မော်လမြိုင်တွင် COVID-19 စစ်ဆေးနိုင်တော့မည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇွန်လ ၂ ရက်။
မွန်ပြည်နယ် မြို့တော် မော်လမြိုင်တွင် COVID-19 ရောဂါပိုး ရှိ မရှိကို ဇွန်လ ၄ ရက်နေ့မှစပြီး စစ်ဆေးနိုင်တော့မည် ဟု မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာန မှ ပြည်နယ်ဦးစီးမှူး က ပြောသည်။
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ တီဘီရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ဇီဝ လုံခြုံရေးအဆင့် ၃ ရှိ ဓာတ်ခွဲခန်းကို COVID-19 ရောဂါပိုး ဓာတ်ခွဲခန်းအဖြစ် အသုံးပြု စစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု သိရသည်။
မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာန မှ ပြည်နယ်ဦးစီးမှူး ဒေါက်တာထွန်းအောင်ကြည် က “အပတ်စဉ် အင်္ဂါ၊ ကြာသပတေး၊ စနေ တစ်ပတ်မှာ ၃ ရက် စစ်ဆေးသွားမယ်။ ခန့်မှန်းခြေက စ စချင်းတော့ (တရက်ကို) ၉၀ လောက်နဲ့ စမယ်။ နောက်ကျလို့ရှိရင် တစ်ရက်ကို ၂၈၀ လောက် စစ်ဆေးနိုင်မယ်လို့တော့ ခန့်မှန်းတွက်ချက်ထားတယ်” ဟု ပြောသည်။
ဓာတ်ခွဲခန်း ဝန်ထမ်းလိုအပ်ချက်ကြောင့် ယခုထက်ပို၍ စစ်ဆေးနိုင်ဦးမည် မဟုတ်ကြောင်း ဒေါက်တာ ထွန်းအောင်ကြည် က ပြောသည်။
အစပိုင်းတွင် မွန်ပြည်နယ်က သီးခြား စောင့်ကြည့်မှု ပြုလုပ်နေသူများကိုသာ စစ်ဆေးမှုများ ပြုလုပ် သွားမည် ဟု ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာနထံမှ သိရသည်။ မွန်ပြည်နယ်အပြင် ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှ COVID-19 သီးခြား စောင့်ကြည့်မှုပြုလုပ်နေသူများကို ဓာတ်ခွဲစစ်ဆေးနိုင်ရန် စီစဉ်ထားသော်လည်း အစပိုင်းတွင် စစ်ဆေးနိုင်အုံး မည်မဟုတ်ဟု သိရသည်။
COVID-19 ရောဂါပိုး စစ်ဆေးသည့် ဓာတ်ခွဲခန်းအတွက် လက်ရှိဝန်ထမ်း လေးဦးသာ ရှိသေးပြီး စေတနာ့ ဝန်ထမ်းများ ခေါ်ယူရန် စီစဉ်ထားသည်ဟု ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) မှ တာဝန်ခံ ဒေါက်တာနီနီ ဟန် က ပြောသည်။
“အဲဒါကြောင့်မို့ volunteer ခေါ်ထားပါတယ်။ volunteer အနေနဲ့က ရန်ကုန်က ဓာတ်ခွဲ ကျွမ်းကျင် ၂ က ၂ ယောက်နဲ့ ဒီမွန်ပြည်နယ်မှာရှိတဲ့ ဓာတ်ခွဲကျွမ်းကျင် ၄ ပေါ့ အဲ့ဒီကနေ ၃ ယောက် လာဖို့ရှိပါ တယ်။ နောက်တစ်ခုက data management နဲ့ သန့်ရှင်းရေးဝန်ထမ်းတွေလည်း လာကူညီဖို့ရှိပါတယ်။”
မွန်ပြည်နယ် ဇွန်လ ၁ ရက်နေ့အထိ COVID-19 ရောဂါပိုး ရှိ မရှိ ဓာတ်ခွဲနမူနာ စစ်ဆေးခဲ့သူ စုစုပေါင် ၁၁၄၆ ဦး ရှိပြီး လူနာအမှတ် ၂၇ တစ်ဦးတွင် သာ ပိုးတွေ့ရှိခဲ့သည်။