ကျောက်တော်ပစ်ခတ်မှု အရပ်သား ၅ ဦး ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ မေလ ၁၂ ရက်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်း တပ်မတော်စစ်ကြောင်း ဝင်ရောက်လာပြီးနောက် ပစ်ခတ်မှု များ ဖြစ်ပွားခဲ့ရာ ဒေသခံပြည် ၅ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။

မေလ ၁၁ ရက်နေ့ (ယမန်နေ့) က ဖြစ်ပွားခဲ့သည့် ကျောက်တော်မြို့အနီးက ကစ္ဆပနဒီတံတားအနီး ဖြစ်ပွားခဲ့ သည့် ဖြစ်စဉ်အတွင်း အနီးရှိ ကျေးရွာမှ အသက် ၁၇ နှစ် အရွယ် အမျိုးသမီးတစ်ဦးအပါအဝင် ဒေသခံ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

“မနေ့ညနေ ၅ နာရီကျော်လောက်က တံတားပေါ်ကနေ ပစ်ခတ်လိုက်လို့ မွတ်ဆလင် အမျိုးသားသုံးဦး၊ အမျိုးသမီးနှစ်ဦး ဒဏ်ရာရတယ်။ ဒဏ်ရာထိသွားတဲ့သူတွေ က ကျောက်တော်မြို့၊ ပိုက်သည်ရပ်က မွတ်ဆလင်ရွာက အမျိုးသမီးနှစ်ဦး၊ ကလေးတစ်ဦးနဲ့ မွတ်ဆလင် လက်ဆောင်ကောက်ကျေးရွာက အမျိုးသား နှစ်ဦးပေါ့။ မနေ့က ဒီတပ်မတော်စစ်ကြောင်း က ကျောက် တော်မြို့ထဲကို ဝင်လာတယ်။ ညနေဘက်ကျတော့ ပြန်ထွက်တယ်ပေါ့၊ ပြန်ထွက်တဲ့အခါ အဲ့လို ပစ်ခတ်မှု တွေ ဖြစ်ခဲ့တာပေါ့” ဟု အမည်မဖော်လိုသူ ကျော်တော်မြို့ ဒေသခံတစ်ဦးက ပြောသည်။

“ပိုက်သည်ရပ်က အမျိုးသမီးနှစ်ဦးရယ်၊ ၁၇ နှစ်ရွယ် အမျိုးသမီးကလေးငယ်တစ်ဦးရယ်၊ ပြီးတော့ မွတ်ဆ လင် လက်ဆောင်ကောက်က အမျိုးသားနှစ်ဦးရယ်ပေါ့။ အဲ့ဒီထဲမှာ အမျိုးသားနှစ်ဦးက စိုးရိမ်ရတဲ့ အနေ အ ထားမှာရှိတယ်။ အခုသူတို့က ကျောက်တော်မြို့နယ်၊ အပေါက်ဝတိုက်နယ်ဆေးရုံမှာပဲ ရှိသေးတယ်။ အခု ဒီနေ့ မနက်အထိက စစ်တွေဆေးရုံပို့ဖို့တော့ လုပ်နေတယ်။ ဌာနဆိုင်ရာတွေကို ဖုန်းတွေဆက်သေးတယ်။ အဆင်မပြေသေးတာ။” ဟု ဆက်ပြောသည်။

ထိခိုက်ဒဏ်ရာ ရရှိသူများအနက် ၃ ဦးမှာ ကျောက်တော်မြို့နယ် အပေါက်ဝ တိုက်နယ်ဆေးရုံတွင် ဆေးကု
သမှု ခံယူနေရပြီး နှစ်ဦးမှာ အသက်အန္တရာယ် စိုးရိမ်ရသည်ဟု မိသားစုဝင် တစ်ဦးက ပြောသည်။

“ဦးအာဂျမာခါး (အသက်-၅၄ နှစ်)၊ သူကတော့ ကျောင်းဆရာပေါ့နော်။ ဒါပေမယ့် အစိုးရခန့်တော့ မဟုတ် ဘူး။ ရွာခန့်ပေါ့။ သူက ဒဏ်ရာရတာက ညာဘက် ခြေဖဝါးနဲ့ ခြေဖမိုး၊ ခြေသလုံး၊ ဘယ်ဘက်ခါး၊ သူက လက်ဆောင်ကောက်ရွာ၊ ဘာသာရေးဆရာ အမ်းဂျော်မာလိုဒီ (အသက်-၄၂ နှစ်) ဘယ်ဖက်လက် မောင်း အောက်၊ ချိုင်းအောက်ပေါ့၊ နံဘေး၊ ကျောကုန်း ဒဏ်ရာ သုံးချက်ရတယ်။ ဘယ်ဘက်ခြေကျင်းဝတ် ဒဏ် ရာရတယ်။ စိုးရိမ်ရတဲ့အနေအထားပေါ့နော်။ မာမောက်အာရာ (အသက်-၁၇ နှစ်)၊ ညာဘက်ပေါင်၊ ကျော ကုန်း၊ ဘယ်ဘက် တံတောင်၊ ညာဘက်နံဘေး၊ ဘယ်ဘက် ခြေသလုံး။ နောက်ထပ်နှစ်ယောက်ကတော့ နည်းနည်းပါးပါးထိခိုက်ဒဏ်ရာရတာပေါ့။”

ထိခိုက်ဒဏ်ရာ ရရှိသူများအနက် နှစ်ဦးမှာ ၎င်းတို့၏ ဈေးဆိုင်အတွက် လိုအပ်သည်များ ဝယ်ယူပြီး ပိုက်သည်ရပ်ကွက်သို့ ဆိုင်ကယ်ဖြင့်အပြန်၊ လမ်းတွင် ကျည်ထိမှန်ခဲ့ခြင်းဖြစ်ပြီး၊ ကျန်ထိခိုက်ဒဏ်ရာ ရရှိသူများအား ကျေးရွာအတွင်း ပစ်ခတ်လာသည့် ကျည်များ ထိမှန်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများ က ပြောသည်။

အဆိုပါဖြစ်စဉ်များနှင့် ပတ်သက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၊ သတင်းမှန်ပြန်ကြားအဖွဲ့ တာဝန်ရှိသူများနှင့် ရက္ခိုင့်တပ်တော် ULA/AA အား ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရပေ။

သို့သော်လည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး အင်တာနက်စာမျက်နှာတွင် “COVID-19 ရောဂါ နှင့်ပတ်သက်၍ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေသည့် ဆေးအဖွဲ့များအား လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိသည့် တပ်ဖွဲ့ဝင်များကို AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များက ရီမုမိုင်း နှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်၊ နှင့် ကျောက်တော်မြို့တွင်း လုံခြုံရေးကို ဆောင်ရွက်ပေးနေသည့် တပ်ဖွဲ့ဝင်များ မြို့ တွင်းမှ အခြေပြုနေရာသို့ ပြန်လည်ထွက်ခွာလာရာ ကစ္စပနဒီတံတားအနောက်ဘက်မီတာ ၃၀၀ ခန့် အကွာ သို့ ညနေ ၅ နာရီခန့်တွင်ရောက်ရှိစဉ် AA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့များက ရန်ကုန်-စစ်တွေ ပြည် ထောင်စု ကားလမ်းမကြီး၏ ညာဘက် လမ်းပုခုံးတွင် ထောင်ထားသည့် ရီမုမိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့သည်” ဟု ထုတ်ပြန်ထားသည်။

သို့သော်လည်း အဆိုပါ ထုတ်ပြန်ချက်ထဲတွင် ပိုက်သည်ရပ်ကွက် နှင့် လက်ဆောင်ကောက် ကျေးရွာတို့ မှ ဒေသခံရွာသား ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိမှုများနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိပေ။

တပ်မတော်၏ ထုတ်ပြန်ချက်ထဲတွင် “အဆိုပါမိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းနှင့် ၎င်းနေရာ တစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက မိုင်းရှင်းလင်းရေးလုပ်ငန်းများနှင့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်” ဟု သာ ထုတ်ပြန်ထားသည်။

တပ်မတော်၏ ကျောက်တော်မြို့နယ်အတွင်း ဖြစ်စဉ်နှင့် ပတ်သက်၍ မေလ ၁၂ ရက်နေ့ (ယနေ့) တွင် ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC အတွင်းရေးမှူး ဦးဇော်ဇော်ထွန်း က ယခုကဲ့သို့ သုံးသပ်သည်။

“ကျောက်တော် ဖြစ် စဉ်၊ ဘူးသီးတောင်မှာ ဒီနေ့ ဖြစ်တဲ့ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ကျနော်တို့လည်း သတင်းရထားတယ်။ အသေးစိတ်တော့ မသိသေးဘူး။ ဒါက ဘာကိုပြောနေတာလည်းဆိုတော့ အပစ် ခတ်မရပ်ပဲနဲ့ COVID ကို လုပ်လို့ရှိရင် တစ်ဖက်ဖက်ကနေပြီးမှ AA ကလည်း ပြောလိမ့်မယ်၊ ရပ်ရွာတွေမှာ COVID နဲ့ ပတ်သက်ပြီး သူတို့လုပ်နေတာကို တပ်မတော်က တိုက်ခိုက်တယ်လို့ ပြောပါလိမ့်မယ်။ တပ်မ တော်ကလည်း ဒီလိုပုံစံပဲ ပြောပါလိမ့်မယ်။ COVID နဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ ပံ့ပိုးမှုတွေလုပ်တဲ့ အခါမှာ AA က လာပြီး တိုက် ခိုက်တယ်လို့ ပြောပါလိမ့်မယ်။”

ထို့ကြောင့် တပ်မတော်အနေဖြင့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကို လုပ်ဆောင်မည်ဆိုပါက ရခိုင် ပြည်နယ်မြောက်ပိုင်းက ဒေသများနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့ကို ချန်လှပ်ထားခြင်းမျိုးမဟုတ်ပဲ တနိုင်ငံလုံး အတိုင်းအတာအနေဖြင့် ရပ်စဲသင့်သည်ဟု ဦးဇော်ဇော်ထွန်း က ဆက်ပြောသည်။

“အဲ့ဒါကြောင့်မို့လို့ ဒီ အပစ်ခတ်ရပ်စဲရေးတွေ မလုပ်လို့ရှိရင် အကြမ်းဖက် အဖွဲ့ဆိုတဲ့ သတ်မှတ်ချက်ကို မပယ်ဖျက်လို့ရှိရင် COVID နဲ့ ပတ်သက်ပြီးတော့ အောက်ခြေမှာ ထိရောက်အောင် မလုပ်နိုင်ဘူး။ တိုက် ခိုက်မှုတွေရှိလိမ့်မယ်။ တိုက်ခိုက်တဲ့အခါမှာလည်း COVID ကို အကာအကွယ် ယူကြလိမ့်မယ်။ ဆိုလိုချင် တာကတော့ COVID ကာကွယ်ရေးလုပ်နေတာကို တစ်ဖက်ဖက် တိုက်ခိုက်တယ်၊ အနှောက်အယှက် ပေး တယ်ဆိုတာမျိုးတွေ propaganda ဝင်လာပါလိမ့်မယ်။”

ယမန်နေ့က ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုမှာ အများပြည်သူသွားလာ အသုံးပြုနေသည့် နေရာများတွင် ဖြစ်ပွား ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် အစိုးရအနေဖြင့် ရခိုင်ပြည်နယ် အတွင်းက ဒေသခံပြည်သူများ၏ ပကတိ မြေပြင်အခြေအနေများကို လာရောက်ကြည့်ရှုစစ် ဆေးပြီး ဥပဒေအရ နစ်နာမှုများတွက် ဆောင်ရွက် ပေး စေချင်သည်ဟု ပြောသည်။