မွန်ပြည်နယ်တွင် မဲဆန္ဒရှင် ၂ သိန်းခန့် တိုးလာမည်ဟု ခန့်မှန်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်။

မွန်ပြည်နယ်တွင် လာမည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲစာရင်း ပြုစုလျက်ရှိရာ မဲစာရင်းအရေအတွက်မှာ ယခင်ရွေးကောက်ပွဲထက် ၂ သိန်းခန့် တိုးလာနိုင်သည်ဟု မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

မွန်ပြည်နယ်တွင် ၂၀၁၅ ရွေးကောက်ပွဲတုန်းက မဲစာရင်း ၁၅ သိန်း ၃ သောင်းကျော်ရှိခဲ့ပြီး ၂၀၂၀ ရွေး ကောက် ပွဲတွင် ၁၇ သိန်းခန့် အထိရှိလာနိုင်သည်ဟု မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ခံအရာရှိ ဦးဟိဏ်းလင်းထက်က ပြောသည်။

“တစ်နိုင်ငံလုံးရဲ့အနေအထားရ ပြန်တွက်ကြည့်ရင် မဲစာရင်း တိုးလာနိုင်တယ်လို့ ယူဆတယ် ဒါကြောင့် မွန်ပြည်နယ်ကိုလည်း မဲစာရင်း ၁၇ သိန်းလောက်ရှိလာနိုင်တယ်လို့ မှန်းပြီးတော့ မဲစာရင်းပြုစုတာကို ဆောင်ရွက်နေတယ်” ဟု ၎င်းက ပြောသည်။

မွန်ပြည်နယ်တွင် မဲစာရင်းပြုစုမှုကို ဇူလိုင်လ ၁၅ ရက်နေ့က စတင်ခဲ့ပြီး သြဂုတ်လ ၂၇ ရက်နေ့ထိ မဲစာရင်း ၅ သိန်း ၆ သောင်းကျော် ရာခိုင်နှုန်းအားဖြင့် ၃၇ ရာခိုင်နှုန်း ပြုစုထားပြီဖြစ်သည်။

တိုးလာနိုင်သော မဲစာရင်းရှင်များမှာ အသက် ၁၈ နှစ်ပြည့်လာသူများနှင့် ရွှေ့ပြောင်း အလုပ်သမားများ ဖြစ်သည်။

မွန်ပြည်နယ် မဲစာရင်းပြုစုမှုကို စက်တင်ဘာလကုန် အပြီး ဆောင်ရွက်ရမည်ဖြစ်ပြီး သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်အောင်လည်း ဆောင်ရွက်ထားသည်ဟု ဦးဟိဏ်းလင်းထက်က ပြောသည်။

မဲစာရင်းပြုစုရန်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဘတ်ဂျက် ကျပ်သိန်း ၄၈၀ ကျော် ချပေးသည်ဟု မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

ရွှေ့ပြောင်းလုပ်သားများကိုလည်း စိစစ်ပြီး မဲစာရင်းထဲ ထည့်သွင်းနေကြောင်း တပ်မဲစာရင်းကိုတော့ ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်မှ ညွှန်ကြားလာသည်နှင့် တစ်ပြိုင်နက်တည်း ပြုစုသွားရန် ပြင်ဆင်ထားသည်ဟုလည်း မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ပြောသည်။

ပြီးခဲ့သည့်ရွေးကောက်ပွဲများတွင် ကြုံတွေ့ခဲ့ရသည့် မဲစာရင်းမှားယွင်းမှုအပေါ် သေချာစိစစ်ပါက ၂၀၂၀ ရွေး ကောက်ပွဲအတွက် မဲစာရင်း မှန်ကန်မှုသည် အနီးစပ်ဆုံးရှိလာမည်ဟု မွန်ညီညွတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး (၂) နိုင်စံတင်က ပြောသည်။

၎င်းက “ရွေးကောက်ပွဲတွေကို ဖြတ်သန်းလာခဲ့တဲ့နေရာမှာ မဲစာရင်းတွေမှာ ဆုံးသွားတဲ့လူစာရင်းတွေ မရှိတော့တဲ့ လူစာရင်းတွေ ပါပါနေတယ်၊ အဲဒါတွေကို သေချာစစ်ဆေးရင်တော့ မဲစာရင်းကိစ္စက အဆင်ပြေနိုင်တယ် ထင်တယ်၊ သေချာလုပ်ရင်တော့ အနီးစပ်ဆုံး မှန်ကန်မှုတော့ရှိမှာပါ” ဟု ပြောသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ၂၀၁၉ ခုနှစ်ကို မဲဆန္ဒရှင်စာရင်းနှစ် အဖြစ် သတ်မှတ်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားများအားလုံး မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် မဲဆန္ဒ ရှင်စာရင်းတွင် ပါဝင်စေရေးနှင့် မှန်ကန်တိကျသော မဲဆန္ဒရှင်စာရင်းများ ရရှိစေရေးအတွက် အထူးအလေးထား ဆောင်ရွက်နေသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မွန်ပြည်နယ်ရှိ နိုင်ငံရေးပါတီများ၊ ရွေး ကောက်ပွဲတွင် ကဏ္ဍစုံမှ ပါဝင်ပတ်သက်သည့်အဖွဲ့များနှင့် ဇူလိုင်လ ၉ ရက်နေ့က တွေ့ဆုံခဲ့ကြစဉ် ပြောဆိုခဲ့ သည်။