ရွေးကောက်ပွဲ မတိုင်မီ ဖက်ဒရယ် အုတ်မြစ်ချနိုင်ရန် အရေးကြီးဟု PPST ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁၀ ရက်။

၂၀၂၀ တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲ မတိုင်မီ ဖက်ဒရယ် မူဝါဒနှင့် ပတ်သက်သည့် အခြေခံ အုတ်မြစ်များကို ချမှတ်နိုင်ရန် လိုအပ်ကြောင်း အပစ်ရပ်အဖွဲ့များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ယာယီ အဖွဲ့ခေါင်းဆောင် က ပြောသည်။

PPST ယာယီအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်က ထိုသို့ချမှတ်နိုင်မှသာ ၂၀၂၀ အလွန် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ဖက်ဒရယ် ပြည်ထောင်စု တည် ဆောက်ရေးတွင် အဆင်ပြေ နိုင်လိမ့်မည်ဟု ပြောသည်။

“အခြေခံ အုတ်မြစ် တွေ ၂၁ ရာစု ပင်လုံမှာ ချမှတ်အတည်ပြုထားဖို့ လိုအပ်ပါတယ်။ ဒါမှသာ ၂၀၂၀ အလွန်မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး လုပ်ငန်းစဉ်အတွက် ဖြောင့် ဖြူးသွားမှာ ဖြစ်ပါတယ်”ဟုပြောသည်။

အောက်တိုဘာလ ၁၀ ရက် ယနေ့တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပနေသည့်  အပစ်ရပ်အဖွဲ့များ၏ ငြိမ်း ချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေး အဖွင့်မိန်းခွန်းတွင် ဗိုလ်ချုပ်ကြီး ယွက်စစ်က ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့အပြင် “၂၀၂၀ ရွေးကောက်ပွဲဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် အနည်းနဲ့အများ ရိုက်ခတ်သက်ရောက်နိုင်တဲ့ အတွက် ဒီကာလတွေမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆောင်ရွက်တဲ့အခါ အသိတရားသတိတရားနဲ့ ဆောင်ရွက် ဖို့ အထူး လိုအပ်ပါတယ်” ဟု ဗိုလ်ချုပ်ကြီး ယွက်စစ် က ပြောသည်။

ပအို့ဝ်အမျိုးသားအဖွဲ့ချုပ် PNLO မှ ဒု-ဥက္ကဌ ခွန်မြင့်ထွန်းကလည်း “အစိုးရ လွှတ်တော် တပ်မတော် တိုင်းရင်း သားလက်နက်ကိုင်တွေ နိုင်ငံရေးပါတီတွေ ဒီအစုအဖွဲ့တွေ အားလုံးက ပူးတွဲပိုင်ဆိုင်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်အနေနဲ့ ပူးတွဲဦးဆောင်ပြီးတော့ အကောင်အထည်ဖော်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ လုပ်နေကြတာဖြစ်ပါတယ်။ အဲ့ဒီထဲကမှ အစုအဖွဲ့ တစ်ခုခု အပြောင်းအလဲတွေ ဖြစ်ကြတယ်ဆိုရင်တော့ အနည်းနဲ့အများ ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ်မှာ ရိုက်ခတ်တာဖြစ်ပါတယ်” ဟု ပြောသည်။

အပစ်ရပ်စာချုပ် (NCA) လက်မှတ်ရေးထိုးပြီးနောက် သမ္မတဟောင်း ဦးသိန်းစိန်အစိုးရမှ NLD အစိုးရ အကူးအပြောင်းကာလတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် အပြောင်းအလဲများ၊ အကောင်အထည်ဖော်မှုဆိုင်ရာ လုပ်ငန်းများတွင် စဉ်းစားတွေးခေါ်ပုံ မတူညီခဲ့သောကြောင့် ၎င်းအခြေအနေများအပေါ် ပြန်လည်သုံးသပ်ပြီး ဆွေးနွေးမှုများ ပြုလုပ်နေသည်ဟု ခွန်မြင့်ထွန်းက ဆက်ပြောသည်။

“အဲ့ခါကြတော့ ကျနော်တို့အနေနဲ့က လာမယ့်ကာလမှာ ဒီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ လုပ်ငန်းစဉ်အဆင့်ဆင့်ဆိုတာကို ကျနော်တို့က ကြိုတင်ပြီးတော့မှ ဒီလက်ရှိအစိုးရလက်ထက်မှာကို ကျနော်တို့ သဘောထား တူညီမှုယူပြီးတော့ အဲ့ဒါကို တရားဝင် အတည်ပြုပေါ့လေ ငြိမ်းချမ်းရေးညီလာခံနဲ့ လွှတ်တော်မှာ တရားဝင် အတည်ပြုထားပြီးပြီဆိုရင်တော့ အစိုးရတွေက အပြောင်းအလဲဖြစ်လာရင်လည်း ကျနော် တို့ ဖော်ဆောင်မယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အတွက်ကတော့ အာမခံချက်ရှိမှာဖြစ်တယ်။ ပြီးရင်ပိုပြီးမှ အကောင်အထည်ဖော်နိုင်မယ်။ အဲ့ဒါတွေအတွက်ကိုလည်း ဆွေးနွေးနေတာတွေ ရှိပါတယ်။”

ထို့အပြင် ဗိုလ်ချုပ်ကြီး ယွက်စစ်က ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ကျင်းပနေချိန်မှာ “ဗုံးသံ၊ သေနတ်သံတွေ တိတ်ဖို့” ဆောင်ရွက်ရန် အရေးကြီးကြောင်း၊ “မီးစတစ်ဖက်၊ ရေမှုတ်တစ်ဖက်” မဖြစ်ရန် အရေးကြီးကြောင်း ပြောသည်။

PPST အစည်းအဝေးကို အောက်တိုဘာလ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပပြုလုပ် မည်ဖြစ် ပြီး အစည်းအဝေးသို့ NCA အပစ်ရပ်ထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့မှ ကိုယ်စား လှယ် အယောက် ၇၀ ခန့် တက်ရောက်နေသည်။

PPST အစည်းအဝေးတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် လမ်းကြောင်းမှန်ပေါ် ပြန် လည်ရောက် ရှိရေး၊ တရားဝင် ဆွေးနွေးပွဲများ ပြန်လည်ကျင်းပနိုင်ရေး၊ ၂၀၂၀ အတွင်း စတုတ္ထအကြိမ် ၂၁ ရာစုပင်လုံ ကျင်းပနိုင်ရေး၊ ဖက်ဒ ရယ် ပြည်ထောင်စု တည်ဆောက်နိုင်ရေးတို့ကို ရည်မှန်းပြီး တစ်ဆို့မှု ကျော်လွှားရေးအတွက် အစိုးရ ညှိနှိုင်းရေးအဖွဲ့နဲ့ NCA-s EAO ညှိနှိုင်းရေး အဖွဲ့တို့ရဲ့ ဆွေးနွေးပွဲနဲ့ ပတ်သက်တဲ့ အကြောင်းအရာများကို ဆွေးနွေးသွားကြမည်ဟု သိရသည်။

ထို့အပြင် အပစ်ရပ်အဖွဲ့များနှင့် အစိုးရကိုယ်စားလှယ်များ၏ ဥရောပခရီးစဉ်အတွင်း အလွတ်သဘော တွေ့ဆုံ စဉ်က တွေ့ဆုံမှု ရလာဒ်များ၊ NCA  ၄ နှစ်ပြည့် အခမ်းအနား ကျင်းပရေး အစရှိသည်များကို ထည့်သွင်း ဆွေးနွေး သွားကြမည်ဟု ဆိုသည်။

PPST ယာယီအဖွဲ့ခေါင်းဆောင်၏ ယနေ့ ပြောကြားခဲ့သည့် အဖွင့်မိန့်ခွန်းထဲတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥ ပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍လည်း ထည့်သွင်းပြောကြားခဲ့သည်။

NCA ပြဌာန်းထားသည့်အတိုင်း ပြည်ထောင်စု သဘောတူစာချုပ်အရ ဖွဲ့စည်းပုံ အခြေခံဥပဒေများကို ပြင်ဆင်ပြီး ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်သွားရမည် ဖြစ်သည့်အတွက် NCA နိုင်ငံရေး လမ်းပြမြေပုံ ၇ ဆင့်အ တိုင်း တသွေမတိမ်း အဆင့်ဆင့် ဆောင်ရွက်သွားရမည်ဟုဆိုသည်။

ဗိုလ်ချုပ်ကြီး ယွက်စစ် က “လွှတ်တော်တွင်းမှာ ဆောင်ရွက်နေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ရေးနဲ့ NCA လမ်းကြောင်းအရ မိမိတို့ ဆောင်ရွက်နေတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးတို့ဟာ လိုက်လျောညီထွေ သဟ ဇာတ ဖြစ်ဖို့လိုအပ်ပါ တယ်။ အစွန်းမရောက်ဘဲ မလျှော့မတင်းစောင်းကြိုးညှင်းလို သတိထား ဆောင်ရွက် သွား ရမှာဖြစ်ပါတယ်”ဟု ပြောသည်။

ထို့ကြောင့် ယခုအစည်းအဝေးမှ ရှေ့လုပ်ငန်းစဉ်ချမှတ်ရာတွင် အားလုံး ပါဝင်နိုင်ရေးကို တတ်နိုင်သမျှ ဆောင် ရွက်ရန်နှင့် နိုင်ငံရေး စစ်ရေး၊ ငြိမ်းချမ်းရေး၊ စီးပွားရေး၊ နိုင်ငံတကာ အရေးတို့နှင့် လိုက်လျောညီထွေဖြစ်မည့် ရှေ့လုပ်ငန်းစဉ်ကို ချမှတ်သွားကြရန်လိုသည်ဟု PPST ယာယီအဖွဲ့ခေါင်းဆောင် က ပြောသည်။

ယခုကျင်းပပြုလုပ်နေသည့် အပစ်ရပ်အဖွဲ့များ၏ PPST အစည်းအဝေး ပြီးဆုံးပါက အပစ်ရပ်အဖွဲ့များအနေဖြင့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များနှင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တစ်ဖွဲ့ချင်းစီ အလွတ်သဘော တွေ့ဆုံ သွား မည်ဟု သိရသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA အပစ်ရပ် လက်မှတ်ရေးထိုးထားသည့် အဖွဲ့ များမှာ  ကရင်အမျိုးသား အစည်းအရုံး KNU ၊ ချင်းအမျိုးသားတပ်ဦး CNF ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC ၊ ပအို့ဝ်အမျိုး သား လွတ် မြောက်ရေးအဖွဲ့ချူပ် PNLO၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS ၊ ကရင်အမျိုးသား ဒီမိုကရေစီအကျိုးပြုတပ်မတော် DKBA ၊ မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး LDU တို့ဖြစ်သည်။

Unicode….


















