ရှမ်းမြောက်တွင် သုံးရက်အတွင်း အလောင်း ၃ လောင်းတွေ့

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇွန်လ ၁၉ ရက်။

ရှမ်းမြောက်ဒေသတွင် ၃ ရက်အတွင်း သေဆုံးနေသည့် အလောင်း ၃ လောင်းတွေ့ ရှိရသည်ဟု ဒေသခံ များက ပြောသည်။

ဇွန်လ ၁၈ ရက် နေ့ (ယမန်နေ့) က ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် စံလောင်းကျေးရွာ အကျော် ကားလမ်းဘေးရှိ ခြုံထဲ၌ သေဆုံးနေသည့် အမျိုးသားအလောင်း ၁ လောင်းကို တွေ့ရှိခဲ့သည်ဟု သိရသည်။

သီပေါမြို့ က နယ်စည်းမခြား လူမှုကူညီရေးအသင်း က ကိုမျိုးက “ကျနော်တို့ကို ည ၇ နာရီ ခွဲလောက်မှာ သီပေါရဲစခန်းကနေပြီးမှ အကြောင်းကြားလာတယ်။ စံလောင်ကျေးရွာနား အလောင်း တစ်လောင်း တွေ့နေ တယ်ပြောတော့ ကျနော်တို့သွားသယ်လာပြီး သီပေါဆေးရုံပို့ပေးတယ်။ သေနေတဲ့ အလောင်းက ဘာဒဏ်ရာမှ မရှိဘူး” ဟု ပြောသည်။

သေဆုံးနေသည့် အမျိုးသား အလောင်းတွင် ဒဏ်ရာဒဏ်ချက်များ မတွေ့ရကြောင်းနှင့် သေဆုံးသူအား သီပေါ မြို့ရှိ ဆေးရုံသို့ ပို့ဆောင်ပေးထားသည်ဟု ကိုမျိုးက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့ ကလည်း လားရှိုးမြို့နယ် တာပုံကျေးရွာအုပ်စု မက်ချိနုကျေးရွာအနီးရှိတွင် ကြိုးတုပ်ခံထားရပြီး သေဆုံးနေသည့် အမျိုးသမီး အလောင်း ၂ လောင်းကို တွေ့ရှိခဲ့သည်။

အလောင်းကို သွားရောက်သယ်ဆောင်ခဲ့သည့် လားရှိုးလူငယ်များ လူမှုကူညီရေးအသင်းမှ စိုင်းဝသုန်ထွန်း က “အဲနေ့က လူတစ်ဦး လာပြောပြတာ အလောင်းတစ်လောင်းတွေ့တယ်။ သွားသယ်ပေးပါအုံးဆိုပြီးတော့ ကား က တစ်စီးပဲသွားတယ်။ အဲမှာရောက်တော့ အလောင်းက ၂ လောင်းဖြစ်နေတယ်။ သူတို့က ကျနော့်ကို ပြန် လှမ်းခေါ်တယ်။ ကျနော်လည်း သွားလိုက်တယ်။ တောလမ်းဖြစ်တော့ ကားက ဆက်သွားလို့ မရဘူး။ ကျန်တဲ့ ကားတွေ ထားခဲ့ပြီး တစ်စီးက တော်တော်လေး ခက်ခက်ခဲခဲ သွားရတယ်” ဟု ပြောသည်။

“အလောင်း နှစ်လောင်းစလုံး ကြိုးတုတ်ထားတယ် ကြာသွားတော့ ကျနော်တို့ ဘာဒဏ်ရာမှ မကြည့်နိုင်ဘူး။ အလောင်း နှစ်လောင်းကို မြန်မြန်ထုတ်ဖို့ပဲ အဓိက အနံ့တွေ လုံဖို့ပဲ ကျနော်တို့ ဘာမှမကြည့်နိုင်ဘူး။ အနံ့က လည်း တော်တော်ဆိုးနေတယ်။”

အဆိုပါ အမျိုးသမီး ၂ ဦးအား သတ်ခဲ့သည့် တရားခံကို ဇွန်လ ၁၉ ရက်နေ့ (ယနေ့) နံနက်ပိုင်းတွင် တရားခံ အား မိပြီဟု သတင်းများထွက်ပေါ်နေသော်လည်း အသေးစိတ်ကို မသိရသေးဘူးဟု စိုင်းဝသုန်ထွန်း က ဆက် ပြောသည်။

“ဒီနေ့မနက် ကြားတဲ့သတင်းကတော့ တရားခံမိပြီလို့ ကြားတယ်။ ဒါပေမယ့် သတင်းအပြည့်အစုံ ကျတော့ ကျနော်တို့ သေချာမသိရသေးဘူး။”

အဆိုပါကိစ္စနှင့် ပတ်သက်၍ လားရှိုးမြို့မ ရဲစခန်း သို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိ သဖြင့် ဆက်သွယ်၍ မရခဲ့ပေ။

မေလ (၁၈)ရက်နေ့ကလည်း ကျောက်မဲမြို့နယ် ချောင်းချောက်အုပ်စု ဖလိန်းကျေးရွာနေ အမျိုးသမီး (၂) ဦး တို့အား အမည်မသိ လူသတ်သမားက လက်ဖက်ခြံတဲအတွင်း လူသားမဆန်စွာ သတ်ဖြတ်ခြင်း ကြောင့် သေဆုံးခဲ့ကြောင်း၊ အမှုမှန်ပေါ်ပေါက်ရေးနှင့် တရားမျှတမှု ရရှိစေရေးတို့အတွက် သက်ဆိုင်ရာ အာဏာ ပိုင်များက အမြန်ဆုံးစုံစမ်းဖော်ထုတ်ပေးရန် တအာင်းအရပ်ဘက်အဖွ့ဲအစည်းများက ထုတ်ပြန် တောင်းဆို ထားသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်းရှိ ဒေသခံပြည်သူများသည် လက်နက်ကိုင်အဖွဲ့အစည်းများသာမက အခြားသော အမည်မသိ လူသတ်သမားများကြောင့် မကြာခဏ သတ်ဖြတ်ခြင်းကို ခံနေကြရသည်ဟု တအာင်း အရပ်ဘက်အဖွဲ့အစည်းများက ပြောသည်။