တိုင်းရင်းသား မီဒီယာများ ရေရှည်တည်တံ့ရေး ဆွေးနွေးမည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်။
သတင်းထောက်များ၏ လုံခြုံရေး၊ သတင်းမီဒီယာကဏ္ဍ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် တိုင်းရင်း သား ပြည်နယ်အသီးသီးရှိ သတင်းမီဒီယာသမားများ၏ စိန်ခေါ်များကို သတ္တမအကြိမ်မြောက် သတင်း မီဒီယာ ညီလာခံတွင် ဆွေးနွေးသွားကြမည်ဟု ပွဲဖြစ်မြောက်ရေး တာဝန်ရှိသူများက ပြောသည်။
နိုင်ငံတကာ မြန်မာသတင်းအဖွဲ့ (BNI) ဥက္ကဌ နန်းဖောဂေးက “တိုင်းရင်းမီဒီယာ ညီလာခံရဲ့ အဓိကဆောင်ပုဒ်ကလည်း “Ethnic Media for Justice” ဆိုတဲ့အခါ ကြတော့ ကျမတို့ သက်ဆိုင်ရာ ပြည်နယ်မှာ ကျင်းပတော့ ဒီပြည်နယ်ရဲ့ ဌာနေတိုင်းရင်းသားတွေ ရဲ့ အခြေအနေနဲ့ထင်ဟပ်ပြီးတော့ ဒီပြည်နယ်ရဲ့ နိုင်ငံရေး လူမှုရေး အခြေအနေကို ပေါ်လွင်စေတဲ့ အရာကို ကျမတို့က ဆောင်ပုဒ်အ နေနဲ့ ရွေးချယ်ပြီးတော့ ကျင်းပတာ ဖြစ်တယ်ပေါ့နော်” ဟုပြောသည်။ “ဒီဆောင်ပုဒ် နဲ့ ဆက်စပ်ပြီးတော့ ပံ့ပိုးသွားနိုင်မယ့် ဆွေးနွေးချက်ခေါင်းစဉ်တွေအသီးသီးကိုလည်း ဒီသုံးရက်တာ အသီးသီးမှာ ဆွေးနွေးသွားမယ်” ဟုပြောသည်။
တိုင်းရင်းမီဒီယာ ညီလာခံကို “Ethnic Media for Justice” (တရားမျှတမှုအတွက် တိုင်းရင်းမီဒီ ယာ) ဆိုသည့် ဆောင်ပုဒ်ဖြင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ မနောကွင်းရှိ မဂျွယ်ခန်းမတွင် စက်တင်ဘာလ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့အ ထိ နိုင်ငံတကာ မြန်မာသတင်းအဖွဲ့ (BNI) က ကမကထပြုကာ သုံးရက်ကြာ ကျင်းပသွားမည် ဖြစ်သည်။
ဌာနေတိုင်းရင်းသားများ၏ အခြေအနေများနှင့် ကချင်ပြည်နယ်အတွင်းရှိ သတင်းမီဒီယာသမား များနှင့် ဒေသခံပြည်သူများအတွက် ဆုံးရှုံးနေသည့် အခွင့်အရေးများ၊ တရား မျှတမှုများ အတွက် အဖြေရရှိရေး ဆွေးနွေးသွားရန် ယခုကျင်းပနေသည့် ညီလာခံကနေထည့်သွင်း ဆွေးနွေးသွား မည်ဟု နန်းဖောဂေးက ဆက်ပြောသည်။
“ဥပဒေပိုင်းဆိုင်ရာက အထူးသဖြင့်ကတာ့ တရားမျှတမှုဆို တဲ့အခါမှာ ပဋိပက္ခတွေရှိနေစဲဖြစ်တဲ့ ကချင်ပြည်နယ်မှာ မီဒီယာသမားတွေအတွက်ရော ပြည်သူလူထုတွေအတွက်ရော အစုအဖွဲ့ အသီး သီးက လူတွေအတွက်ရော တရားဥပဒေနဲ့ တရားမျှတမှု တွေအတွက် တစ်စုံတစ်ရာ အဖြေရရှိဖို့အတွက် ဦးစားပေးပြီးဆောင်ရွက်သွားမယ်။”
ထို့အပြင် လက်ရှိ အနေအထားအရ သတင်းမီဒီယာသမားများအနေဖြင့် သတင်းရယူ ရေးသားရာ တွင် အကြောင်းအရာ အချက်အလက် တိကျမှန်ကန်မှုများရှိနေသော်လည်း ဖမ်းဆီးအရေးယူ တရားစွဲဆိုခြင်းများ ရင်ဆိုင်နေသည့်အတွက် တရားမျှတပြီး အန္တရာယ်ကင်းစွာ သတင်းရယူခွင့် ရှိသည့် အနေအထားမျိုးရောက်အောင် လုပ်ဆောင်သွားမည်ဟု မြန်မာသတင်းအဖွဲ့ (BNI) က တာဝန်ရှိ သူများက ပြောသည်။
“တစ်တချက်က တိုင်းရင်းမီဒီယာ မူ ဝါဒလေး အကြမ်းဖြစ်ပါစေပေါ့ တစ်စုံတစ်ရာ တွေ့ရှိလာဖို့အ တွက် စတင်ပြီး ဆက်လက်လုပ် ဆောင် သွားချင်တယ်။ အဓိကကတော့ သတ္တမအကြိမ်မြောက် တိုင်းရင်းမီဒီယာ ညီလာခံက ကျမတို့ အဆင့်ဆင့်မှာ ကွန်ရက်တွေဖွဲ့စည်းသွားဖို့တွေ ရေရှည်သွား ဖို့အတွက်တွေ လုပ်လာခဲ့ပေမယ့်လည်း တရားမျှတမှုပေါ့လေ မီဒီယာသမားက သတင်းရယူခြင်းအား ဖြင့်လည်း အန္တရာယ်မရှိဖို့အတွက် တရားမျှတမှု အတွက်လည်း ဥပဒေပိုင်းမှာ ရင်ဆိုင်နိုင်ဖို့အတွက်လည်း အဲ့ဒီရလာဒ်ကိုလည်း ရချင်ပါတယ်” ဟု နန်းဖောဂေးက ပြောသည်။
စက်တင်ဘာလ ၁၆ ရက်နေ့ (ယနေ့) တွင် စတင်ကျင်းပနေသည့် အဆိုပါ တိုင်းရင်းမီဒီယာ ညီလာ ခံတွင် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင် တက်ရောက်ခဲ့ပြီး လက်ရှိမြန်မာနိုင်ငံ၏ အနေအထားအရ သတင်းမီဒီယာ အခန်းကဏ္ဍ အရေးကြီးမှုနှင့် ပတ်သက်၍လည်း မိန့်ခွန်းထဲတွင် ထည့်သွင်းပြောကြားသွားခဲ့သည်။
ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က “ဒီနေ့ ကျနော်တို့နိုင်ငံကို ပြောမယ်ဆိုရင် ကျနော်တို့နိုင်ငံနဲ့ တူတဲ့နိုင်ငံဘယ်နိုင်ငံမှ မရှိဘူးလို့ ကျနော်ကတော့ ဒီလိုမြင်တယ်ဗျ။ ဘာကြောင့်လဲဆိုရင် လက်နက် ကိုင် တိုင်းရင်းသားအဖွဲ့ အစည်းတွေ အများဆုံးနိုင်ငံ၊ နိုင်ငံရေးပါတီလည်း အများဆုံးနိုင်ငံ၊ ငြိမ်းချမ်း ရေးမရသေးတဲ့နိုင်ငံ၊ အဖက်ဖက်မှာချွတ်ခြုံကျသေးတဲ့နိုင်ငံဆိုတဲ့ နိုင်ငံကြီး၊ ပြဿနာ ပေါင်းစုံနဲ့ ပြည့်နှက်နေတဲ့ ကျနော်တို့နိုင်ငံကြီး ဆိုတော့ အင်မတန်မှ ရှုတ်ထွေးပြီးတော့ ခက်ခဲ့တဲ့ ပြဿနာနဲ့ ပြည့်စုံ တဲ့နိုင်ငံကြီးပေါ့လေ ဒီလိုနိုင်ငံမှာ စတုတ္ထမဏ္ဍိုင်ဆိုတဲ့ မီဒီယာမဏ္ဍိုင်ကြီးဟာ အင်မတန်မှ အရေးကြီးပါတယ်” ဟု ပြောသည်။
မြစ်ကြီးနားမြို့တွင်ကျင်းပနေသည့် သတ္တမအကြိမ်မြောက် တိုင်းရင်းမီဒီယာ ညီလာခံ ပထမနေ့တွင် သတင်းထောက်များ၏ လုံခြုံရေးနှင့် မီဒီယရေရှည်တည်တံ့ခိုင်မြဲရေး၊ အကြီးစားဖွံ့ဖြိုးရေးစီမံကိန်း နှင့် သဘာဝပတ်ဝန်းကျင်နှင့် အများပြည်သူများအပေါ် ဆိုးကျိုးသက်ရာက်မှုများနှင့် တိုင်းရင်း မီဒီ ယာ မူဝါဒကိစ္စရပ်တွေကို အဓိကထား ဆွေးနွေးသွားကြမည်ဖြစ်သည်။။
ကျန်နှစ်ရက်တွင်လည်း ကချင်ပြည်နယ်၏ နိုင်ငံရေးအခြေအနေများကို သုံးသပ်ခြင်း၊ သတင်းမီဒီ ယာလွတ်လပ်မှုနှင့် ဒီမိုကရေစီအသွင်းကူးပြောင်းရေးအလားအလာ၊ ပစ်ခတ်တိုက်ခိုက်မှုများ၊ ငြိမ်း ချမ်းရေးဖြစ်စဉ်၊ ပြုပြင်ပြောင်းလဲရေးနှင့် တိုင်းရင်းမီဒီယာများ၏ လားရာများနှင့် တိုင်းရင်းမီဒီယာနှင့် တရားမျှတရေးဆိုင်ရာ ချိတ်ဆက်မှုများကို ခေါင်းစဉ်အလိုက် ဆွေးနွေးသွားမည်ဟု သိရသည်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်ကျင်းပနေသည့် သတ္တမအကြိမ်မြောက် တိုင်းရင်းမီဒီယာ ညီလာ ခံတွင် မြန်မာနိုင်ငံ ဒေသအသီးသီးက သတင်းမီဒီယာသမားများ၊ BNI အဖွဲ့ဝင် တိုင်းရင်းသတင်း ဌာန ၁၄ ဖွဲ့မှ ကိုယ်စားလှယ်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ပြည်နယ်အတွင်းရှိ ရိုးရာယဉ်ကျေး မှု အဖွဲ့များ၊ စစ်ဘေးရှောင်ဒုက္ခပြည်သူများ စုစုပေါင်း လူဦးရေ (၃၀၀) နီးပါးခန့် တက်ရောက် ခဲ့ ကြ သည်။