နမ့်ဆန် စစ်ဘေးရှောင် ၁၅၀၀ ကျော်ရှိလာပြီး သောက်သုံးရေ အခက်တွေ့
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်။
ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန်မြို့နယ်အတွင်းက ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ၁၅၀၀ ကျော်အထိ ရှိလာပြီး စားဝတ်နေရေးအပြင် သောက်သုံးရေ အခက်အခဲများနှင့် ရင်ဆိုင်နေရသည်ဟု ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ အလုပ်အမှုဆောင် ဦးသိန်းဇော် က ပြောသည်။
“၁၅၀၀ ဝန်းကျင်လောက်ရှိနေပြီ။ ဘာဖြစ်လို့လဲဆိုတော့ နေ့ခင်းတုန်းကဆိုရင် ၁၂၅၉၊ ၁၂၆၀ ပေါ့ကွာ။ ၁၂၅၉ ဒီညနေကတော့ ၂၂၀ ကျော်ပြန်လာတယ်ဆိုတော့ ၁၅၀၀ ဝန်းကျင်လောက်ရှိနေပြီခင်ဗျာ။”
နမ့်ဆန်မြို့နယ်အတွင်းတွင် စက်တင်ဘာလ ၁၃ ရက်နေ့မှ စတင်ကာ ယနေ့အထိ ဖြစ်ပွားနေသည့် တပ်မ တော်နှင့် တအန်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် PSLF/TNLA တို့အကြား တိုက်ပွဲများ ကြောင့် ဒေသခံများမှာ ဘေးလွတ်ရာသို့ စစ်ဘေးရှောင်လာခဲ့ကြခြင်းဖြစ်သည်။
နမ့်ဆန်မြို့ပေါ်က စစ်ဘေးရှောင်များအတွက် သောက်သုံးရေနှင့် သုံးစွဲရန် ရေအခက်အခဲများနှင့် ကြုံနေရပြီး မြို့နှင့် အလှမ်းဝေးသည့် ကျေးရွာများတွင် ဖွင့်လှစ်ထားသည့် စစ်ဘေးရှောင်စခန်းများတွင်မူ စားဝတ်နေရေးအတွက် အကူညီများ လိုအပ်နေသည်ဟု ဦးသိန်းဇော်က ဆက်ပြောသည်။
“အခုလက်တလောအနေနဲ့ကတော့ မြို့ပေါ်မှာ စားဖို့သောက်ဖို့ ရှိနေပေမယ့်လည်း ရွာပိုင်းမှာ အနောက်ပိုင်းအုပ်စု ပန်စရီတို့ မြို့နဲ့ တော်တော်လှမ်းတယ်။ ဝေးတယ်။ ပြီးရင် ကယားကြီး အုပ်စု ကယားကြီး ဘုန်းကြီး ကျောင်းမှာလည်း မြို့နဲ့ တော်တော် အလှမ်းဝေးတယ်။ အခုတိုးတဲ့ စစ်ရှောင်စခန်းအသစ်လည်း မြို့နဲ့ ပိုပြီးမှ အလှမ်းဝေးသေးတယ်။ အဲဒီ သူတို့ရဲ့ စားဖို့သောက်ဖို့အတွက်ကတော့ နည်းနည်းတော့ အခက်အခဲရှိတယ်” ဟု ဦးသိန်းဇော်ကပြောသည်။ “အခုက ပိုပြီးတော့ အခက်အခဲဖြစ်တာကတော့ လူဦးရေထောင်ဂဏာန်းဖြစ်တဲ့ အခါ ကျတော့ သူတို့သုံးသောက်ရေရယ် သူတို့ ချိုးဖို့ရေရယ် နည်းနည်းလေးအခက် အခဲဖြစ်ပါတယ်။”
စစ်ဘေးရှောင်များ၏ စားဝတ်နေရေးအတွက် ပရဟိတလူမှု့အဖွဲ့များနှင့် စေတနာရှင်များက ကူညီ ထောက်ပံ့ပေး ထားသော်လည်း လိုအပ်မှုများ ရှိနေဆဲဖြစ်ပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားမည်ဆိုပါက ပို၍ခက်ခဲလာနိုင်သည်ဟု ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ က ဆိုသည်။
ထွက်ပြေးတိမ်းရှောင်လာကြသည့် စစ်ဘေးရှောင်များမှာ ဟိုချောင်းကျေးရွာ၊ ယွန်းကြီးကျေးရွာအနီးတစ်ဝိုက်ရှိ ရွာများ၊ ကယားကြီးကျေးရွာအုပ်စုရှိ ရွာများနှင့် အနောက်ပိုင်းအုပ်စုရှိ ကျေးရွာများမှ ဒေသခံများဖြစ်သည်ဟု သိရသည်။
လက်ရှိတွင် စစ်ဘေးရှောင်စခန်း ၆ ခုခန့် ဖွင့်လှစ်ထားရပြီး စစ်ဘေးရှောင်များကို ဘုန်းကြီးကျောင်များနှင့် စာသင်ကျောင်းများတွင် နေရာချထားသည်ဟု ဆိုသည်။
လက်ရှိတွင် နမ့်ဆန်မြို့နယ်အတွင်းတွင် နေ့တိုင်းနီးပါး တိုက်ပွဲများ ဖြစ်ပွားနေပြီ လက်နက်ကြီး ကျည်များလည်း ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲသည့်အတွက် ဒေသခံများ ထိခိုက်ဒဏ်ရာရရှိမှုများ ရှိနေသည့်အပြင် လူနေအိမ်များပါ ထိမှန်ပျက်ဆီးမှုများရှိနေသည်ဟု သိရသည်။
တိုက်ပွဲဖြစ်ပွားလာသည့် အခြားတစ်ဖက်တွင် လက်နက်ကိုင် အဖွဲ့အစည်းများမှ ဒေသခံများအား သံသယဖြင့် ဖမ်းဆီးစစ်ဆေးမှုများ ခံနေရခြင်း၊ ညှင်းပန်းနှိပ်စက်ခံနေရခြင်းများနှင့် အမျိုးမျိုးသော လူ့အခွင့်အရေး ချိုးဖောက် မှုများကို ခံနေရသည်ဟု တအာင်းအမျိုးသမီး အဖွဲ့အစည်း TWO ပြောရေးဆိုခွင့်ရှိသူ လွေးချိဆငါးက ပြောသည်။
“ဒီလိုမျိုး လက်နက်ကိုင် ၂ ဖွဲ့ တိုက်ပွဲဖြစ်နေတဲ့အပေါ်မှာ ကျမတို့က လက်နက်ကိုင် ပြဿနာ ဖြစ်တဲ့အ တွက် ကြောင့်မို့ တစ်ခါတစ်ခါမှာဆိုရင် လူထုတွေကို ဦးတည်တဲ့ ပုံစံမျိုးတွေဖြစ်နေတယ်။ ဒီနောက်ပိုင်းဆို ဖမ်းဆီးမှုတွေ နှိပ်စက်မှုတွေ တိုက်ခိုက်မှုတွေက များလာတော့ အဲဒါတွေလည်း မလုပ်ဖို့ ကျမတို့က တောင်းဆိုချင်တယ်” ဟု ပြောသည်။
ထို့အပြင် နှစ်ဖက်လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် အပစ်ရပ်စဲသည်ဟု ကြေငြာထားသည့်အတိုင်း စာ ရွက်ပေါ်တွင် အပစ်ရပ်စဲခြင်းမျိုးမဟုတ်ပဲ မြေပြင်တွင် အပစ်ရပ် တကယ်လုပ်ဆောင်ရန် လိုသည်ဟု လွေးချိဆငါးက ဆက်ပြောသည်
“မနက်ဖြန်ကလည်း သူတို့ ဆွေးနွေးပွဲရှိတယ်။ အဲဒီဆွေးနွေးပွဲမှာတော့ ကျမတို့ မျှော်လင့်ချက်တော့ ထားချင်တာ ပေါ့နော်။ ကိုယ်ဆွေးနွေးရင် ဆွေးနွေးတဲ့အတိုင်းမှာပဲ အဲဒီ ရလာဒ်တွေမှာ ပြန်ပြီးတော့ အကောင်အထည်ဖော်စေချင်တယ်။ ဆွေးနွေးချက်နဲ့ မြေပြင်ပေါ်မှာ ဖြစ်နေတဲ့ အရာ တွေက တစ်ထပ်တည်းဖြစ်စေချင်တယ် ။ အပစ်ခတ်ရပ်စဲတယ်ဆိုတာ ကြေငြာထားတဲ့ အတိုင်း ဖြစ်စေချင်တယ်” ဟု ပြောသည်။
နှစ်ဖက်လက်နက်ကိုင် အဖွဲ့အစည်းများမှ အပစ်ရပ်စဲ ကြေငြာသည့် နောက်ပိုင်း ရှမ်းပြည်နယ် မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်အတွင်း တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည့်အတွက် အပစ်ရပ်ကြေငြာထားသည့်အတိုင်း မြေပြင်တွင် လုပ်ဆောင်ရန် ဒေသခံများက တောင်းဆိုသည်။
စစ်တိုင်းကြီး ၅ တိုင်းဖြစ်သည့် မြောက်ပိုင်းတိုင်း၊ အရှေ့မြောက်ပိုင်းတိုင်း၊ အရှေ့ပိုင်းတိုင်း၊ အရှေ့အလယ်ပိုင်း တိုင်းနှင့် တြိဂံဒေသတိုင်း စစ်ဌာနချုပ်နယ်မြေများတွင် တပ်မတော်က စက်တင် ဘာလ ၁ ရက်နေ့မှ ၂၁ ရက်နေ့ အထိ စတုတ္ထအကြိမ်မြောက် တစ်ဖက်သတ် အပစ်ရပ်ကာလအား ထပ်မံသက်တမ်းတိုးထားခဲ့သည်။
ထို့အပြင် မြောက်ပိုင်း မဟာမိတ် ၃ ဖွ့ဲကလည်း ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုများကို အထောက်အကူပြုရန်ဆို သည့် ရည်ရွယ်ချက်ဖြင့် စက်တင်ဘာလ ၉ ရက်နေ့မှ အောက်တိုဘာလ ၈ ရက်နေ့အထိ တစ်ဖက်သတ် အပစ် ရပ်ထားခဲ့ကြသည်။
နှစ်ဖက်လက်နက်ကိုင် အဖွဲ့အစည်းများမှ အပစ်ရပ်ထားကြသော်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့် အတွက် ဒေသခံများမှာ ကျေးရွာအတွင်းသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက် ဒဏ်ရာရရှိမှု များ ရှိနေသည့်အပြင် ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။