ငြိမ်းချမ်းရေး ရှေ့ဆက်နိုင်ရေး PPST စည်းဝေး ( ဓါတ်ပုံ)

သတင်းနှင့်မီဒီယာကွန်ရက်။
အောက်တိုဘာလ ၁၀ ရက်နေ့၊ ၂၀၁၉ ခုနှစ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် NCA အပစ်ရပ် ၁၀ ဖွဲ့၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အဖွဲ့အစည်းအဝေး ယနေ့စတင်ကျင်းပနေသည်။

၅ ကြိမ်မြောက်ကျင်းပသည့် အစည်းအဝေးတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် လမ်းကြောင်းမှန်ပေါ် ပြန်လည်ရောက်ရှိရေး ကိစ္စ၊ တရားဝင် ဆွေးနွေးပွဲများ ပြန်လည်ကျင်းပနိုင်ရေးကိစ္စ၊ စတုတ္ထအကြိမ် ၂၁ ရာစုပင်လုံ ကျင်းပနိုင်ရေးကိစ္စ၊ NCA သဘောတူစာချူပ် လက်မှတ်ရေးထိုးခြင်း ၄ နှစ်ပြည့် အခမ်းအနား ကျင်းပရေး ကိစ္စ များအား အဓိက ဆွေးနွေးသွားရန်ရှိသည်ဟု သိရသည်။

ယနေ့စတင်ကျင်းပသည့် အစည်းအဝေးတွင် တစ်ဆို့နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ကျော်လွှားနိုင်ရေးနှင့် ပတ်သက်၍ မကြာသေးမှီက သွားရောက်ခဲ့သည့် ဥရောပ ခရီးစဉ် တွင် NCA-s EAO ကိုယ်စားလှယ်များနှင့် အစိုးရ ကိုယ်စားလှယ်အဖွဲ့တို့ဟာ အလွတ်သဘောတွေ့ဆုံမှုတွေရှိခဲ့ပြီး ရလာဒ်များကို ယခုအစည်းအဝေး၌ တင်ပြသွားရန်ရှိသည်ဟုလည်း သိရှိရသည်။

အစည်းအဝေးကို NCA အပစ်ရပ် ၁၀ ဖွဲ့ဖြစ်သည့် ကရင်အမျိုးသား အစည်းအရုံး KNU ၊ ချင်းအမျိုးသားတပ်ဦး CNF ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC ၊ ပအို့ဝ်အမျိုး သား လွတ်မြောက်ရေးအဖွဲ့ချူပ် PNLO၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS ၊ ကရင်အမျိုးသား ဒီမိုကရေစီအကျိုးပြုတပ်မတော် DKBA ၊ မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး LDU တို့မှ ခေါင်းဆောင်ကိုယ်စားလှယ် ၇၀ ခန့် တက်ရောက်နေသည်။