အပစ်ရပ် ရှမ်းမြောက်တွင် ရွာသားတစ်ဦး လက်နက်ကြီးထိမှန် သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၄ ရက်။
နှစ်ဖက်လက်နက်ကိုင်အဖွဲ့များ အပစ်ရပ် ကြေညာထားသည့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တိုက်ပွဲများ ပြင်း ထန်စွာ ဖြစ်ပွားပြီး ကျေးရွာအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲသဖြင့် ရွာသားတစ်ဦး လက်နက်ကြီး ထိမှန်ကာ သေဆုံးသွားသည်ဟု ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ အလုပ်အမှုဆောင် ဦးသိန်းဇော်က ပြောသည်။
ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်အတွင်းတွင် စက်တင်ဘာလ ၁၄ ရက် ယနေ့တွင် တပ်မ တာ်နှင့် တအန်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/TNLA တို့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေရာမှ လက်နက်ကြီးကျည် ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်ဟု ဦးသိန်းဇော်က ပြောသည်။
“ဒီညနေ ၄ နာရီမှာ ဆုံးသွားတာဗျား။ စစ်ရှောင်နေရာယူထားတဲ့ ရွာဖက်မှာကျတော့ ကျေးလက်ကျန်းမာ ရေးဌာ နခွဲပဲရှိတယ် အဲဒီဌာနခွဲကနေ ဆေးတော့ထည့်တော့ထည့်တာပဲ ဒါပေမယ့် အချိန်မှီ သွေးတိတ်ဖို့ ရာအတွက်က မလုပ်နိုင်တဲ့အတွက်ပေါ့နော သွေးထွက်လွန်သွားတဲ့အခါကျတော့ ညနေ ၄ နာရီမှာ ဆုံးသွားတယ်ဗျား” ဟုပြော သည်။
ဆေဆုံးသူမှာ နမ့်ဆန်မြို့နယ် မိုင်းငေါ့ နမ့်ဆန် လမ်းပေါ်ရှိ ဘုရားကြီးအုပ်စုအတွင်းရှိ ပန်တူဦးကျေးရွာမှ အ သက် ၆၅ နှစ်အရွယ် ဦး အိုက်ထွန်းဖြစ်သည်ဟု သိရသည်။
ဦးအိုက်ထွန်း ထိခိုက်ဒဏ်ရာရစဉ်က ပရဟိတ လူမှုကယ်ဆယ်ရေးအဖွဲ့များက သွားရောက် ခေါ်ဆောင်ရန် တပ်မတော်မှ လုံခြုံရေး အခြေအနေအရ ပေးမသွားသည့်အတွက် ဆေးကုခွင့်မရပဲ သွေးလွန်ကာ သေဆုံးသွားjခင်းဖြစ်သည်ဟု ဦးသိန်းဇော်က ပြောသည်။
“သူက မနက် ၇ နာရီ ၈ နာရီခွဲအချိန်မှာ လက်နက်ကြီးကျတဲ့ အချိန်မှာ သူတို့အိမ်လည်း တစ်ခြမ်းတော့ မီးလောင်သွားတယ်။ အဲဒီဟာက ရွာအနေနဲ့က ကူညီပေးပါ အကူညီတောင်းတဲ့ အခါကျတော့လေ ကျနော်ကမြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ နမ့်ဆန်မှာရှိတဲ လူမှုကူညီရေးအသင်းတွေ လွှတ်ပေးဖို့တော့ အဆင်သင့်ဖြစ်နေပြီ သွားတဲ့အချိန်မှာ တပ်ကလုံခြုံရေးမပေးဘူးတဲ့ မသွားကြပါနဲ့ ပြောတဲ့အခါမှာကျတော့ သူကလူမှုကူညီ ရေးအသင်းက မြို့ပေါ်မှာ ခေါ်လာလို့မရဘူး”
ကျေးရွာအတွင်းမှ အရပ်သားများ၏ ပြောပြချက်ကို ကိုးကား၍ ယခုလက်နက်ကြီး ကျရောက်ပေါက်ကွဲသည့် ဒေသသည် လက်နက်ကိုင် အဖွဲ့များ မရှိသကဲ့သို့ လက်နက်ကြီးကျည်မှာလည်း နမ့်ဆန်မြို့ပေါ်ကနေ ကျေးရွာ အတွင်းသို့ ကျရောက်ပေါက်ကွဲခြင်းဖြစ်သည်ဟု ဦးသိန်းဇော်က ဆိုသည်။
စက်တင်ဘာလ ၁၃ ရက် ယမန်နေ့ နံနက် ၇ နာရီအချိန်ခန့်က နမ့်ဆန် မြို့နယ် TNLA တပ်မဟာ ၂ နယ်မြေရှိ တောင်ရိုးဘုရား တောင်ပေါ်တွင် တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု PSLF/TNLA က ထုတ်ပြန်ထားသည်။
ယမန်နေ့က တိုက်ပွဲအတွင်း တပ်မတော်ဖက်မှ လေယာဉ်များဖြင့် လာရောက်ပစ်ခတ်မှုများ ရှိသည်ဟု သိရသည်။
စက်တင်ဘာလ ၁၄ ရက်နေ့ ယနေ့တွင်လည်း ယမန်နေ့က တိုက်ပွဲဖြစ်ပွားသည့် နေရာတွင် တိုက်ပွဲဆက်လက် ဖြစ်ပွားနေပြီး တပ်မတော်မှ တောင်ရိုးတောင်ပေါ်နှင့် ဟိုချောင်းရွာဖက်သို့၎င်း၊ ဟိုမိန်းကျေးရွာ၊ နမ့်ယန်း ကျေး ရွာ၊ မန်အူကျေးရွာနှင့် မန်လုံးကျေးရွာ အနီးတစ်ဝိုက်သို့၎င်း လက်နက်ကြီး ဆက်တိုက် ပစ်ခတ်နေသည် ဟု PSLF/TNLA က ထုတ်ပြန်ထားသည်။
စက်တင်ဘာလ ၁၃ ရက်နှင့် ၁၄ ရက်နေ့တို့တွင် ဖြစ်ပွားသည့် တိုက်ပွဲအခြေအနေနဲ့ ပတ်သက်၍ အသေးစိတ် သိရှိနိုင်ရန် PSLF/TNLA ပြောရေးဆိုခွင့်ရှိသူက ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပေ။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှလည်း လက်ရှိရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲ အခြေအနေနဲ့ပတ်သက်၍ တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိသေးပေ။
မကြာမှီ ကျိုင်းတုံတွင် ပြုလုပ်မည့် ဆွေးနွေးပွဲမှ ကောင်းမွန်သည့် ရလာဒ်များထွက်ပေါ်ရန် နှစ်ဖက် လက်နက်ကိုင်အဖွဲ့အစည်းများ အနေဖြင့် တိုက်ပွဲများ ရပ်တန့်ပေးရန် ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့က တောင်းဆိုသည်။
“ကျနော်တို့အနေနဲ့ မေတ္တာရပ်ခံချင်တာက သူတို့အနေနဲ့ အမြန်ဆုံးရပ်ပေးပါ။ နှစ်ဖက်လက်နက်ကိုင်စလုံးက အမြန်ဆုံးရပ်ပေးပါ။ လူထုကိုသက်ညှာသောအားဖြင့် သော်လည်းကောင်း ပြီးရင် ကျနော်တို့ NRPC ကလာမယ့် ၁၆၊ ၁၇ က ကျိုင်းတုံမှာ ဆွေးနွေးပွဲကိုတော့ အဲဒါကိုငဲှ့ညာသောအားဖြင့် အမြန်ဆုံး ရပ်ပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ်”
ပြီးခဲ့သည့် သြဂုတ်လ ၁၅ ရက်နေ့က မြောက်ပိုင်း မဟာမိတ် ပူးပေါင်းတပ် ၃ ဖွဲ့ဖြစ်သည့် PSLF/TNLA၊ ULA/AA၊ MNTJP/ MNDAA တို့က ပြင်ဦးလွင်ရှိ တပ်မတော် နည်းပညာ တက္ကသိုလ်နှင့် တပ်မတော် တပ်စခန်းများကို တိုက်ခိုက်မှုများ လုပ်ဆောင်လာခဲ့သည့်နောက်ပိုင်း ရှမ်းပြည်နယ် မြောက်ပိုင်းရှိ နေရာတော်တော်များများတွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလာခဲ့သည်။
အဆိုပါတိုက်ခိုက်မှု နောက်ပိုင်း မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့နှင့် အစိုးရတို့ ပြီးခဲ့သည့် သြဂုတ်လ ၃၁ ရက်နေ့က ကျိုင်းတုံမြို့တွင် Bilateral Ceasefire Agreement လက်မှတ်ရေးထိုးရန် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
၎င်းတွေ့ဆုံမှုပြီးနောက် တပ်မတော်က စစ်တိုင်းကြီး ၅ တိုင်းဖြစ်သည့် မြောက်ပိုင်းတိုင်း၊ အရှေ့မြောက်ပိုင်း တိုင်း၊ အရှေ့ပိုင်းတိုင်း၊ အရှေ့အလယ်ပိုင်းတိုင်းနှင့် တြိဂံဒေသတိုင်း စစ်ဌာနချုပ်နယ်မြေများတွင် စက်တင် ဘာလ ၁ ရက်နေ့မှ ၂၁ ရက်နေ့အထိ စတုတ္ထအကြိမ်မြောက် တစ်ဖက်သတ် အပစ်ရပ်ကာလအား ထပ်မံသက်တမ်းတိုးထားခဲ့သည်။
မြောက်ပိုင်း မဟာမိတ် ၃ ဖွ့ဲကလည်း ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုများကို အထောက်အကူပြုရန်ဆိုသည့် ရည်ရွယ်ချက်ဖြင့် စက်တင်ဘာလ ၉ ရက်နေ့မှ အောက်တိုဘာလ ၈ ရက်နေ့အထိ တစ်ဖက်သတ် အပစ်ရပ်ထားခဲ့ကြသည်။
သို့သော် နှစ်ဖက်လက်နက်ကိုင် အဖွဲ့အစည်းများမှ အပစ်ရပ်ထားကြသော်လည်း တိုက်ပွဲများ ဆက်လက်ဖြစ် ပွားနေသည့်အတွက် ဒေသခံများမှာ ကျေးရွာအတွင်းသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက် ဒဏ်ရာရရှိမှုများ ရှိနေသည့်အပြင် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။