ငြိမ်းချမ်းရေး ဆိုင်ရာ မူဘောင် ဆွေးနွေးပွဲသို့ NCA ထိုးမထားသော အဖွဲ့များကို ဖိတ်မည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇန္နဝါရီလ ၂၀ ရက်။
NCA အပစ်ရပ်အဖွဲ့များနှင့် အစိုးရတို့ ပြုလုပ်မည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ မူဘောင်ပြင်ဆင်ရေး အစည်းအဝေးသို့ NCA ရေးထိုးထားခြင်းမရှိသော အဖွဲ့များကိုလည်း ဖိတ်ကြားသွားမည်ဟု အပစ်ရပ်အဖွဲ့ ခေါင်းဆောင်များက ပြောသည်။
“လာမယ့် မူဘောင်ပြင်ဆင်ရေး အစည်းအဝေးမှာတော့ ညီနောင်တွေကို ကျနော်တို့ ဖိတ်မှာ ဖြစ်ပါတယ်။ သ ဘောထားကလည်း ကျပြီးသားဖြစ်တယ်။ ဆိုတော့ ဦးဆုံးအဆင့်အနေနဲ့ကျတော့ ခုနပြောသလို လာမယ့် မူ ဘောင်ပြင်ဆင်ရေး အစည်းအဝေးမှာတော့ မလွဲမသွေ ဖိတ်မှာဖြစ်ပါတယ်။ ဒါက ပထမ ကျနော်ထင်တယ် အစ ပြုတဲ့ စမှတ်အနေနဲ့ ကျနော်တို့မြင်ပါတယ်” ဟု အပစ်ရပ် ၁၀ ဖွဲ့၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းငင်းက ပြောသည်။
ဇန္နဝါရီလ ၁၇ ရက်နေ့မှ ၁၈ ရက်နေ့အထိ ၂ ရက်တာ ကျင်းပပြုလုပ်ခဲ့သည့် PPST ၏ ၈ ကြိမ်မြောက် အစည်း အဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များကို ဗိုလ်မှူးကြီး စိုင်းငင်းက ပြောကြားခဲ့ခြင်း ဖြစ် သည်။
သို့ရာတွင် အပစ်ရပ် ၁၀ ဖွဲ့မှ အလုပ်အဖွဲ့များနှင့် အစိုးရ၊ တပ်မတော်မှ ဖွဲ့စည်းထားသည့် အလုပ်အဖွဲ့တို့ တွေ့ဆုံ ညှိနှိုင်းမှု ပြုလုပ်ပြီး နောက်ပိုင်းမှသာ မူဘောင်ပြင် ဆင်ရေး အစည်းအဝေး ကျင်းပမည့်ရက်ကို သိရမည်ဟု PPST က ပြောသည်။
“အဲဒါတော့ ကျနော်ထင်တယ် ၂၈၊ ၂၉ ညှိနှိုင်းချက်အပေါ်မှာ မူတည်တယ်။ အမြန်ဆုံးလုပ်သွားဖို့ အနေအထား ရှိ တယ် ဘာဖြစ်လို့လဲဆိုတော့ အဲသလို မူဘောင်ကို အတည်ပြုမှပဲ ခုနပြောတဲ့ အမျိုးသားအဆင့် နိုင်ငံရေး ဆွေး နွေးပွဲတွေ ကျန်တဲ့ တရားဝင် Process တွေဟာ စတင်ဖို့က လမ်းပွင့်သွားမှာကိုး အဲဒါလေး ပါနော” ဟုဗိုလ်မှူးကြီး စိုင်းငင်းက ပြောသည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ မူဘောင်ပြင်ဆင်ရေး အစည်းအဝေးကို ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံညီလာခံ မတိုင်မှီ ပြုလုပ်သွားမည်ဟု PPST က ဆိုသည်။
၂၁ ရာစုပင်လုံ ညီလာခံ အစည်းအဝေးအတွက် အလုပ်လုပ်နိုင်မည့် မူဘောင်တစ်ခုအား ရှာဖွေရာတွင် ငြိမ်း ချမ်း ရေးလုပ်ငန်းစဉ်တွင် ပါဝင်လုပ်ဆောင်နေသည့် သက်ဆိုင်ရာ အဖွဲ့အစည်းများ အားလုံးတွင် တာဝန်ရှိ သည်ဟု PPST မှ ပြောရေးဆိုခွင့်ရှိသူ ဦးသံခဲက ပြောသည်။
“အဲဒီရှာဖွေမှုဟာ ကျနော်တို့မှာလည်း တာဝန်ရှိတယ်အစိုးရမှာလည်း တာဝန်ရှိတယ်။ တပ်မတော်မှာလည်း တာဝန်ရှိတယ်။ လက်မှတ်ရေးမထိုး ထား တဲ့ သူတွေမှာလည်း တာဝန်ရှိတယ်။ ဒီတော့ ဒီဟာတွေ အားလုံးရဲ့ ညှိနှိုင်းမှုတွေအပေါ်မှာ မူတည်လိမ့်မယ်လို့ ထင်တယ်။”
နှစ်ရက်တာ ကျင်းပပြုလုပ်မည့် PPST ၏ ၈ ကြိမ်မြောက် အစည်းအဝေးမှ မူဘောင်ပြင်ဆင်ရေးတွင် NCA-ထိုးမထားသော အဖွဲ့များကို ဖိတ်ကြားသွားရန် အပါအဝင် အချက် ၅ ချက်ကို ဆုံးဖြတ်ခဲ့သည်ဟု PPST က ပြောသည်။
“ဒီဆုံးဖြတ်ချက် ငါးချက်ထဲမှာဆိုရင် အကျဉ်းချုံး ပြောမယ်ဆိုရင် လာမည့် ဒီ UPC ပေါ့နော် ဘယ်လိုကျင်းပမလဲ၊ နောက်တော့ ကျနော်တို့ ကျင်းပတဲ့ အခါကျရင် ဘယ်အချက်ကို အဓိက ထားပြီး လုပ်ကြမလဲဆိုတာ အသေးစိတ် စဉ်းစားကြတယ် ဆွေးနွေးကြတယ်၊ နောက်ပြီးတော့ ကျနော်တို့ အသေးစိတ် အလုပ်အဖွဲ့ လာမည့် ၂၈ အလုပ် အဖွဲ့ထဲမှာလည်း ပိုပြီးတော့ တစ်ဘက်က အစိုးရ အဖွဲ့နဲ့လည်း ကျနော်တို့ အသေးစိတ် ပြန်ပြီးတော့ ဆွေးနွေးဖို့လည်း လမ်းညွှန်ချက် ချထားပါတယ်။” ဟု PPST မှ ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေး က ပြောသည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေး ကို NCA လက်မှတ်ရေးထိုးထားသည့် အပစ် ရပ် ၁၀ ဖွဲ့မှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြ သည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှာ ကရင်အမျိုးသား အစည်း အရုံး KNU ၊ ချင်းအမျိုးသားတပ်ဦး CNF ၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး ABSDF ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC ၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချူပ် PNLO၊ ရခိုင် ပြည်လွတ်မြောက်ရေးပါတီ ALP ၊ ရှမ်းပြည်ပြန် လည်ထူထောင်ရေး ကောင်စီ RCSS ၊ ကရင်အမျိုးသား ဒီမို ရေစီအကျိုးပြုတပ်မတော် DKBA ၊ မွန်ပြည်သစ် ပါတီ NMSP နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU တို့ ဖြစ်သည်။