ကောင်းခါး ဆရာမ နှစ်ဦး အမှုမှန်ပေါ်ရေး အဖြစ်မှန်ဖော်ထုတ်ကြရန် တောင်းဆို
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇန္နဝါရီလ (၂၀) ရက်။
အဓမ္မပြုကျင့်ကာ အသတ်ခံခဲ့ရသည့် ကချင်ဆရာမနှစ်ဦး၏ အမှုမှန်ပေါ်ပေါက်ရေး အတွက် ဒေသခံများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းပါဝင်ပေးကြရန် မိသားစုဝင်များနှင့် အမှုမှန်ပေါ်ပေါက်ရေး ကော်မတီက မေတ္တာရပ်ခံ တောင်းဆိုလိုက်သည်။
အမှုမှန်ပေါ်ပေါက်ရေးအတွက် သက်သေများ အဖြစ်မှန်ထွက်ဆိုရန် ကြောက်လန့်နေသဖြင့် အမှုရှေ့ဆက် သွားရန် ခက်ခဲနေသည်ဟု ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဋ္ဌ သိက္ခာတော်ရ ဆရာတော် ဒေါက် တာ ခလမ်ဆမ်ဆွန် က ပြောသည်။
“ကျနော်တို့ ကောင်းခါးမှာ ရှိတဲ့ ရွာသူ/သားတွေ တွန်းအားပေးနေပါတယ်။ အခုနက ပြော သလို သူတို့က ကြောက်စိတ်တွေကို တအားများနေတော့ သူတို့အဖြစ်မှန်ကို မပြောပြရဲဘူး။ တကယ်လို့ သူတို့အနေနဲ့ အဖြစ်မှန်ကို ပြောပြနိုင်ခဲ့ရင်တော့ တရားရုံးမှာ စွဲဆိုလို့ရမှာပေါ့။ အခု ကောင်းခါးရွာက အထူး သဖြင့် အုပ်ချုပ်ရေးမှူးတို့ ရွာသူ/ရွာသားတွေအားလုံးပေါ့ဗျာ သူတို့က အဖြစ်မှန်ကို မပြောရဲကြဘူးဖြစ်နေတယ် အဲ့ဒါကြောင့်မို့လို့ ဘာမှ လုပ်လို့မရဘူး။”
ထိုအမှုမှန်ပေါ်ပေါက်ရေး ကောင်းခါးကျေးရွာမှ ဒေသခံများအပြင် ထိုကာလတွင် တာဝန်ကျခဲ့သည့် သက် ဆိုင်ရာ အာဏာရှိသူများက ပူးပေါင်းပါဝင်ကြဖို့ လိုအပ်သည်ဟု သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန် က ပြောသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင်၊ ကောင်းခါးကျေးရွာတွင် အဓမ္မပြုကျင့်ပြီး အသတ်ခံခဲ့ရသည့် စေတနာ့ဝန်ထမ်း ကချင်ဆရာမနှစ်ဦး အတွက် ၅ နှစ်ပြည့် အောက်မေ့သတိရဆုတောင်းခြင်း အခမ်းအနားကို မြစ်ကြီးနားမြို့ ရှိ ဂျော်ဘွမ်ဆုတောင်းတောင်တွင် ဇန္နဝါရီလ ၁၉ ရက်နေ့ (ယမန်နေ့) က ကျင်းပခဲ့သည်။
သေဆုံးခဲ့သည့် ဆရာမ မရန်လုရာ ၏ အစ်မဖြစ်သည် ဒေါ်ဆန်လုံ က ၅ နှစ်ပြည့်သည်အထိ အမှုမှန်ပေါ်ပေါက်သေးသည့်အပေါ်လည်း မကျေမနပ်ဖြစ်ရသည်ဟု ပြောသည်။
“မကျေနပ်ဘူးပေါ့နော်။ အခုက ဖြစ်သွားပြီဆိုတာ ကြားတာနဲ့ မရန်လုရာနဲ့ ခေါန်နန်စစ်ဆိုပြီး နာမည်က ကြီးသွားပြီ။ ဒီနိုင်ငံမှာ နေရလို့များ ဒါမျိုး ဖြစ်သလား လို့။ ကျမတို့ ခံရတဲ့လူကိုမှ လာဖြစ်လို့ကို မကျေနပ်ဘူး။ အမေစုကိုလည်း ပြောချင်တယ် ဒီအမှုကို အမှန် ပေါ်ပေါက်အောင် ဆောင်ရွက်ပေးပါလို့ ပြောချင်တယ်” ဟု ပြောသည်။
အခြား ဆရာမ တစ်ဦးဖြစ်သူ ဆရာမ ခေါန်နန်စစ် ၏ မိခင် ဒေါ်လုဘူ ကလည်း “၅ နှစ်တောင် ရှိသွားတဲ့အထိ အမှုမှန်မပေါ်ပေါက်သေးတဲ့ အတွက် ကျမမိခင်တစ်ယောက်အနေနဲ့ ဝမ်း နည်းတာပေါ့နော်။ တနေ့နေ့ တချိန်ချိန်မှာ အမှုမှန်ရရှိအောင် အားလုံးက ဝိုင်းဝန်းပြီးမှ လုပ်ဆောင်ပေးကြပါလို့ တိုက်တွန်းချင်တယ်” ဟု ပြောသည်။
“ဒီလိုမျိုး နှိပ်စက်ညှင်းပန်းပြီး အသတ်ဆုံးရှုံးသွားတဲ့အထိ ဖြစ်သွားတဲ့ အဖြစ်အပျက်ကို တွေ့ မြင်ရတော့ သမီးနှစ်ယောက်လုံးကို သနားလည်းအရမ်းသနားတယ်။ ဝမ်းလည်းနည်းတယ်။ အဲ့ဒါ ဒီအမှုကို ဖြစ်အောင် လုပ်တဲ့လူတွေလည်း တစ်ယောက်ယောက်က လုပ်တဲ့လူတွေရှိလို့ ဖြစ်တာနော်။ အဲ့ဒါကြောင့်မို့ လုပ်တဲ့ လူလည်း ကိုယ့်သားသမီးချင်းကိုယ်ချင်းစာပြီးတော့ နောက်နောင်ကို ဒါမျိုးမဖြစ်အောင် အမှုမှန်ကို ပေါ်ပေါက်စေချင်တာပေါ့နော်။”
အမှုနှင့် ပတ်သက်၍ ဒေသခံများက ထွက်ဆိုပေးရန် ကြောက်လန့်နေကြသလို သက်သေခံ ပစ္စည်းများ လည်း ရဲတပ်ဖွဲ့များက သိမ်းဆည်းသွားပြီးနောက် ယနေ့အချိန်ထိ နောက်ဆက် တွဲ အခြေအနေနှင့် ပတ် သက်၍ မသိရတော့ဘူးဟုလည်း KBC က ပြောသည်။
အမှုသွား အမှုလာ နောက်ဆက်တွဲ အခြေအနေနှင့် ပတ်သက်၍ ဒေါက်တာ ခလမ်ဆမ်ဆွန်က “အမှုမှန်ပေါ် ပေါက်ရေး ကော်မတီရဲ့ Lawyer Group ဖြစ်တဲ့ Shan State Kachin Lawyer Group Network (ရှမ်းပြည်နယ် ကချင် ရှေ့နေ ကွန်ရက်) ကနေ ပြီး မှ ဒါကို ဆောင်ရွက်လျှက်ရှိတယ်။ နှစ်နှစ်လောက်ရှိပြီ ကျနော်တို့ နောက်ဆုံးလားရှိုးမှာ ဒီစစ်တပ်မှာ စစ်ကြောင်းမှူးနဲ့ ပြောဆိုဖို့လုပ်တဲ့ အဆင့်ကနေ ဒီဘက်ပိုင်းမှာ ဆက်ပြီးမှ တိုးတက်မှုတော့ မရှိတော့ဘူး ပေါ့။ အဲ့ဒီမှာ စစ်ကြောင်းမှူးကို ကျနော်တို့ ရှေ့နေတွေက ဒါရိုက်မေးချင်ပေမယ့်လည်း မေးခွင့်မရဘူး။ တဆင့်မေးဖို့လုပ်တယ် အဲ့ဒါကိုတော့ ရှေ့နေတွေက ပယ်ဖျက်လိုက်တယ်။ ဆိုတော့ အဲ့ဒီကနေ ဒီအချိန်ထိ အမှုက တိုးတက်မှု မရှိဘူးလို့ပဲ ပြောရမယ်” ဟု ဆက်ပြောသည်။
စေတနာ့ဝန်ထမ်း ကချင်ဆရာမ နှစ်ဦး၏ အမှုအပါအဝင် ပဋိပက္ခများ ဖြစ်ပွားနေသည့် ရှမ်းမြောက်ဒေသ၊ ကချင်ဒေသအပါအဝင် တိုင်းရင်းသားဒေသများတွင် ဖြစ်ပေါ်ခဲ့သည့် လူ့အခွင့်အရေးကျူးလွန်ခံရမှုများနှင့် ပတ်သက်၍ လွတ်လပ်သည့် တရားစီရင်မှု ရှိသင့်သည်ဟုလည်း ကချင်အမျိုးသမီးအစည်းအရုံး-ထိုင်းနိုင်ငံ (KWAT) အဖွဲ့ က ထောက်ပြသည်။
KWAT အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ဆန်ထွယ်က “အဓိကတော့ ကျမတို့ မြန်မာအစိုးရ လက်ရှိ NLD အစိုးရကို တောင်းဆိုချင်တာကတော့ အမှန်တရားရှာဖွေပေးဖို့ရယ်၊ ဒီဟာနဲ့ ပတ်သက်ပြီးမှ စုံစမ်းစစ်ဆေး မှုကို လွတ်လွတ်လပ်လပ်လုပ်ဖို့အတွက်ရယ်ကို ကျမတို့က တောင်းဆိုချင်တာပါ။ အပြစ်ပေးအရေးယူမှု မရှိတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အပြစ်ပေးအရေးယူဖို့အတွက်က လွတ်လပ်တဲ့ တရားရေးနဲ့ စုံစမ်း စစ်ရေးလုပ်ရမယ်။ အမှန်တရားဖော်ထုတ် နိုင်တဲ့ တရားရေး စနစ်နဲ့ ဆုံးဖြတ်ပိုင်ခွင့်ပေးရမယ်” ဟု ပြော သည်။
တပ်မတော်အပါအဝင် အခြားသော အာဏာရအဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များ၏ လူထုအပေါ် လူ့အခွင့်အရေး ချိုးဖောက်နေမှုများ၊ ရာဇဝတ်မှု ကျူးလွန်နေခြင်းများနှင့် ပတ်သက်၍ အမှန်တရား ဖော်ထုတ်ပေးခြင်း၊ တစ် စုံတစ်ရာ အပြစ်ပေးအရေးယူခြင်း မရှိခြင်းသည် ချိုးဖောက်မှုများ ဆက်လက်လုပ်ဆောင်နိုင် အခွင့်ပေးနေ သည့် အနေအထားဖြစ်သည်ဟုလည်း ဒေါ်ဆန်ထွယ်က ဆက်ပြောသည်။
“ကျမတို့ ဒီနှစ်ဆန်းမှာလည်း report တစ်ခုထုတ်ထားတယ်။ ရှမ်းမြောက်မှာ ဒီဆရာမနှစ်ဦးလိုပဲ အမျိုးသမီး တစ်ဦးရဲ့ အမှုက နည်းနည်းဆင်တယ်။ ဘာလို့လဲဆိုဒါလည်း စစ်တပ်ရောက်လာတဲ့ နောက်ပိုင်းဖြစ်တာမို့လို့ ဆိုတော့ အဓိက တောင်းဆိုတာက ဒီလိုမျိုး ဖြစ်ရပ်တွေ ထပ်မဖြစ်ဖို့က စစ်တပ်က ထိုးစစ်ဆင်တာရပ်ရမယ်။ နောက်ပြီး ဒီအမှုနဲ့ ပတ်သက်နေတဲ့သူတွေကို တရားရေးနဲ့ ပတ်သက်ပြီး လွတ်လွတ်လပ်လပ် စုံစမ်း စစ်ဆေးပိုင်ခွင့်ပြုရမယ်။ ပြောချင်တာ စစ်တပ်ပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် စုံစမ်းစစ်ဆေးခြင်းလုပ်တဲ့အခါ လွတ် လွတ်လပ်လပ် စုံစမ်းစစ်ဆေးခွင့်ပြုရမယ်။”
ဆရာမ နှစ်ဦးအသတ်ခံရသည့် နေ့က ကောင်းခါးကျေးရွာအတွင်းရှိနေသည့် တပ်မတော် စစ်ကြောင်းမှ တာဝန် ရှိသူများနှင့် တပ်မတော်သားများအား စုံစမ်းစစ်ဆေးမေးမြန်းခွင့်များ ရရှိရန်အမှုမှန်ပေါ်ပေါက်ရေး ကော်မတီက ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ ကို တောင်းဆိုခဲ့ဖူးသော်လည်း ယနေ့အချိန်ထိ မေးမြန်းခွင့် မရသေးကြောင်း KBC က ပြောသည်။
ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ ကတော့ ကျေးရွာသား ၁၀ ဦးနှင့် တပ်မတော်သား ၂၈ ဦးကို စစ်ဆေးခဲ့ကြောင်းနဲ့ အဆိုပါ DNA စစ်ချက်များကို ရယူခဲ့ကြောင်းသာ အကြောင်းပြန်ခဲ့ပြီး ဆရာမနှစ်ဦး အသတ်ခံခဲ့ရမှုနှင့် ပတ် သက်၍ ယနေ့အချိန်ထိ အမှုမှန်မပေါ်ပေါက်သေးပေ။
ကောင်းခါးကျေးရွာတွင် ဇန်နဝါရီလ ၁၉ ရက်နေ့က ဖြစ်ပွားခဲ့သည့် အဓမ္မပြုကျင့် အသတ်ခံခဲ့ရသည့် ဆရာမ နှစ်ဦးအမှုမှာ မှုခင်းမှတ်တမ်းများအရ တပ်မတော်သားများ မဖြစ်နိုင်ကြောင်းနှင့် တပ်မတော်အပေါ် ပုတ်ခတ်စွပ်စွဲပြောဆိုနေသူများကိုလည်း အမှုမှန်ပေါ်လာချိန် ဥပဒေအရ အရေးယူသွားမည်ဟု ၂၀၁၅ ခုနှစ် ဇန္နဝါရီလ ၂၉ ရက်နေ့က အစိုးရသတင်းစာများ တွင် ထုတ်ပြန်ခဲ့သည်။