မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့ နယ်မြေအားလုံး အပစ်ရပ်ရန် မြောက်ပိုင်းအဖွဲ့များ ကမ်းလှမ်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ မေလ ၁၄ ရက်။

ကြိုတင်ကန့်သတ်ချက်များမထားသည့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်ရပ်စဲရေးကို မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့နှင့် တစ်ပြိုင်နက်တည်း အတူတကွ လုပ်ဆောင်ရန် ညီနောင်မဟာမိတ် ၃ ဖွဲ့မှ အစိုးရနှင့် တပ်မတော်အား တိုက်တွန်းတောင်းဆိုလိုက်သည်။

COVID- 19 ရောဂါ ထိန်းချုပ်ရေး လုပ်ငန်းများကို လက်တွေ့ကျကျ ဆောင်ရွက်ရန်နှင့် ငြိမ်းချမ်းရေး လုပ် ငန်းစဉ်များကို စတင်နိုင်ရန်အတွက် ကြိုတင်ကန့်သတ်ခြင်းများ မထားသည့် အပစ်ရပ်စဲရေးကို လုပ်ဆောင် ရန် ညီနောင် မဟာမိတ် ၃ ဖွဲ့မှ မေလ ၁၀ ရက်နေ့က ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်ထဲတွင် တိုက် တွန်း တောင်းဆိုထားခြင်းဖြစ်သည်။

တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/TNLA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော် က “အခုက အကြမ်းဖက်အဖွ့ဲအစည်း ကြေညာထားတဲ့ နယ်မြေမပါဘူးဆိုတာ အဲ့ဟာက ကျနော်တို့ သိပ်ပြီးသဘောမပေါက်ဘူး။ သူတို့ ဘာကိုဆိုလိုတာလဲပေါ့နော်။ ဘာကြောင့်လဲဆိုတော့ အရင် တုန်းက မြောက်ပိုင်းမဟာမိတ်နဲ့ ၁၀၅ မိုင်မှာ တိုက်ပွဲဖြစ်တော့ ပြည်ထောင်စုလွှတ်တော် မှာ မေးခွန်းထုတ်ခဲ့ တယ်။ နောက်ပြီး ရှမ်းပြည်နယ်လွှတ်တော်မှာ အစည်းအဝေးမှာ အဲ့မှာလည်းပြောတယ်လေ။ ဆိုတော့ ပြောမယ်ဆိုရင် ကျနော်တို့လည်း ပါပြီးသားလို့ ယူဆလို့ရနိုင်တယ်။ AA ရော၊ ကျနော်တို့ရော ပါတယ်ဆို တာမျိုး တိတိကျကျ ရည်ညွန်းပြီးမှ ကြေညာထားတာတော့ မတွေ့ရပါဘူး။ အခြေအနေစောင့်ကြည့်ရမယ်။ AA မှာတော့ တိုက်ပွဲက နေ့တိုင်းပြင်းထန်နေတယ်ပေါ့နော်” ဟု ပြောသည်။

မြောက်ပိုင်း မဟာမိတ် အဖွဲ့ဝင်ဖြစ်သည့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်သည့် နယ်မြေအပါအဝင် ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် ရက္ခိုင့်တပ်တော် ULA/AA၊ တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/TNLA၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNTJP/MNDAA တို့ ထိန်းချုပ်သည့် နယ်မြေများကို ကြိုတင်ကန့်သတ်ချက် မရှိပဲ အတူတကွ တစ်ပြိုင်နက်တည်း အပစ်ရပ်ရန် ညီနောင် မဟာမိတ် ၃ ဖွဲ့က အစိုးရနှင့် တပ်မတော်အား တောင်းဆိုခြင်းဖြစ်သည်။

ထို့အပြင် မေလ ၉ ရက်နေ့က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ COVID- 19 ထိန်းချုပ်ရေးကာ လ အတွင်း ပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်မှာ မြန်မာ့တပ်မတော် နှင့် မြန်မာအစိုးရသည် ၎င်းတို့ ညီနောင်မဟာမိတ် ၃ ဖွဲ့အား အကြမ်းဖက်သောင်းကျန်းသူ၊ အကြမ်း ဖက်အ ဖွဲ့အစည်း မတရားအသင်းစသည်ဖြင့် တံဆိပ်အမျိုးမျိုးတပ်ကာ ခေါ်ယူသုံးစွဲနေသကဲ့သို့ ကြိုတင်ကန့် သတ် ချက်များဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲကြောင်း ဟန်ဆောင်လိမ်ညာပြီးကြေငြာနေခြင်းမှာ ၎င်းတို့ ညီ နောင် မဟာမိတ် အဖွဲ့အစည်းများထဲမှ တစ်ဖွဲ့ချင်း (သို့မဟုတ်) အားလုံးကို တစ်ဖွဲ့ချင်းသီးသန့်ဖယ်ထုတ်၍ (သို့မ ဟုတ်) တစ်ပြိုင်နက်တည်း အခြေအနေ အခွင့်အရေးနှင့် အစိုးရစစ်တပ်တစ်ခု၏ လုပ်ပိုင်ခွင့်ကို အသုံး ချ၍ ဆက်လက်တိုက်ခိုက်နေမည့် မြန်မာ့တပ်မတော်၏ သဘောထားအမှန်ကို ဖော်ပြလိုက်ခြင်းဖြစ်သည် ဟု မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ဆိုသည်။

အဆိုပါ ထုတ်ပြန်ချက်ထဲတွင် “တိုင်းရင်းသား ပြည်သူများ၏ ဘေးကင်းလုံခြုံရေးကို အလေးအနက် ထား ပြီး ကိုရိုနာကူးစက်မြန် COVID- 19 ထိန်းချုပ်ရေး လုပ်ငန်းများ လက်တွေ့ကျကျ ဆောင်ရွက်ရန်နှင့် ဖြစ် ပွားနေသော တိုက်ပွဲများရပ်တန့်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ လက်တွေ့စတင်နိုင်ရန် အတွက် မြန်မာ အစိုးရနှင့် မြန်မာ့တပ်မတော်တို့မှ တစ်နိုင်ငံလုံး အတိုင်းအတားအားဖြင့် ကြိုတင်ကန့်သတ်ချက်များ မထား သည့် ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးကို မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့နှင့် အတူတကွ တစ်ပြိုင်နက်တည်းတွင် ပြုလုပ်ရန် လို အပ်ကြောင်း ညီနောင် မဟာမိတ် ၃ ဖွဲ့မှ တိုက်တွန်းလိုက်ပါသည်” ဟု ညီနောင် မဟာမိတ် ၃ ဖွဲ့က ပြောသည်။

“သူတို့က အရင်က လုပ်တာလည်း ရခိုင်ဘက်မှာ မပါဘူး။ အခုလည်း မပါဘူး။ အခု သူတို့ဘက်က လုပ်တဲ့ ပုံက နိုင်ငံတကာ ဖိအားလျော့ဖို့အတွက်ပဲ သူတို့ကလုပ်တဲ့ပုံစံမျိုးပဲလုပ်တယ်။ ဟန်ပြ ပဲလုပ်တယ်။ တကယ့် တကယ် တိုက်ပွဲပြင်းထန်တဲ့ ရခိုင်ပြည်နယ်မှာတော့ မပါဘူုးပေါ့နော်။ တကယ်တော့ မြေပြင်မှာ ကျနော်တို့ ဘက်ရော၊ ကိုးကန့်ဘက်မှာရော စစ်ရေးလှုပ်ရှားမှုတွေလည်းရှိတယ်။ ထိုးစစ်တွေလည်း ဘာမှ ပြောင်းလဲ တာ၊ လျော့သွားတာမရှိဘူး။ အရင်က အတိုင်းပဲ ဆက်ရှိတယ်။ ပြီးတော့ မြေပြင်မှာ တပ်ဘက်က ကိုရိုနာ ဗိုင်းရပ်စ် တားဆီးထိန်းချုပ်ရေးက ထဲထဲဝင်ဝင် ဟုတ်တိပတိ ဆောင်ရွက်တာလည်း ဘာမှလည်း မတွေ့ ရပါဘူး” ဟု ဗိုလ်မှူးမိုင်းအိုက်ကျော် က ဆက်ပြောသည်။

အစိုးရနှင့် တပ်မတော်အနေဖြင့် ရက္ခိုင့်တပ်တော် AA အား မည်ကဲ့သို့ သတ်မှတ်ထားပါစေ လက်ရှိ အနေအထားအရ စစ်ပွဲများကို ရပ်စဲရန်လိုအပ်သည်ဟု KNU Concerned Group က ပြောရေးဆိုခွင့်ရှိ သူလည်းဖြစ် KNU ဒု-ဥက္ကဋ္ဌဟောင်းလည်းဖြစ်သည့် ပဒိုနော်စီဖိုးရာစိန်က ပြောသည်။

“မြန်မာစစ်တပ်က ဘယ်သူကိုပဲ ဘယ်လိပုံစံရပ်ရပ် ဘယ်လိုပုံစံပဲ သတ်မှတ်သတ်မှတ် အခုဖြစ်ပျက်နေတဲ့ ဟာကို အဲဒါရပ်တန့်ဖို့ လိုတယ်။ အဲဒါကြောင့် တစ်နိုင်ငံလုံးက အပစ်ခတ်ရပ်စဲဖို့လိုတယ်။ အခုက ဖြစ်ပျက် နေတာက အရေးကြီးဆုံး က အဲဒီ ရခိုင်ပြည်နယ်မှာ ဖြစ်တယ်။ နေ့တိုင်းလိုလိုပဲ တိုက်ပွဲတွေ ဖြစ်တယ်။ ပြည်သူလူထုတွေ ထိခိုက်မှုရှိတယ်။ တပ်မတော်ကလည်း လူ့အခွင့်အရေး ချိုးဖောက်မှုရှိတယ်။ ပြီးတော့ ဒါကို အများကြီးရှိနေပြီး ပျက်ပြား နေပြီး အဲဒါဒီအပေါ်မှာ တိုက်ပွဲရပ်ဖို့လိုတယ်။ အပစ်ခတ်ရပ်စဲ လုပ်ဖို့လို တယ်။ အဲဒါမှလည်း နိုင်ငံရေး ပြဿ နာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းလို့ ရတယ်။ ဒါမှမဟုတ်ရင် ဒီလိုမျိုးပုံစံနဲ့ သွား မယ်ဆို့ရင် တိုင်းရင်းသား တစ်ဖွဲ့ ချင်းစီ တစ်ဖွဲ့ချင်းစီလည်း ဒီလိုဖြစ်သွားလို့ရှိရင် အဲဒါက မြန်မာပြည် မှာ သွားနေတဲ့ ငြိမ်းချမ်းရေး မဖြစ်နိုင်ဘူးပေါ့” ဟုပြောသည်။

COVID- 19 ရောဂါကို ကာကွယ်ထိန်းချုပ်ရန်နှင့် လက်ရှိဖော်ဆောင်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များ ရှေ့ဆက်နိုင်ရန်အတွက် ညီနောင် မဟာမိတ် ၃ ဖွဲ့မှ အစိုးရနှင့် တပ်မတော်အား ကြိုတင်ကန့် သတ် ချက်များ မထားသည့် အပစ်ရပ်စဲရန် တိုက်တွန်းတောင်းဆိုသကဲ့သို့ ယခင် ကရင်အမျိုးသား အစည်းအရုံး KNU ဗဟိုကော်မတီဝင်ဟောင်းများဖြင့် ဖွဲ့စည်းထားသည့် KNU Concerned Group ကလည်း မေလ ၁၂ ရက်နေ့ ယမန်နေ့က ထုတ်ပြန်တောင်းဆိုထားသည်။

ထို့အပြင် COVID- 19 ကပ်ရောဂါ ထိန်းချုပ်ရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ အစိုးရက တိုင်းရင်းသား လက် နက်ကိုင် အဖွဲ့အစည်းများနှင့် လက်တွဲဆောင်ရွက်မည့် ထုတ်ပြန်ချက်သည်လည်း ဟန်ပြမျှသာဖြစ်သည် ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ချက်ထဲတွင် စွပ်စွဲထားသည်။

“မိမိတို့ ညီနောင်မဟာမိတ် ၃ ဖွဲ့သည် မြန်မာ့တပ်မတော်၏ ထိုးစစ်ဆင် တိုက်ခိုက်ခြင်းများကို ယခုအချိန်ထိ ခံနေရသောကြောင့် COVID- 19 ထိန်းချုပ်ရေး လုပ်ငန်းများ၌ ပူးပေါင်းဆောင်ရွက်ရန် မြန်မာအစိုးရနှင့် မြန် မာ့တပ်မတော်မှ ပြောဆိုနေခြင်းမှာ နိုင်ငံတကာ အသိုင်းအဝိုင်းအား လိမ်ညာလှည့်စားရန်နှင့် ICJ ၏ ဖိအား ကို လျော့ချရန်အတွက်သာ ဖြစ်ပါသည်။ အပစ်ရပ်လက်မှတ် ရေးထိုးထားသည့် EAOs အဖွဲ့အစည်းများ၏ ဒေသအတွင်း၌ပင် မြန်မာ့တပ်မတော်၏ အမျိုးမျိုးသော တားဆီးနှောက်ယှက်နေမှုများကြောင့် COVID- 19 ထိန်းချုပ်ရေး လုပ်ငန်းများ၌ ထိရောက်သော ဆောင်ရွက်မှုမျိုးကို မတွေ့ရှိရပဲ ၎င်းတို့၏ ထုတ်ပြန်ချက်နှင့် ဆန့်ကျင်နေပါသည်။”

ညီနောင် မဟာမိတ် ၃ ဖွဲ့၏ ထုတ်ပြန်ချက်ထဲတွင် မြန်မာ့တပ်မတော်သည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့ မှစတင်ပြီး ရခိုင်ဒေသ တစ်ခုတည်းကို တသီးတသန့်ချန်လှပ်ထားကာ စစ်တိုင်းဒေသ ၅ ခု၌ ပစ် ခတ် တိုက်မှု ရပ်စဲရေးကို အကြိမ်ကြိမ်ကြေငြာခဲ့ပြီး မိမိတို့ညီနောင်မဟာမိတ်ဖြစ်သော ရက္ခိုင့်တပ်တော်အား ကြည်း၊ ရေ၊ လေစစ်အင်အားပေါင်းစုံ အသုံးပြုကာ ထိုစစ်ဆင်တိုက်ခိုက်မှုများကို ယနေ့အထိ ပြုလုပ်နေ ဆဲဖြစ်ပါသည်ဟု ဆိုသည်။

လက်ရှိအချိန်တွင် ရက္ခိုင့်တပ်တော် AA တည်ရှိရာ နယ်မြေဒေသများတွင် တိုက်ပွဲများ ပြင်းထန်စွာ ဆက် လက်ဖြစ်ပွားနေသကဲ့သို့ တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA နှင့် မြန်မာအမျိုး သား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA ကိုးကန့်တို့ဖက်တွင်လည်း တပ်မတော်၏ စစ်ရေးလှုပ် ရှားမှုများကြောင့် စစ်ရေးတင်းမာမှုများရှိနေသည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့ ပြောသည်။

ထို့အခြေအနေအောက်တွင် တိုက်ပွဲများဖြစ်လာနိုင်သည့် အနေအထားနှင့် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင် သော်လည်း ညီနောင်မဟာမိတ် ၃ ဖွဲ့အနေဖြင့် မေလ ၃ ရက်နေ့က ထုတ်ပြန်ထားသည့် တစ်ဖက်သတ် အပစ်ရပ် စဲကြောင်း ထပ်မံသက်တမ်းတိုးထားသည့်အတိုင်း ရပ်တည်နေမည်ဟု ဆိုသည်။