ရခိုင်တွင် အနည်းဆုံး အရပ်သား ၆ ဦး ထပ်မံ ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ် ဧပြီ ၂၉ ရက်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၊ မြောက်ဦးမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ် များတွင် ယနေ့ လက်နက်ကြီးကျည် နှင့် မိုင်းပေါက်ပွဲမှုများ ဖြစ်ပေါ်ခဲ့ပြီး ဒေသခံပြည်သူ ၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိမှုများ ရှိခဲ့သည်ဟု ဒေသခံများ က ပြော သည်။

ရသေ့တောင်မြို့နယ်၊ သာစည်ကုန်းကျေးရွာအနီး ဧပြီလ ၂၉ ရက်နေ့ (ယနေ့) ဖြစ်ပွားခဲ့သည့် မိုင်းပေါက် ကွဲမှုအတွင်း ဒေသခံအမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု အမည်မဖော်ရဲသော ဒေသခံတစ်ဦးက ပြောသည်။

“ဦးမောင်သန်းတင်ပေါ့၊ သူက ဝါးသွားခုတ်မယ်ဆိုပြီး အိမ်ကနေသွားလိုက်တာ၊ လမ်း မှာ ထောင်ထားတဲ့ မိုင်းပေါ့၊ အဲ့ဒီမိုင်းရဲ့ ကြိုးကိုနင်းမိပြီး မိုင်းပေါက်သွားတာ။ ဘယ်လိုပြောမလဲ ဒဏ်ရာရ သွားတာလေ။ ခြေထောက်ရယ်၊ ဒီညာဘက်ရင်အုံအခြမ်းရယ်မှာ ဒဏ်ရာရသွားတာဗျ။ အခုတော့ ကျနော် တို့ စစ်တွေဆေးရုံကိုပို့လိုက်ပြီ” ဟု ပြောသည်။

ထို့အပြင် မြောက်ဦးမြို့တွင်လည်း ဧပြီလ ၂၇ ရက်နေ့က လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့သော ကြောင့် ဒေသခံပြည်သူ လေးဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။

ညောင်ပင်ဈေးရွက်ရှိ ထမင်းဆိုင်တစ်ဆိုင်အတွင်း ဧပြီလ ၂၇ ရက်နေ့က ညနေက လက်နက်ကြီးကျည် ကျခဲ့ခြင်းဖြစ်သည်ဟု မြောက်ဦးဒေသခံတစ်ဦးက “အဲ့ဒီထမင်းဆိုင်ဝန်ထမ်းနဲ့ ဆိုင်ပိုင်ရှင်တွေကို ထိသွား တယ်။ ပြီးတော့ ဗမာတပ်ပေါ့၊ တပ်မတော် စစ်ကြောင်းက မြို့တွင်းထဲမှာလည်း နာရီဝက် တစ်နာရီလောက် လိုက်ပြီး ပစ်ခတ်တာတွေရှိတယ်။ တပ်မတော် စစ်ကြောင်းတစ်ခု တိုက်ခိုက်ခံရလို့တော့ ပြောတယ်။ လက် နက်ငယ်တွေနဲ့ မြို့ထဲလိုက်ပစ်တယ်၊ ပြီးတော့ လက်နက်ကြီးနဲ့ပစ်တာ။ ဒီနေ့နဲ့ဆိုရင် သုံးရက်ရှိပြီ။ ကျနော် တို့ ဒီမြောက်ဦး မြို့ ပေါ်မှာ အခုထိပဲ တပ်မတော်က စစ်သားတွေ အများကြီးရှိနေတယ်ဗျ” ဟု ပြောသည်။

ထမင်းဆိုင်ပိုင်ရှင် အပါအဝင် ဒေသခံပြည်သူ လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ဧပြီလ ၂၆ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် တပ်မတော်နှင့် ရက္ခိုင့် တပ်တော် ULA/AA တို့အကြား တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေပြီး အနီးအနားရှိ ကံ့ကော်မြိုင် ကျေးရွာမှ ဒေသခံပြည်သူများ ရွာလုံးကျွတ်ထွက်ပြေးခဲ့ရသလို လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် အသက် ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်း က “ကံ့ကော်မြိုင်က ကလေးမ လေး တစ်ယောက်ပေါ့နော် အဲ့ဒီကလေးမလေး နာမည်ကတော့ မဆန်းမေ အသက်က ၁၃ နှစ်၊ ဒီ ခြောက် တန်းကျောင်းသူပေါ့လေ၊ ညာဘက်ပခုံးနားမှာ ဒဏ်ရာရသွားတယ်။ ရှပ်ထိသွားတာပေါ့။ နောက်ပြီး ဒီကံ့ကော်မြိုင်ရွာ အိမ်ထောင်စု ၁၂၀ လည်း အခု ဘူးသီးတောင်မြို့ပေါ်ကို ရောက်ပါတယ်” ဟု ပြောသည်။

တပ်တော်နှင့် ရက္ခိုင့်တပ်တော် (ULA/AA) တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ ကာလ အတော် ကြာလာပြီဖြစ်ပြီး တိုက်ပွဲကာအတွင်း အရပ်သားပြည်သူ သေဆုံးမှု၊ ထိခိုက်ဒဏ်ရာ ရရှိမှုများ မြှင့်တက်နေ ပြီး၊ စစ်ရှောင်ဦးရေလည်း ၁၅၀၀၀၀ ကျော်ပြီဟု သိရသည်။

“အဓိကက အခုဖြစ်နေတာကတော့ ပြည်သူတွေကိုပဲ ပစ်မှတ်ထားနေတဲ့ သဘောမျိုးဖြစ်နေတယ်။ ကျနော် တို့ပြည်သူဆိုတာက စစ်ရေးပစ်မှတ်မဟုတ်ပါဘူး ခင်ဗျ။ ကျနော်တို့ ပြည်သူကို ဘယ်လက်နက်ကိုင် အဖွဲ့က ပဲဖြစ်ဖြစ် အကာအကွယ်ပေးဖို့လိုတယ်။ အထူးသဖြင့် အခုတိုက်ပွဲဖြစ်နေတဲ့ နှစ်ဖက်လက်နက်ကိုင်တွေ အနေနဲ့ ဒါကို လိုက်နာဖို့လိုတယ်။ အခုက ပြောတစ်မျိုး လုပ်တစ်မျိုးဖြစ်နေတယ်။ ဘယ်ကပစ်တယ်၊ ဘယ် သူပစ်တယ်ဆိုတာကတော့ ကာယကံရှင်တွေက အသိဆုံးဖြစ်တယ်။ ဘယ်လောက်ပဲငြင်းငြင်း ဒီအဖြစ်မှန် တွေ သိဖု့ိအတွက် အင်တာနက်တွေဖွင့်ပေးဖို့လိုတယ်။ သတင်းသမားတွေကို လွတ်လပ်စွာ ရယူပိုင်ခွင့်တွေ ရှိဖို့လိုတယ်။ အဲ့လိုမျိုးတွေ ဖြစ်စေချင်တယ်ဗျ” ဟု ဦးအောင်သောင်း က ဆက်ပြောသည်။

ရက္ခိုင့်တပ်တော် ULA/AA ကို မတရားအသင်းနှင့် အကြမ်းဖက်အဖွဲ့အဖြစ် အစိုးရက ထုတ်ပြန်ကြေညာပြီး နောက်ပိုင်း ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများမှာ မြို့ပေါ်အထိ ရောက်ရှိ လာနေပြီး နေ့စဉ်ရက်ဆက်နီးပါး ဖြစ်ပွားနေသည့် ပစ်ခတ်မှုများကြောင့် ဒေသခံပြည်သူများ ထိခိုက် သေဆုံးမှုများနှင့် နေရပ်စွန့်ခွာ ထွက်ပြေးရမှုနှုန်း မြှင့်တက်လာနေသည်ဟု အရပ်ဘက်အဖွဲ့အစည်းများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသခံများက ပြောသည်။