ကချင်ပြည်နယ် အစိုးရနှင့် KIO တို့ COVID-19 ကာကွယ်ရေး တွေ့ဆုံဆွေးနွေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ မေလ ၁၄ ရက်။
ကချင်ပြည်နယ်အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် KIO ခေါင်းဆောင်များ COVID-19 ကပ်ဘေးရောဂါ ကာကွယ်ကုသနှိမ်နှင်းနိုင်ရေးနှင့် ပါတ်သက်သည့် ကိစ္စရပ်များကို တွေ့ဆုံဆွေးနွေးခဲ့သည်ဟု သိရသည်။
မေလ ၁၃ ရက်နေ့ (ယမန်နေ့) က ပြုလုပ်သည့် အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို KIO ထိန်းချုပ်နယ်မြေ အတွင်းရှိ နမ်ဆန်ယန်ကျေးရွာ အုပ်စု၊ မိုင်ဆပ်ပါကျေးရွာတွင် ပြုလုပ်ခဲ့သည်ဟု ဆွေးနွေးပွဲ တက်ရောက်ခဲ့သူများက ပြောသည်။
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ကျန်းမာရေးဌာန တာဝန်ခံ ဗိုလ်မူးကြီး လဖိုင်ဟိန်းဝေါမ်က “ဝန်ကြီး ဦးနေဝင်းက သူတို့ဒီကိုလာရတဲ့ ဒီ COVID-19 ကာကွယ်တားဆီးရေးကိစ္စ နှစ်ဖက်ဘယ်လို ပူးပေါင်း လုပ်ဆောင်နိုင်မလဲဆိုတာ လာဆွေးနွေးတာပါ။ အစိုးရဘက်ကတော့ ဆေးစစ်ချင်တဲ့ဟာတွေကို Simple တွေကို ရန်ကုန်ကို ပို့ပေးမယ်ဆိုတာမျိုးတွေပြောတယ်။ မြစ်ကြီးနားဆေးရုံမှာ ဘယ်လိုတွေ လုပ်ဆောင်နေတဲ့ကိစ္စတွေ ပြောဖြစ်တယ်။ NLD အစိုးရအနေနဲ့ ဒီရောဂါကာကွယ်တားဆီးရေး ကို လည်း ဘယ်လိုလုပ်နေတယ်ဆိုတဲ့ကိစ္စတွေပေါ့။ အဓိကတော့ အချင်းချင်း ဆွေးနွေးဖလှယ်ကြတဲ့ အပိုင်းပါပဲ” ဟု ပြောသည်။
COVID-19 ကာကွယ်တားဆီးရေးနှင့် အရေးပေါ်လုပ်ငန်းများ လုပ်ဆောင်ရာတွင် ကာကွယ်ကုသ နှိမ်နှင်းရေးနှင့် ပတ်သက်သည့် ကိစ္စရပ်များကို အပြန်အလှန်ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ ကြသည်ဟု ပြောသည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးနေဝင်း ဦးဆောင်ပြီး၊ KIO မှ ထိပ်ပိုင်းခေါင်းဆောင် များ ဖြစ်ကြသည့် KIO ဒု-ဥက္ကဋ္ဌ ဆွမ်လွတ်ဂမ်၊ ဒုတိယဗိုလ်ချုပ်ကြီး ဆွမ်လွတ်ဂွန်မော်တို့ တက်ရောက်ခဲ့သည်ဟု သိရသည်။
မေလ ၁၃ ရက်နေ့ ပြုလုပ်သည့် အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် COVID-19 ကပ်ရောဂါကာကွယ် နှိမ် နှင်းနိုင်ရေးအတွက် နှစ်ဖက်ပူးပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စရပ်များကို အပြန်အလှန်ဆွေးနွေး ခဲ့ကြပြီး အစိုးရဘက်မှလည်း ၎င်းတို့လုပ်ဆောင်နေသည့် ကိစ္စရပ်များအား ရှင်းပြခဲ့သည်ဟု သိရသည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးနေဝင်း ကလည်း ကမ္ဘာ့ကပ်ရောဂါ ကာကွယ် တားဆီး ရေး လုပ်ငန်းကို နှစ်ဖက်ပူးပေါင်းလုပ်ဆောင်ရာမှ အချင်းချင်းကြားယုံကြည်မှု တည်ဆောက်ပြီး ပြည် တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ် အတွက်ပါ ယုံကြည်မှုများရရှိလာနိုင်သည် ဟု ပြောဆိုခဲ့ကြောင်း ဆွေး နွေးပွဲကို တက်ရောက်ခဲ့သူများက ပြောသည်။
တွေ့ဆုံဆွေးနွေးမှုရာတွင် ပါဝင်ခဲ့သည့် မြစ်ကြီးနားမြို့ ကက်သလစ်သာသနာဂိုဏ်းအုပ် ဆရာတော် ဖရန်စစ် ဒေါ့တန် က “လူမျိုး၊ ဘာသာ မခွဲခြားပဲ လူတိုင်းမှာဖြစ်ပွားနေတဲ့ဒီရောဂါကြီးကို ကာကွယ်ဖို့ အစိုးရနဲ့ ကေအိုင်အို အစိုးရတာဝန်ရှိသူတွေတွေ့ဆုံဆွေးနွေးတာဟာ အင်မတန်ကောင်းတဲ့ အလုပ် ပါ။ တွေ့ဆုံပွဲမှာတက်ရောက်လာတဲ့ ကျနော်တို့ (WMR) နဲ့ (PCG) အနေနဲ့လည်း ရှေ့ လျှောက် အခု လိုတွေ့ဆုံဆွေးနွေးပြီး covid 19 ကာကွယ်ရေးအတွက်ပဲမဟုတ် ငြိမ်းချမ်းရေး အတွက်လည်း ဆက် လက်ဆွေးနွေးစေချင်ပါတယ်” ဟု ပြောသည်။
နှစ်ဖက်တာဝန်ရှိသူများအပြင် အရပ်ဘက်အဖွဲ့အစည်းများဖြစ်ကြသည့် COVID-19 ဆိုင်ရာနှင့် တုန့်ပြန်မှု ကော်မတီ-ကချင် (CCRC-K)၊ ကချင်အမျိုးသားအတိုင်ပင်ခံအဖွ့ဲ (WMR)၊ ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့ (PCG) တို့တက်ရောက်ခဲ့သည်ဟု သိရသည်။
ထို့အပြင် ကချင်ပြည်နယ်အစိုးရအဖွဲ့ ကိုယ်စား ဝန်ကြီးဦးနေဝင်းက KIO နယ်မြေအတွင်း အဖွဲ့အစည်းများ၏ သတ်မှတ်နေရာများတွင် သီးခြားစောင့်ကြည့် နေသူများအတွက် ရက်သတ္တပတ် ၃ ပတ်စာ အလှူငွေနှင့် COVID-19 ကာ ကွယ်တားဆီးရေး လိုအပ်သည့် ပစ္စည်းအချို့ ပေးအပ်ခဲ့သည်ဟု သိရသည်။
KIO/KIA ထိန်းချုပ်နယ်မြေအတွင်း သီးခြားစောင့်ကြည့်နေသူ ၈၇ ဦး ရှိသည်ဟု သိရသည်။