ကွတ်ခိုင်တွင် တိုက်ပွဲ ပြင်းထန်၊ တပ်မတော်က လေကြောင်းမှ တိုက်ခိုက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့တွင် တပ်မတော်နှင့် မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေပြီး တိုက်ပွဲအတွင်း တပ်မတော်မှ လေယာဉ်များဖြင့် လာရောက်ပစ်ခတ်မှု များရှိသည်ဟု ဒေသခံများက ပြောသည်။
စက်တင်ဘာလ ၂ ရက်နေ့ ယနေ့တွင် တိုက်ပွဲဖြစ်ပွားသည့် အခြေအနေနဲ့ ပတ်သက်၍ ကွတ်ခိုင်ဒေသခံတစ်ဦးက ယခုလိုပြောသည်။
“တိုက်ရေးခိုက်ရေး လေယာဉ်လေ ၂ စီး ကွတ်ခိုင်တစ်မျိုးလုံးကို ပတ်တာ မိနစ် ၂၀ နာရီ ဝက်လောက်ပတ်တာ အဲလိုပတ်ပြီးမှ တစ်ခါတည်း သူတို့ ထင်တာ မြင်တဲ့နေရာမှာပစ်တာ။ သုံးလေးနေရာလောက်ဖြစ် မယ်ထင်တယ်” ဟုပြောသည်။ “ကျမတို့နားမှာ ပစ်တာက ကျမတို့ မြင်ရတာက ဘာလဲဆိုတော့ ကျမတို့ မြို့ပြင်မှာလေ မြို့ပြင်မှာဆိုတော့ ရပ်ကွက် ၈ ဖက်မှာဆိုတော့ မြို့ဧရိယာတော့ ဟုတ်တယ် ဒါပေမယ့် လားရှိုးဆင်းတဲ့ လမ်းဖက်မှာဆိုတော့ အဲမှာအထင်းသားနည်းနည်း မြင်ရတယ်လေ။ ဒီဖက်မှာ ပစ်တာတော်တော်များတယ်။”
ပစ်ခတ်မှုများမှာ ညနေ ၄ နာရီ နောက်ပိုင်းတွင် ဖြစ်ပွားခဲ့ပြီး ကွတ်ခိုင် ကျမ်းစာသင်ကျောင်း အနီးဝန်းကျင် တစ်ဝှိုက်တွင် အပါအဝင် နေရာ သုံးနေရာ လောက်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု အဆိုပါ ကွတ်ခိုင်ဒေသခံက ဆက်ပြောသည်။
“သူက ပတ်ပတ်လည်ကို လေယာဉ်နဲ့ လိုက်ပြီးမှ ကြည့်ပြီးမှ လိုက်ပစ်တာ အခုက ဟွေခုတ်ရွာဖက်မှာပစ်တယ် ကမ္ဘာအေး စေတီဖက်မှာ ပစ်တယ်။ ဆိုတဲ့ဟာကို ကျမတို့ကြားရတယ်။ အခုချိန်မှာတော့ ကျမ်းစာကျောင်းဖက်ပေါ့နော ကွတ်ခိုင်ကျမ်းစားကျောင်း အနီးအနား အဲဖက်မှာ သေနတ်ငယ်သံပစ်သံ ကြားနေရတယ်” ဟုပြော သည်။
တိုက်ပွဲဖြစ်ပွားလာသည့်အတွက် ဟွေခုတ်ရွာမှ စစ်ဘေးရှောင်များကို ပရဟိတအဖွဲ့များက သွားရောက် ခေါ်ဆောင်နေသည်ဟု ရှမ်းပြည်နယ် မြောက်ပိုင်း လူသားချင်းစာထောက်ထားမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (HST-NSS) ပြောရေးဆို ခွင့်ရှိသူ မိုင်းမိုင် က ပြောသည်။
“ဒုက္ခသည်တွေ နေဖို့နေရာတောင်မှ တော်တော်လေးကို ခက်ခဲနေပြီ အခုက ဘာလဲဆိုရင် ရှိသမျှဘုန်းကြီး ကျောင်းတွေလည်း အကုန်လုံးပြည့်ကုန်ပြီ ဘုန်းကြီးတွေလည်း ဝါတွင်းမှာ ဘာမှသူတို့ လွတ်လွတ်လပ်လပ် တရားထိုင်လို့တောင် မရတဲ့ အခြေအနေတောင် ဖြစ်နေပြီပေါ့နော အဲတော့ ဘယ်လိုလုပ်ရမှန်းတောင် မသိတော့ဘူး” ဟုပြောသည်။
ယနေ့ နေ့လည်အချိန်တွင်လည်း လက်နက်ကိုင်အဖွဲ့များမှ ကွတ်ခိုင်မြို့ကို တက်သိမ်းတော့မည်ဟု မဟုတ်မမှန် ကောလဟာလ သတင်းများကြောင့် ဒေသခံများမှာ စိုးရိမ်စိတ်ဖြစ်ပေါ်ကာ ဈေဆိုင်များ၊ ကျောင်းများအားလုံး ပိတ်ထားရသည် အခြေအနေသို့ ရောက်ရှိခဲ့သည်ဟု ကွတ်ခိုင်ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ကွတ်ခိုင်မြို့နယ်အတွင်းရှိ မော်ဟစ်စုစည်း ကျေးရွာ အတွင်းသို့ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့သည့်အတွက် ဒေသခံ ၈ ဦး လက်နက် ကြီးကျည် ထိမှန်ကာ ၅ ဦး အသက်သေဆုံးခဲ့ရပြီး ၃ ဦးမှာ ပြင်းထန်စွာ ဒဏ်ရရှိခဲ့ကြသည်။ သေဆုံးသူများထဲတွင် ကလေးငယ်များလည်း ပါဝင်သည်။
တိုက်ပွဲဖြစ်ပွားမှု ရှည်ကြာလာသည်နှင့်အမျှ ဒေသခံများမှာ ကြောက်စိတ်များ ပိုမိုဖြစ်ပေါ်လာကာ ကျီးလန့်စာ စားနေရသည့် အခြေအနေတွင် နေထိုင်နေရသည်ဟု ဆိုသည်။
နှစ်ဖက်လက်နက်ကိုင်များ အနေဖြင့် တိုက်ပွဲဖြစ်ပွားမှုကို လျော့ချရန်နှင့် ဒေသခံပြည်သူများ နေထိုင်သည့် ကျေးရွာများအတွင်း သို့မဟုတ် ကျေးရွာအနီးတစ်ဝှိုက်တွင် တိုက်ပွဲမှု မရှိအောင် သတိပြုပေးရန် အပါအဝင် နိုင်ငံတာကာ စစ်စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ပေးရန် ဒေသခံများနှင့် အရဖက်လူမှုအဖွဲ့ အစည်းများက တောင်းဆိုသည်။
ပြီးခဲ့သည့် သြဂုတ်လ ၁၅ ရက်နေ့က မြောက်ပိုင်း မဟာမိတ် ပူးပေါင်းတပ် ၃ ဖွဲ့ဖြစ်သည့် PSLF/TNLA၊ ULA/AA၊ MNTJP/ MNDAA တို့က ပြင်ဦးလွင်ရှိ တပ်မတော် နည်းပညာ တက္ကသိုလ်နှင့် တပ်မတော် တပ်စခန်းများကို တိုက်ခိုက်မှုများ လုပ်ဆောင်လာခဲ့သည့်နောက်ပိုင်း ရှမ်းပြည်နယ် မြောက်ပိုင်းရှိ နေရာတော်တော်များများတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်မှာ ယနေ့အချိန်ထိဖြစ်သည်။