ရှမ်းမြောက်တွင် KIA နှင့် တပ်မတော် တိုက်ပွဲများ ရက်ဆက်ဖြစ်ပွား

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇွန်လ ၁၉ ရက်။

ရှမ်းပြည်နယ်၊ မြောက်ပိုင်းတွင် တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့အကြား ဇွန်လ ၁၈ ရက်နေ့အထိ တိုက်ပွဲများဖြစ်ပွားနေသည်ဟု သိရသည်။

ရှမ်းမြောက်၊ ကွတ်ခိုင်မြို့နယ်အတွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသည်ဟု KIO သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ယခုကဲ့သို့ပြောသည်။

“အခုတလောက ကျနော်တို့ KIO ထိန်းချုပ်နယ်မြေဘက်မှာ ဒီလအတောအတွင်းမှာတောင် ဆက်တိုက်ပေါ့နော် တိုက်ပွဲတွေဖြစ်တာ ရှိပါတယ်။ ဒါက ရှမ်းပြည်ရဲ့ မြောက်ဘက်ပိုင်းမှာ ဖြစ်ပါတယ်။ ကျနော်တို့ ကချင်ပြည်နယ် ဘက်မှာတော့ မရှိပါဘူး။ ကျနော်တို့ KIA တပ်ရင်းနဲ့ ပြောမယ်ဆိုရင်တော့ ၂၉ ပေါ့နော် အဲ့ဘက်မှာဖြစ်ပါတယ်။ မြို့နယ်ကတော့ ကွတ်ခိုင်မြို့နယ်အတွင်းမှာပဲ ဖြစ်ပါတယ်။ မနေ့ကလည်း ဖြစ်တာလည်း သတင်းတချက် တက်တယ်။ ဖြစ်တာက မိနစ် ၃၀ လောက်ဖြစ်တယ်။ ထိတွေ့ရင်ဆိုင်တာပေ့ါ။ ၁၆ ရက်နေ့မှာဖြစ်တာ။”

ကွတ်ခိုင်မြို့နယ်အတွင်းရှိ နမ့်ဟိုးကျေးရွာ အနီးတဝှိုက်တွင် တပ်မတော်နှင့် KIA အကြား တိုက်ပွဲများ ဖြစ်ပွား နေသည်မှာ သုံးရက်ဆက်တိုက်ရှိပြီဟုလည်း ဒေသခံ တစ်ဦးက ပြောသည်။

“ဒီကွတ်ခိုင်မြို့ထဲမှာပဲ ဖြစ်တာပါ။ ဖြစ်တာတော့ တောထဲပေါ့နော်၊ နမ့်ဟိုးလား အဲ့ဒီကျေးရွာနားတွေမှာ ဖြစ် တယ်။ ဖြစ်တာက ၁၆ ရက်နေ့ကဖြစ်တယ်။ နောက်ပြီး ၁၇ ရက်နေ့ မနက်မှာလည်း ထပ်ဖြစ်တယ်နော်။ ပြီးရင် ဒီနေ့ ၁၈ ရက်နေ့ မနက်ပေါ့ ထပ်ဖြစ်တယ်။”

အဆိုပါ တိုက်ပွဲများကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြသည်ဟု ဆက်ပြောသည်။ ထို့အပြင် ဇွန်လ ၁၈ ရက်နေ့က တပ်မတော်စစ်ကြောင်းတစ်ခုက တိုက်ပွဲဖြစ်ပွားရာအနီးရှိ ဒေသခံရွာသား နှစ်ဦးအား ဖမ်းဆီး သွားခဲ့ပြီး ညနေ့တွင် ပြန်လွှတ်ပေးခဲ့သည်ဟု အဆိုပါ ကွတ်ခိုင်ဒေသခံက ဆက်ပြောသည်။

“ဖြစ်တာက ရွာထဲမှာတော့မဟုတ်ဘူးနော်။ တောထဲမှာ ဒါပေမယ့် ကျနော်တို့ ဒီရွာသားတွေက တောထဲမှာ အလုပ်လုပ်တာတွေရှိတယ်။ တောင်ယာခုတ်တာတို့၊ အသီးအရွက်တွေရှာတာမျိုးနော်။ အခုက တိုက်ပွဲဖြစ် တော့ သိပ်မသွားရဲတော့ဘူး။ ဒီနေ့ဆိုရင် လူနှစ်ယောက်ကို ခဏဖမ်းသွားတာရှိတယ်။ ညနေလောက်မှာ တော့ ပြန်လွှတ်ပေးတယ်။ အဲ့လိုမျိုးပေါ့ အဲ့ဒါကြောင့် ပြည်သူက ကြောက်နေရတယ်။”

ရှမ်းပြည်မြောက်ပိုင်းမှာ KIA တပ်မဟာ(၄) တပ်ရင်း (၈) လက်အောက်ခံ ကာလိုင်ခရိုင်အတွင်းရှိ KIA အထူး လှုပ်ရှားရေးတပ်ရင်း ၂၉ နယ်မြေအတွင်း တပ်မတော်မှ ထိုးစစ်ဆင်လာသည့်အတွက် တိုက်ပွဲများ ဖြစ်ပွား လာ ရခြင်း ဖြစ်သည်ဟု သိရသည်။

“ဖြစ်စဉ်ကတော့ ကျနော်တို့ ရှမ်းမြောက်ဘက်မှာ KIA ရဲ့ အုပ်ချုပ်နယ်မြေဘက်မှာ တပ်မတော်ဘက်က စစ် ကြောင်းလို့ပြောရမှာပေါ့ တော်တော်များများထိုးထားတယ်လို့ သတင်းက စုံစမ်းသိရှိရပါတယ်။ ဆိုတော့ ဆက်ပြီးတော့လည်း တိုက်ပွဲတွေဖြစ်နိုင်ချေရှိတယ်လို့ ကျနော်ပြောလိုခြင်း ဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူ က ပြောသည်။

ဇွန်လအတွင်း တပ်မတော်နှင့် KIA အကြားဖြစ်ပွားနေသည့် တို်က်ပွဲအခြေအနေများနှင့်ပတ်သက်၍ သိရှိနိုင်ရေး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်၍ မရခဲ့ပေ။

ယခုလအတွင်း နှစ်ဖက်ကြား ဖြစ်ပွားနေသည့် အဆိုပါတိုက်ပွဲများကြောင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုများ ပြု လုပ်ရန် ကြိုးစားနေသည့်အပေါ် အဟန့် အတား အချို့ရှိလာနိုင်သည်ဟု ဆက်ပြောသည်။

ဗိုလ်မှူးကြီးနော်ဘူ က “ဆွေးနွေးပွဲမှာကတော့ အနည်းအများကတော့ အဟန့်အတား ရှိလာနိုင်တယ်။ ကျနော် တို့ကတော့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထားတာလဲမရှိဘူး ဆိုတော့ နိုင်ငံရေးဆွေးနွေးတဲ့ နေရာမှာလဲ အစိုးရနဲ့ ဆွေးနွေးပြီးမှ တပ်မတော်ဘက်နဲ့လဲ အထူးဆွေးနွေးဖို့ လိုတယ်” ဟု ပြောသည်။

ဇွန်လ (၄)ရက်၊ (၆) ရက်နှင့် (၇) ရက်နေ့တို့တွင်လည်း ရှမ်းမြောက်တွင် တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA တို့အကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး၊ တပ်မတော်ဘက်ကလည်း စစ်ရေးလှုပ်ရှားမှု၊ တပ်အင်အားတိုးချဲ့မှုများ ရှိနေသည်ဟု ရှမ်းမြောက်ဒေသတွင် တာဝန်ကျနေသည့် KIO မှ အုပ်ချုပ်ရေး ပိုင်းဆိုင်ရာ တာဝန်ရှိသူတစ်ဦး က ပြောသည်။