ကျောက်တော်မြို့နယ်အတွင်း တိုက်ပွဲဖြစ်၊ မြို့လုံခြုံရေး တင်းကြပ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်။
ကျောက်တော်မြို့နယ်အတွင်း ယနေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး မြို့အတွင်းမှ ပေါက်ကွဲသံများကြားနေရကာ မြို့လုံခြုံရေးကို တပ်မတော်က တင်းကြပ်ထားသည်ဟု မြို့ခံများက ပြောသည်။
ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာဘက်တွင်လည်း ဖေဖော်ဝါရီလ ၂၄ ရက်နေ့ (ယနေ့) နံနက် (၁၁) နာရီ အချိန်ခန့်က ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်ဟု ဖြူစင်မေတ္တာပရဟိတအဖွဲ့ ဥက္ကဋ္ဌ က ကိုညီပု က ပြောသည်။
“ဒီနေ့က ကျောက်တော်မြို့နယ်ဘက်မှာ တင်းမ အထက် ဘက်မှာ စစ်ပွဲတွေဖြစ်တဲ့အသံကြားရတယ်။ တင်းမရွာမှာ ပစ်ခတ်မှုတွေ ဒီမနက်အစောပိုင်းလေးက ဖြစ် တယ်။ ထိခိုက်ဒဏ်ရာရတဲ့လူလည်း ရှိတယ်ပြောတယ်။ အသေးစိတ်တော့ မသိရသေးဘူး။ ကျောက်တော် မြို့ ပေါ်မှာလည်း စစ်တပ်တွေက လမ်းတိုင်းလမ်းတိုင်းမှာ သွားလာပြီးတော့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေ ပါတယ်ခင်ဗျ” ဟု ပြောသည်။
အလားတူ မွန်းလွှဲ တစ်နာရီ အချိန်ခန့်တွင်လည်း ပေါက်ကွဲသံ တစ်ခုကြားရပြီး မြို့အတွင်း လုံခြုံရေးများတိုး မြှင့်ကာ စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ကျောက်တော်မြို့က ကိုကျော်လှမြင့် က ပြောသည်။
“ဒီနေ့ လုံခြုံရေးတွေ တအားတိုးမြှင့်ထားတာရှိတယ်။ ဈေးတွေ၊ လမ်းကြိုလမ်းကြားတွေမှာ လုံခြုံရေးယူ ထားတယ်။ ရဲနဲ့ တပ်မတော်သားတွေပေါ့။ လူတွေကိုလည်း ခေါ်ပြီး စစ်ဆေးတာတွေလည်း လုပ်တယ်။ ပြီး ရဲတွေ တပ်မတော်သားတွေ လှည့်ပတ်သွားလာတာတွေလည်း ရှိတယ်။ ဒီနေ့ အခုနက ပေါက်ကွဲသံလား၊ ပစ်ခတ်သံလား ဆိုတာတော့ သိပ်မသဲကွဲဘူး။ တချက်ကြားလိုက်တယ်။ ဒီနေ့ တစ်နာရီဝန်းကျင် လောက် ကပေါ့။ ဘယ်နားမှာ ပေါက်ကွဲတာလဲဆိုတာတော့ သေချာမသိရသေးဘူး။ အခုကစစ်ဆေးမှုတွေလည်း ဆက်တိုက်လုပ်နေတော့ ဒေသခံတွေက ကြောက်လန့်နေကြတာပေါ့။”
သို့သော်လည်း ယနေ့ဖြစ်ပွားခဲ့သည့် ပေါက်ကွဲသံနှင့် ပတ်သက်၍ အသေးစိတ် မသိရသေးဘူးဟုလည်း အမည်မဖော်လိုသူ ဒေသခံက ပြောသည်။
အမည်မဖော်လိုသူ ဒေသခံတစ်ဦးကလည်း “ဒီ တင်းမ အဲ့ဒီအထက်ပိုင်းမှာ ခနလေးတော့ နှစ်ဖက်ပစ်ခတ် မှုတွေဖြစ်ခဲ့ တယ်တဲ့။ ဒါပေမယ့် အခုတော့ အဲ့ဒီနှစ်ဖက်ပစ်ခတ်မှုတွေပြီးတော့ တစ်ဖက်ထဲက ထပ်ပြီး ပစ် ခတ်နေတာပါ။ ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပါတယ်။ အခု ဆက်ပစ်နေတာတွေကတော့ တပ်မတော်ဘက်က ပစ်နေ တာပါ” ဟု ပြောသည်။
ယနေ့ ဖြစ်ပွားသည့် ပစ်ခတ်မှုများနှင့် ပတ်သက်၍ တပ်မတော်နှင့် ရခိုင်တပ်တော်(ULA/AA) တို့ထံ ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ယခုချိန်ထိ ဆက်သွယ်၍ မရခဲ့ပေ။
ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ဖြစ်ပွားခဲ့သည့် ကျောက်တော်မြို့ ၊ ပိုက်သည်ရပ်ကွက်အတွင်းက လက်နက် ကြီးကျည်ကျခဲ့သည့် ဖြစ်စဉ်တွင် အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နှစ်ဦးမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေစဲဖြစ်သည်ဟု သွားရောက်ကူညီခဲ့သည့် ဖြူစင်မေတ္တာပရဟိတအဖွဲ့ က ပြောသည်။
ကိုညီပု က “ပိုက်သည်မှာ လူသုံးယောက် လက်နက်ကြီးကျပြီး ဒဏ်ရာရတယ်ဆိုလို့ သွားတယ်၊ ပိုက်သည် ရပ်ကွက်ကနေ လူနာတွေကို တင်ပြီး ကျောက်တော်ဆေးရုံကို ပို့ရတယ်။ အိမ်ထဲမှာ သားအမိနှစ်ယောက်နဲ့ သူ့တို့ အိမ်နားက တစ်ယောက်ကို ထိသွားတာ။ စိုးရိမ်ရတဲ့ လူ တွေကိုတော့ မနေ့ကပဲ ဒီစစ်တွေဆေးရုံကို ပို့လိုက်ရတယ်” ဟု ပြောသည်။
“ဟိုသူ့ရဲ့ သားဖြစ်သူက ညာဘက်ခြေသလုံးကိုထိပြီးတော့ အရိုးက ကျိုးထွက်သွားတယ်။ အဲ့ဒီခြေထောက် ကို ဖြတ်ရမယ်၊ ဒါမှမဟုတ်ရင် စတီးရိုးထည့်ရမယ်။ စတီးရိုးထည့်ဖို့အခြေအနေမကောင်းရင် ခြေထောက် ဖြတ်ရမယ်လို့ ပြောပါတယ်ခင်ဗျ။ အမေဖြစ်သူက ဝမ်းဗိုက်ထဲကို ဝင်သွားတာ အခြေအနေက ဆိုးရွားနေပါ သေးတယ်။ တိုးတက်မှု မရှိသေးဘူး။ အခုထိ။ အသက်အန္တရာယ်က စိုးရိမ်ရတယ်လို့ ဆရာဝန်ကြီးကိုယ် တိုင်က ပြောပါတယ်ခင်ဗျ။”
ကျောက်တော်မြို့ ၊ ပိုက်သည် ရပ်ကွက်မှာ အသက် (၅၀) ကျော်အရွယ် ဒေါ်နှင်းလှဝေမှာ ညာဘက်ဘေး ဝမ်းဗိုက်အတွင်း လက်နက်ကြီးကျည်စ ပေါက်ဝင်သွားသည့်အတွက် အသက်အန္တရာယ်စိုးရိမ်ရကြောင်း၊ ၎င်း၏ သားဖြစ်သည် အသက် (၁၇) အရွယ် မောင်ကြီးမှာလည်း ညာဘက်ခြေသလုံးထိကာ အရိုးကျိုးသွား သည့်အတွက် စိုးရိမ်နေရစဲဖြစ်သည်ဟု ကိုညီပု က ပြောသည်။
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း အရပ်သားပြည်သူ သေဆုံးမှု တစ်ရာကျော်ရှိပြီ ဖြစ်သည်ဟု ဒေသတွင်း အရပ်ဘက်အဖွဲ့အစည်းများနှင့် ပရဟိတအဖွဲ့များ၏ ထုတ်ပြန်ချက်များ အရ သိရ သည်။