ပိတ်ပင်မှုများကြောင့် ဝေးလံဒေသ လူထုများ အခက်ကြုံ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့။
ကပ်ရောဂါ ကာလအတွင်း ပိတ်ပင်တားမြစ်မှုများက မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေအတွင်းရှိ ဝေးလံသီခေါင်သည့် ဒေသရှိ ပြည်သူများအား စားနပ်ရိက္ခာ အခက်အခဲ ဖြစ်စေသည်ဟု မွန်ပြည် လူ့အခွင့်အရေးဖောင်ဒေးရှင်း (Human Rights Foundation of Monlan) က ပြောသည်။
ဒေသန္တရအစိုးရနှင့် မွန်ပြည်သစ်ပါတီတို့၏ တားမြစ်မှုများသည် ရောဂါပြန့်ပွားခြင်းကို တားဆီးနိုင်ခဲ့သော်လည်း အခြားတစ်ဖက်တွင် ဒေသခံပြည်သူလူထုများ၏ နေ့စဉ်လူမှုစီးပွားဘဝအပေါ် ရိုက်ခတ်မှုများစွာ ဖြစ်ပေါ်စေခဲ့ သည် ဟု စစ်တမ်းကောက်ယူခဲ့သည့်အချက်အလက်များအပေါ် အခြေခံပြီး မွန်ပြည် လူ့အခွင့်အရေးဖောင်ဒေး ရှင်း က ပြောလိုက်ခြင်းဖြစ်သည်။
မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း၏ အစီအစဉ် ဒါရိုက်တာ နိုင်အဲမွန် က “အစိုးရအထောက်အပံ့နဲ့ လူသား ချင်းစာနာထောက်ထားမှုအကူအညီတွေ မရောက်နိုင်တဲ့ ရေးမြို့ နယ် တောင်ပိုင်းနဲ့ ရေဖြိူမြို့ နယ်မြောက်ပိုင်းမှာ ရှိတဲ့ IDP ရွာတွေနဲ့ ဝေးလံခေါင်သီတဲ့ ရွာတွေကတော့ အတော်လေး အခက် အခဲဖြစ်ပါတယ်” ဟု ပြောသည်။
ကူးစက်ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဒေသန္တရအစိုးရနှင့် မွန်ပြည်သစ်ပါတီတို့၏ အသွားအလာ ကန့်သတ်မှု (Quarantine) နှင့် သီးသန့်ပိတ်ပင်ထားရှိမှု (Lockdown) တို့ကြောင့် မြန်မာနိုင်ငံ အရှေ့ တောင် ပိုင်း ဒေသခံပြည်သူများ ကြုံတွေ့ခံစားနေရသည့် နေ့စဉ် လူမှုစီးပွား ဘဝကြပ်တည်းမှု အခြေအနေများကို မွန် ပြည် လူ့အခွင့်အရေးဖောင်ဒေးရှင်း က မြေပြင်ကွင်းဆင်း စစ်တမ်းကောက်ယူခဲ့မှု ပြုလုပ်ခဲ့ပြီး အစီရင်ခံစာ ထုတ်ပြန်ရန် ရှိသည်။
ရေးမြို့ နယ် တောင်ပိုင်းနှင့် ရေဖြူမြို့ နယ်မြောက်ပိုင်းဒေသက ဝေးလံခေါင်သီသည့် ကျေးရွာပေါင်း ၂၀ ကျော် ရှိ သည် ဟု မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း၏ စစ်တမ်းအရ သိရသည်။
မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းမှ အစီအစဉ် တာဝန်ခံ မင်းဗညားအက်ဗွန်က “အဓိကက မိုးတွင်းမှာ ရိက္ခာပြတ်လပ်သွားမှာကို ဒေသခံတွေက စိုးရိမ်နေကြတယ်၊ အဲဒီဒေသတွေက မိုးတွင်းဆိုရင် လမ်းပန်းဆက် သွယ်ရေး မကောင်းတော့ဘူး။ သွားလာဖို့က ခက်ခဲတယ်၊ အခုက ဒီကူးစက်ရောဂါကြောင့် အသွားအလာ ပိတ် ထားတော့ အလုပ် မလုပ်ရဘူး၊ အလုပ်လုပ်မရတော့ ရိက္ခာတွေလည်း မစုဆောင်းနိုင်ဘူး အကူအညီ အထောက်အပံ့တွေကလည်း မရောက် အဲလိုအခြေအနေဖြစ်နေပါတယ်” ဟု ပြောသည်။
ရေဖြူမြို့ နယ်အတွင်းရှိ ကျေးရွာ ၉ ရွာတို့မှာဆိုလျှင် စားနပ်ရိက္ခာအတွက် အခက်အခဲဖြစ်နေသည့်အပြင် အဆို ပါ ဒေသတွင် မကြာခနဖြစ်ပွားနေသည့် မြေမြုပ်မိုင်း ပေါက်ကွဲမှုအန္တရာယ်နှင့် နှစ်စဉ် ဖြစ်ပွားလေ့ရှိသည့် ငှက် ဖျားရောဂါအန္တရာယ်များနှင့်လည်း ရင်ဆိုင်ကြုံတွေ့နေရသည်ဟု မွန်ပြည်သစ်ပါတီ က ပြောသည်။
“အဓိကက ရေဖြူဒေသက ကျေးရွာ ၉ ရွာက ဒေသခံတွေအတွက် အလှူရှင်အဖွဲ့အစည်းတွေ လူမှုအဖွဲ့ အစည်းတွေကနေ တတ်နိုင်သလောက် ဝိုင်းဝန်းကူညီပေးစေချင်ပါတယ်” ဟု မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာ တာဝန်ခံ နိုင်ဗညာလယ် က ပြောသည်။
မွန်ပြည်သစ်ပါတီအနေနှင့် ၎င်းတို့ ထိန်းချုပ်နယ်မြေ ဒေသအတွင်းရှိ ကျေးရွာများ ဝေးလံခေါင်သီသည့် ကျေး ရွာများသို့ ကူညီထောက်ပံ့လိုသူများအနေနှင့် တိုက်ရိုက်သော်လည်းကောင်း မွန်ပြည်သစ်ပါတီ၏ COVID-19 အရေးပေါ်တုံ့ပြန်မှုကော်မတီမှ တဆင့်သော်လည်းကောင်း ထောက်ပံ့လှူဒါန်းနိုင်ကြောင်း တိုက်တွန်း နှိုးဆော် ထားသည်။
မွန်ပြည် လူ့အခွင့်အရေးဖောင်ဒေးရှင်းအနေနှင့် Covid-19 ကူးစက်ရောဂါကြောင့် မြန်မာနိုင်ငံအရှေ့ တောင်ပိုင်း ဝေးလံခေါင်သီသည့်ဒေသမှ ပြည်သူများ ရွှေ့ ပြောင်းအခြေချသူများ လူမှုစီးပွားကြပ်တည်းမှုအကြောင်းကို ရုပ်ရှင်မှတ်တမ်းတိုအနေနှင့် ဇွန်လ ၁ ရက်နေ့က ထုတ်လွှင့်ခဲ့ပြီး မကြာခင်မှာလည်း အစီရင်ခံအဖြစ် ထုတ်ပြန် သွားရန်ရှိသည်ဟု သိရသည်။