မြစ်ကြီးနား ဆန္ဒ ထုတ်ဖော်မှု တိုင်းရင်းသား လူငယ်များ အားပေးပါဝင်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်။
မြစ်ကြီးနား ကချင်လူငယ်များ၏ ဆန္ဒ ထုတ်ဖော်ပွဲသို့ တိုင်းရင်းသား လူငယ်များ စုပေါင်း ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံ ကျောင်းသား လူငယ်များ ကွန်ဂရက် (SYCB) မှ လူငယ်များ လာရောက်ပူးပေါင်း ဆန္ဒထုတ်ဖော်ခဲ့ သည်။
ဆန္ဒထုတ်ဖော်ပွဲသို့ မြန်မာနိုင်ငံ ကျောင်းသား လူငယ်များ ကွန်ဂရက် (SYCB) မှ လူငယ်များ လာရောက်ပူး ပေါင်း ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် တရားမျှတမှုရှိသည့် တရားစီရင်ရေးစနစ်ကို ဖော်ဆောင်ပေးရန် ကချင် လူငယ်များနှင့် စစ်ဘေးရှောင်များ၏ ဆန္ဒထုတ်ဖော်ပွဲသို့ လာရောက်ပူးပေါင်း ပါဝင်ရသည့် ရည်ရွယ်ချက်နှင့် ပတ်သက်၍ SYCB မှ အတွင်းရေးမှူး ၂ ကိုဆေးပူက ယခုလို ပြောသည်။
ကချင်လူငယ် ခေါင်းဆောင်နှစ်ဦးအပေါ် “အရေးယူမှုအပေါ်မှာ ကျနော်တို့အနေနဲ့ တရားစီရင်ရေးအပိုင်းမှာ လုံးဝကို တရားမျှတမှု မရှိဘူးလို့ ကျနော်တို့ မြင်တယ်။ တစ်ဖက်မှာလည်း ထပ်ပြီးတော့ ထောင်ဒဏ်ချမှတ်တဲ့အပေါ်မှာလည်း ထောင်ဒဏ်ချတဲ့ အပိုင်းတွေရယ် အရေးယူမှု အပိုင်းတွေရယ် လုံးဝကျနော်တို့ လူ့အခွင့်အရေး ရှု့ထောင့်နဲ့ ကြည့်မယ်ဆိုရင် လုံးဝမဖြစ်သင့်တဲ့ အရာလို့ ကျနော်တို ခံယူတယ်ပေါ့နော ဒါကြောင့် ကျနော်တို့ တပ်ပေါင်းစုအနေနဲ့သွားရောက် ဝန်းရံပေးတဲ့ သဘောပါ” ဟုပြောသည်။
ယခုလို လာရောက်ပူးပေါင်းပါဝင်သည့်အတွက် သက်ဆိုင်ရာ အာဏာပိုင်များမှ စစ်ဆေးမေးမြန်းမှုများရှိသည်ဟု ကိုဆေးပူက ဆက်ပြောသည်။
“အဲဒီ မှာ ကျနော်တို့ အဖွဲ့တွေ အနေနဲ့လည်း စစ်ဆေးမေးမြန်းတာတွေရှိတယ် အဖွဲ့အစည်းအကြောင်းတွေ နေရပ်လိပ်စာတွေ မေးမြန်းတာတော့ နည်းနည်းတော့ရှိတယ်” ဟုပြောသည်။
SYCB အဖွဲ့ဝင် တိုင်းရင်းသား ၁၂ ဦးမှာ ရန်ကုန်မှ မြစ်ကြီးနားသို့ လာရောက်ကြခြင်းဖြစ်သည်။
ကချင်လူငယ်များအနေဖြင့် ဆန္ဒထုတ်ဖော်ပွဲကို ပြီးခဲ့သည့် စက်တင်ဘာလ ၅ ရက်နေ့၊ ၆ ရက်နေ့တို့တွင် ၂ ရက်ဆက်တိုက် ဆန္ဒထုတ်ဖော်ခဲ့ကြပြီး စက်တင်ဘာလ ၉ ရက်နေ့ ယနေ့တွင် တတိယနေ့အဖြစ် ဆက်လက်ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။
ဆန္ဒထုတ်ဖော်ရာတွင် ကချင်လူငယ်ထုများအနေဖြင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် တရားမျှ တမှု ရှိသည့် တရားစီရင်ရေးစနစ်ကို ဖော်ဆောင်ပေးရန်၊ စစ်ဘေးရှောင်များ၏ဘ၀ ဒုက္ခကို စာနာနားလည် ပေးရန် နှင့် လက်ရှိဖြစ်ပွားနေသည့် စစ်ပွဲများကြောင့် ပြည်သူများသာ မြေစာပင်ဖြစ်နေရသည့်အတွက် စစ်ပွဲများကို အမြန်ဆုံး ရပ်တန့်ပေးရန် စသည့်အချက်များကို တောင်းဆိုဆန္ဒထုတ်ဖော်နေကြသည်။
“လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ပြောဆိုခွင့်ကို ကျမတို့တွေက တောင်းဆိုနေတာဖြစ်တယ် ဘာဖြစ်လို့လဲဆိုတော့ ကျမတို့က လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ပြောဆိုခွင့် မရှိဘူး မရှိတဲ့အတွက်ကြောင့်မို့ ကျမတို့ ဘာပဲ ပြောပြော တွေ့ ကြုံခံစားနေရတဲ့ အရာတွေကို ကျမတို့ ပြောထုတ်တာတောင်မှ မြန်မာနိုင်ငံရဲ့ ရန်ကုန် မန္တလေး ဒေသအနှံမှာ လူငယ်တွေ တရားစွဲဆိုမှုကို ခံနေရတယ် ဒါဆိုကျမတို့တွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဘယ်လို လုပ် ပြီး ပြောထွက်မှာလဲပေါ့ ဘယ်လိုလုပ်ပြီး ဖော်ထုတ်လို့ရတော့မှာလဲ” ဟု ကချင်လူငယ်ထု လှုပ်ရှားမှုအဖွဲ့က ပြောရေးဆို ခွင့်ရှိသူ မဆွတ်ဆိုင်းထွယ်က ပြောသည်။
ဆန္ဒထုတ်ဖော်ပွဲသို့ မြန်မာနိုင်ငံ ကျောင်းသား လူငယ်များ ကွန်ဂရက် (SYCB) မှ လူငယ်များ လာရောက်ပူး ပေါင်း ပါဝင်သည့်အတွက် ဆန္ဒထုတ်ဖော်နေသည့် ကချင်လူငယ်များအတွက် အထောက်အကူပြုရုံသာမက အားအင်တစ်ရပ်ကို ဖြစ်စေသည်ဟု မဆွတ်ဆိုင်းထွယ်က ဆက်ပြောသည်
“အခုဒီနေ့ ရောက်လာတဲ့ လူငယ်တွေကလည်း သူတို့ကလည်း နေရာအနှံမှာ တရားစွဲဆိုခံခဲ့ဖူးတဲ့ လူငယ်တွေပဲ ဆိုတော့ အခုလိုမျိုး လာရောက်ပါဝင်တယ်ဆိုတော့ အရမ်းကိုကောင်းပါတယ်။ ကျမတို့တွေ အားလုံးအတူတကွ မျှော်မှန်းတဲ့ စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံကို သွားဖို့အတွက် ဆိုလို့ရှိရင်ကတော့ ဒီလိုလူငယ်အင် အားစုတွေ အားလုံးအတူတကွ ပူးပေါင်းပြီး အကြမ်းမဖက်တဲ့ နည်းနဲ့ ဒီလိုအစိုးရကိုတောင်းဆိုတာက အရမ်းလည်း ယဉ်ကျေးသလို ဒီမိုကရေစီရဲ့ ယဉ်ကျေးမှု (Culture) တစ်ခုလည်း ဖြစ်ပါတယ်။ အရမ်းလည်း အားရှိပါတယ်” ဟုပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့က ကချင်ပြည်နယ်အတွင်း တစ်ကျော့ပြန်စစ်ပွဲ (၈) နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ကချင်လူမျိုးများခံစားနေရသည့် လက်ရှိဘဝအဖြစ်မှန်များကို စစ်ဘေးရှောင်လူငယ်များနှင့် လမ်းဘေးသရုပ်ပြမှု လုပ်ဆောင်ရာတွင် ဦးဆောင်ခဲ့သော ကိုပေါလုနှင့် မဆိုင်းနူးပန်တို့အား မြစ်ကြီးနားမြို့နယ် တရားရုံးက ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့် စက်တင်ဘာလ ၂ ရက်နေ့က ထောင်ဒဏ် ၁၅ ရက် ကျခံရန် အမိန့်ချလိုက်သည်။
ထိုသို့ အမိန့်ချမှတ်လိုက်သည့်နောက် ကချင်လူငယ်ထုအနေဖြင့် ဆန္ဒထုတ်ဖော်ပွဲများကို လုပ်ဆောင်သွား မည်ဟုဆိုကာ စက်တင်ဘာလ ၅ ရက်က စတင်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်ခဲ့ကြသည့် စစ်ဘေးရှောင်စခန်းမှ ကချင်လူငယ် အင်ခွန်လနူးနှင့် ဒေါ်မလန်ခါး မိုင်တို့ကို စက်တင်ဘာလ ၅ ရက်နေ့က ခွင့်ပြုချက်တွင် မပါဝင်သည့် စာသားအပိုကိုင်ဆောင်သည်ဟုဆိုကာ ငြိမ်းစုစီ ပုဒ်မ ၂၀ (စ) ဖြင့် မြစ်ကြီးမြို့နယ် ရဲမှူးမြင့်မိုးက တရားလိုပြုလုပ်ကာ တရားစွဲဆိုထားသည်။
စက်တင်ဘာလ ၉ ရက် ယနေ့တွင် ပြုလုပ်သည့် ဆန္ဒထုတ်ဖော်ပွဲသို့ ကချင်စစ်ဘေးရှောင်များ၊ ကချင်လူ ငယ် များ၊ ကချင် အရပ်ဖက်အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံ ကျောင်းသား လူငယ်များ ကွန်ဂရက် (SYCB) မှ လူငယ်များ နှင့် ဒေသခံ ကချင်ပြည်သူလူထု စုစုပေါင်း ၃၀၀ နီးပါးခန့် ပါဝင်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။