ကျောက်တော်မြို့နယ်အတွင်း ပစ်ခတ်မှုကြောင့် အရပ်သူ အမျိုးသမီးတစ်ဦး ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်း ယနေ့နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုအတွင်း အမျိုး သမီး တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဖြူစင်မေတ္တာ ပရဟိတအဖွဲ့ ဥက္ကဋ္ဌ ကိုညီပု က ပြောသည်။

“ဒီနေ့က ဟို တင်းမအထက်ဘက်မှာ တိုက်ပွဲဖြစ်တယ်လို့ကြားတယ်။ အဲ့မှာ တင်းမရွာက အမျိုးသမီး တစ်ဦးကိုလည်း ပေါင်ကို ထိပြီးတော့ ဟိုဘက်ဒီဘက် ပေါက်ထွက်သွားလို့ အခု စက်လှေနဲ့ သယ်ဆောင်လာ နေပါတယ်။ ကုန်းလမ်းတော့ရှိတယ်။ အဆင်မပြေလို့ ရေလမ်းကနေသွားသယ်ရတာပါ။ ကုန်းလမ်းက လက်နက်ကိုင်အချင်းချင်း ပစ်ခတ်မှုတွေဖြစ်နေလို့ သွားလို့အဆင်မပြေလို့ ရေလမ်းကနေ သွားသယ်ရတာပါ။ အခုပဲ ကျောက်တော်ကို ရောက်ပါပြီ” ဟု ပြောသည်။

အသက် ၅၀ အရွယ် ဒေါ်မြဝင်းရီ သည် ရေခပ်သွားစဉ် ယနေ့နံနက် ၁၁ နာရီကျော်တွင် ကျည်ဆံထိမှန်ခဲ့ခြင်း ဖြစ်သည်ဟု သူ၏ မိသားစုဝင်တစ်ဦးက ပြောသည်။

“အစ်မက ရေသွားခပ်တာ၊ ရွာရဲ့ အပြင်က သောက် ရေတွင်းမှာ ရေခပ်နေတုန်း ကျည်ဆံက လာမှန်တာ။ သေနတ်ကျည်ဆံလို့ပဲ ထင်တယ်။ ဒီမနက်က အသံ တွေတော့ ကြားတယ်။ တိုက်ပွဲဖြစ်တာလား ဘာလားတော့မသိဘူး။ ရွာနားမှာ မြန်မာစစ်တပ်တော့ ရှိ တယ်။ အသံတွေကြားလို့ အားလုံးက ကြောက်နေတာပါ”

ထိခိုက်ဒဏ်ရာရရှိသူ အဆိုပါ အမျိုးသမီးအား ကျောက်တော်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားသည်ဟု ကိုညီပု က ပြောသည်။

“တိုက်ပွဲပြီးနောက်ပိုင်း တော့ တစ်ဖက်တည်းကပဲ ပြန်ပြီး ဆက်တိုက်ပစ်ခတ်နေတယ်လို့ ပြောတယ်။ တင်းမရွာမှာတော့ ဖြစ်တာ မဟုတ်ဘူးနော်။ တင်းမအထက်က ရွာတွေမှာဖြစ်တာ။ အဲ့ဒါကတော့ လက်နက်ကြီးတွေပစ်ပြီး တင်းမရွာကို လာကျတာပါဗျ။” ဟု ကိုညီပုက ပြောသည်။

ကျောက်တော်မြို့အတွင်းမှလည်း ယနေ့ မွန်းလွှဲပိုင်း တစ်နာရီကျော် အချိန်ခန့်က ပစ်ခတ်သံ၊ ပေါက်ကွဲသံ ကြားခဲ့ရသည် ဟု ကျောက်တော်မြို့ ခံတစ်ဦးက အတည်ပြုပြောသည်။

တင်းမကျေးရွာအထက်ဘက်တွင် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ကျေးရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး ဘုန်းတော်ကြီးကျောင်းနှင့် နေအိမ်အချို့ ပျက်ဆီးခဲ့သည်။

ထိုနေရာတစ်ဝိုက်တွင် ယခုလ ဒုတိယအပတ်မှ စတင်ပြီး ယနေ့အချိန်ထိ ပစ်ခတ်သံများ ဆက်တိုက် ကြားနေရပြီး အနီးအနားရှိ ကျေးရွာများမှ အရပ်သားပြည်သူများလည်း စိုးရိမ် ထိတ်လန့်နေကြသည်ဟု ဒေသခံများက ပြောသည်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကလည်း ကျောက်တော်မြို့ လောင်းရှည်ကျေးရွာမှ အမျိုးသမီးတစ်ဦး သေနတ် ကျည်ထိမှန်ခဲ့ပြီး၊ ၁၈ ရက်နေ့ကလည်း တင်းမရွာမှ အမျိုးသားတစ်ဦး လက်နက်ကြီးကျည်စထိမှန်ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကလည်း ကျောက်တော်မြို့၊ ပိုက်သည်ရပ်ကွက်အတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် အရပ်သား သုံးဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နှစ်ဦးမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသည်ဟု ဒေသခံများက ပြောသည်။