ်။ ဒီကွတ်ခိုင် ဟိုနောင်ဘက်ရော၊ ကွတ်ခိုင် ဟော့တော့၊ ကွတ်ခိုင် ဖန်ငေါပေါ့၊ ကွတ်ခိုင်မြို့နယ်ထဲမှာ ၃ နေရာလောက်ဖြစ်တယ်။ ဒီမိုးမိတ်မြို့နယ်ထဲမှာလည်း နှစ်နေရာဖြစ်တယ်။ ပန်ဟိုင်းရယ် နောက်တစ်နေရာရယ်မှာဖြစ်တယ်။ နောက်ပြီး နမ့်ခမ်းမြို့နယ်ထဲမှာက ပန်းခါးရွာအထက် ဘက်မှာဖြစ်တယ်” ဟု ပြောသည်။
တပ်မတော်အနေဖြင့် စက်တင်ဘာလ ၂၁ ရက်နေ့အထိ အပစ်ရပ်ကာလကို ထပ်မံတိုးပေးလိုက်ကြောင်း ယမန်နေ့က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ထားသည်။ အပစ်ရပ်ကာလထပ်မံတိုးထားသော်လည်း တောက်လျှောက်တွင် တိုက်ပွဲမဖြစ်သည့်လ မရှိသလောက်ပဲဟု ဗိုလ်မှူးမိုင်းအိုက်ကျော်က ဆက်ပြောသည်။
“ကျနော်တို့ဆီမှာတော့ သူတို့အပစ်ရပ်ကြေငြာပြီးကတည်းက တိုက်ပွဲလုံးဝမဖြစ်တဲ့လက မရှိသလောက်ပါပဲ။ လတိုင်းလိုလိုဖြစ်တယ်။ အထူးသဖြင့်ကတော့ နောက်ပိုင်းမှာ ပိုများလာတယ်ပေါ့။”
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တိုးတက်ကောင်းမွန်စေရေး၊ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး၏ လူမှု စီးပွား ရေး ဘဝဖွံ့ဖြိုးတိုးတက်ရန်နှင့် ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်လိုသည့် စစ်မှန်သောဆန္ဒဖြင့် တပ်မတော် မှစတင်၍ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများ ရပ်ဆိုင်းပေးခြင်းအား မြောက်ပိုင်းတိုင်း၊ အရှေ့မြောက်ပိုင်းတိုင်း၊ အရှေ့ပိုင်းတိုင်း၊ အရှေ့အလယ်ပိုင်းတိုင်းနှင့် တြိဂံဒေသတိုင်း စစ်ဌာနချုပ်နယ်မြေများတွင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်ပြီး ယနေ့အချိန်အထိ အပစ်ရပ်ပေးခဲ့သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သြဂုတ် လ ၃၁ ရက်နေ့က ထုတ်ပြန်လိုက်သည်။
အဆိုပါထုတ်ပြန်ချက်ထဲတွင် “လက်ရှိအခြေအနေတွင် တပ်မတော်အနေဖြင့် ဒေသခံတိုင်းရင်းသား ပြည်သူများ ၏ ငြိမ်းချမ်းရေးအပေါ် မျှော်လင့်ချက်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်ပတ်သက်နေသည့် အဖွဲ့အစည်း အားလုံး ငြိမ်းချမ်းရေး လုပ်ငန်း စဉ်များအား ယုံကြည်မှုအပြည့်ဖြင့် ဆက်လက်ဆောင်ရွက်နိုင်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်း ချမ်းရေးဗဟိုဌာန(NRPC)တို့နှင့် လက်ရှိဆွေးနွေးဆဲ အခြေအနေများ ဆက် လက်တောင်ရွက်နိုင်ရေးတို့အတွက် အထက်ဖော်ပြပါ တိုင်းစစ်ဌာန်ချုပ်နယ်မြေများတွင် စစ်ရေးဆိုင်ရာလှုပ်ရှား မှုများအား ၂၀၁၉ ခုနှစ် စက်တင်ဘာ လ ၂၁ ရက်နေ့အထိ တိုးမြှင့်ရပ်ဆိုင်းပေးသွားမည်ဖြစ်ကြောင်း” ထည့် သွင်းရေးသားထားသည်။
အပစ်ရပ်ကာလထုတ်ပြန်ကြေငြာထားသော်လည်း လက်ရှိတိုက်ပွဲများဖြစ်ပွားနေသည့် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်အတွင်း တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေပြီး၊ စစ်အင်အားတိုးချဲ့မှုများ၊ ထိုးစစ်ဆင်တိုက်ခိုက်မှုများ ရှိနေသည်ဟု PSLF/TNLA က ပြောသည်။
“ထုတ်ပြန်တာတော့ သူတို့ဘက်က ထုတ်ပြန်တာပေါ့နော်။ ဒီတစ်ကြိမ်နဲ့ဆိုရင် သက်တမ်းတိုးတာက ၄ ကြိမ်မြောက်ဖြစ်သွားပြီ။ ဒါပေမယ့် မြေပြင်မှာတော့ ထိုးစစ်တွေက ပြင်းထန်တယ်။ တိုက်ပွဲက တောက်လျှောက် ပြင်းထန်တယ်။ ဒီထိုးစစ်တွေများလာရင် တိုက်ပွဲက ပြန်ဖြစ်တာပေါ့နော်။ ပြောမယ် ဆိုရင်တော့ ဘယ်လောက် အထိမျှော်လို့ရလဲဆိုတော့ အဓိကက ထိုးစစ်မရှိဖို့လိုတယ်။ ထိုးစစ်တွေရှိနေရင် ကျနော်တို့လည်း ကိုယ့်ကိုကိုယ် ပြန်လည်ခုခံရမယ်၊ အဲ့လိုမျိုးပေါ့” ဟု ဗိုလ်မှူးမိုင်းအိုက်ကျော် က ပြောသည်။
တပ်မတော်အနေဖြင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ၂၀၁၉ ခုနှစ် ဧပြီလ အထိ တစ်ကြိမ်၊ ၂၀၁၉ ခုနှစ် မေလ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ တစ်ကြိမ်၊ ဇူလိုင်လ ၁ ရက်နေ့မှ သြဂုတ်လ ၃၁ ရက်နေ့အထိ တစ်ကြိမ် တဖက်သတ်အပစ်ခတ်ရပ်စဲကြောင်း သုံးကြိမ်ကြေငြာခဲ့ပြီး၊ စတုတ္ထအကြိမ်အဖြစ် စက်တင်ဘာလ ၁ ရက်နေ့မှ ၂၁ ရက်နေ့အထိ ထပ်မံတိုးမြှင့်ပေးလိုက်သည်။
ကွတ်ခိုင် ဒေသခံ မိုင်းမိုင် က “အပစ်ရပ်ကာလရှိနေချိန်မှာပဲ ဒီရှမ်းမြောက်မှာက တိုက်ပွဲက ဆက်တိုက်ဆက်တိုက် ဖြစ်နေတာပဲ။ အဲ့ကြောင့်မို့လို့ ထပ်တိုးတယ်ဆိုရင်လည်း လျှော့ချနိုင်မယ်လို့တော့ ကျမတို့အနေနဲ့ မထင်ဘူးနော်” ဟု ပြောသည်။
ပြင်ဦးလွင်မြို့ရှိ တပ်မတော် နည်းပညာ တက္ကသိုလ်နှင့် ရှမ်းမြောက်ဒေသရှိ တပ်မတော် တပ်စခန်းတချို့ကို မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့ ဖြစ်သည့် PSLF/TNLA၊ ULA/AA၊ MNTJP/MNDAA တပ်ဖွဲ့များက သြဂုတ် လ ၁၅ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ပြီးနောက် ရှမ်းမြောက်ဒေသရှိ နေရာအတော်များများတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျှက်ရှိသည်။
အဆိုပါတိုက်ပွဲများအတွင်း ဒေသခံပြည်သူများ လူ့အခွင့်အရေးချိုးဖောက်ခံရမှုအမျိုးမျိုးနှင့် ကြုံနေရပြီး ဒေသခံ အရပ်သား ပြည်သူ သေဆုံးမှု ၁၆ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ အယောက် ၃၀ ခန့်ရှိပြီဟု ဒေသအတွင်းရှိ ကူညီကယ်ဆယ်ရေးအဖွ့ဲများက ပြောသည်။
အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေပြီး၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေအတွင်းတွင် လက်ရှိအချိန်တွင် တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိသော်လည်း တပ်မတော်မှ တပ်စခန်းများ ဆုတ်ခွာသွားခြင်းမရှိသလို၊ တပ်အင်အားတိုးချဲ့ထားမှုများအပြင်၊ စစ်ရေးတင်းမာသည့် အနေအထား များရှိနေဆဲဟု တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့များက ပြောသည်။