မြောက်ပိုင်း မဟာမိတ် ညီနောင်သုံးဖွဲ့ တစ်ဘက်သတ် အပစ်ရပ် ကြေညာ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်။

နိုင်ငံရေးဆွေးနွေးပွဲများ လုပ်ဆောင်ရာတွင် အထောက်အကူပြုစေရန် ရည်ရွယ်ချက်ဖြင့် တစ်လတာ တစ်ဖက်သတ် အပစ်ရပ်ကြောင်း မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့က ပြောသည်။

မြောက်ပိုင်း စစ်ရေးမဟာမိတ် ၃ ဖွ့ဲထဲတွင် တစ်ဖွဲ့ဖြစ်သည့် တအန်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/TNLA က ၁ လတာ တစ်ဖက်သတ် အပစ်ရပ်စဲရသည့် ကိစ္စနှင့် ပတ်သက်၍ ယခုလို ပြောသည်။

“ကျနော်တို့လည်း အထောက်အကူပြုမယ်လို့ မျှော်လင့်တဲ့အတွက် ထုတ်တာပေါ့ အဓိကကတော့ ပြည်တွင်း စစ်ရပ်စဲဖို့အတွက် တွေ့ဆုံ ညှိနှိုင်းရေး လုပ်ငန်းများ လက်တွေ့ကျကျ ဆောင်ရွက်ဖို့ အတွက်ပေါ့နော ဆောင် ရွက်နိုင်ရန် ကျနော်တို့က ဒီစက်တင်ဘာ ၉ ရက်ကနေ အောက်တိုဘာ ၈ ရက်နေ့အထိ တစ်ဖက်သတ် အပစ်ရပ်ထားတာ” PSLF/TNLA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောသည်။

မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် ၊ MNTJP/MND AA MNTJP/MND AA ၊ ULA/AA တို့က စက်တင်ဘာလ ၉ ရက်နေ့မှ အောက်တိုဘာလ ၈ ရက်နေ့အထိ ထိုးစစ်ဆင် တိုက်ခိုက်မှုများကို ပြုလုပ်မည် မဟုတ်ပဲ တစ်ဖက်သတ် အပစ်ရပ်ခြင်းဖြစ်သည်ဟု ဆိုသည်။

တစ်ဘက်သတ် အပစ်ရပ် ကြေညာချက်ကို မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က စက်တင်ဘာ ၉ ရက်နေ့ တွင် ထုတ်ပြန်သည်။

ဤကဲ့သို့ ကြေငြာထားသည့် ကာလအတွင်း၌ မြန်မာစစ်တပ်အား မိမိတို့မှ လက်ဦးမှုယူ၍ ထိုးစစ်ဆင် တိုက်ခိုက်ခြင်းကို မပြုလုပ်သော်လည်း မြန်မာစစ်တပ်မှ စတင်တိုက်ခိုက်ခြင်း မိမိတို့ ဒေသတွင် စစ်ဆင်ရေးနှင့် စစ်ရေးလှုပ်ရှားမှုများ လာရောက်ပြုလုပ်ခြင်း၊ လက်နက်ကြီးအမြောက်အများဖြင့် စုပြုံပစ်ခတ်တိုက်ခိုက်ခြင်း တိုက်လေယာဉ် ရဟတ်ယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကို ပြုလုပ်လာမည်ဆိုပါက မိမိကိုယ်မိမိ ခုခံကာကွယ်သော အနေအထားမျိုးဖြင့် မည်သည့်နေရာ မည်သည့် ဒေသအတွင်းမဆို တုံ့ပြန်သွားမည်ဖြစ်ကြောင်း မြောက်ပိုင်းစစ်ရေးမဟာမိတ် ၃ ဖွဲ့ က ဆိုသည်။

“အဓိကကတော့ တောက်လျှောက် ဒီအတိုင်းပဲ ဖိပြီးတော့ ထိုးစစ်လုပ်မယ်ဆိုရင်တော့ ခုခံစစ်တော့ ရှိနေမှာပေါ့ နော” ဗိုလ်မှူး မိုင်းအိုက်ကျော်ကပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၃၁ ရက်နေ့က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှလည်း စစ်တိုင်း ၅ တိုင်းဖြစ်သည့် မြောက်ပိုင်းတိုင်း၊ အရှေ့မြောက်ပိုင်းတိုင်း၊ အရှေ့ပိုင်းတိုင်း၊ အရှေ့အလယ်ပိုင်းတိုင်းနှင့် တြိဂံဒေသတိုင်း စစ်ဌာနချုပ်နယ်မြေများတွင် စက်တင်ဘာလ ၁ ရက်နေ့မှ ၂၁ ရက်နေ့အထိ စတုတ္ထအကြိမ်မြောက် တစ်ဖက်သတ် အပစ်ရပ်ကာလအား ထပ်မံသက်တမ်းတိုးထားသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၅ ရက်နေ့က မြောက်ပိုင်း မဟာမိတ် ပူးပေါင်းတပ် ၃ ဖွဲ့ဖြစ်သည့် PSLF/TNLA၊ ULA/AA၊ MNTJP/ MNDAA တို့က ပြင်ဦးလွင်ရှိ တပ်မတော် နည်းပညာ တက္ကသိုလ်နှင့် တပ်မတော် တပ်စခန်းများကို တိုက်ခိုက်မှုများ လုပ်ဆောင်လာခဲ့သည့်နောက်ပိုင်း ရှမ်းပြည်နယ် မြောက်ပိုင်းရှိ နေရာတော်တော်များများတွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလာခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသကဲ့သို့ ရခိုင်ပြည်နယ်တွင်လည်း ရက္ခိုင့် တပ်တော် ULA/AA နှင့် တပ်မတော်တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသော်လည်း သြဂုတ်လ ၃၁ ရက်နေ့က ရှမ်းပြည်နယ် ကျိုင်းတုံတွင် အစိုးရနှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့ ပဏာမ အပစ်ရပ်စာချုပ် Bilateral Ceasefire Agreement လက်မှတ်ရေးထိုးရန် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံမှုနောက်ပိုင်း မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့မှ ယခုကဲ့သို့ ကြေညာချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

နောက်ထပ်တွေ့ဆုံမှုကိုလည်း စက်တင်ဘာလ ၁၆၊ ၁၇ တွင် ပြုလုပ်ရန် နှစ်ဖက်သဘောတူထားကြပြီး တွေ့ဆုံမည့်နေရာကို ပြန်လည်ညှိနှိုင်းကြမည်ဟု ဆိုသည်။