မွန်ပြည်နယ် ဝန်ကြီးအများစု ရွေးကောက်ပွဲ ပြန်ဝင်မည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇွန်လ ၁၉ ရက်

မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်ထဲက ဝန်ကြီးချုပ် အပါအဝင် အမျိုးသားဒီမိုကရေစီပါတီအဖွဲ့ချုပ် NLD ပါတီမှဝန်ကြီး အများစုသည် လာမည့်ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်းအဆိုပြုလွှာ တင်ထားကြသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့တွင် ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီး ၁၂ ဦးရှိပြီး NLD ပါတီကိုယ်စားပြု ၁၀ ဦး၊ မွန်ညီ ညွတ်ရေးပါတီမှ ၁ ဦးနှင့် တပ်မတော်မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ၁ ဦးတို့ ပါဝင်သည်။

လာမည့်ရွေးကောက်ပွဲတွင် NLD ပါတီမှ ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီး ၁၀ ဦးအနက် စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးမှလွဲပြီး ၉ ဦးစလုံး ပြန်လည် ဝင်ပြိုင်ရန် အဆိုပြုလွှာ တင်ထားသည်ဟု မွန်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဌ ဒေါက်တာခင်ဆောင် က ပြောသည်။

“ကိုထွန်းဌေးတော့ မပြိုင်ဘူး ကျန်တဲ့ ဝန်ကြီးအားလုံး ဝင်ပြိုင်မယ်။ အဆိုပြုလွှာ လျှောက်တာတွေ က ပြည်နယ် ကိုတော့ တင်ထားပြီးပြီ။ အဲဒါကို ပြည်နယ် ပြန်စိစစ်ရမယ်” ဟု ဒေါက်တာခင်ဆောင်က ပြောသည်။

ရွေးကောက်ပွဲ ဝင်ပြိုင်မည့် ဝန်ကြီးများ အားလုံးသည် ၂၀၁၅ ရွေးကောက်ပွဲတုန်းက အနိုင်ရရှိခဲ့သည့် မဲဆန္ဒနယ် တို့တွင်သာ ဝင်ရောက်ယှဉ်ပြိုင်သွားကြမည်ဟု သိရသည်။

NLD ပါတီမှ မွန်ပြည်နယ်လွှတ်တော် ဥက္ကဌ ဒေါ်တင်အိကတော့ အသက်အရွယ်အရသော်လည်းကောင်း လူငယ်များအတွက် နေရာဖယ်ပေးချင်သည့်အတွက်ကြောင့် လာမည့်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည် မဟုတ်တော့ဘူးဟု ပြောသည်။

“အန်တီအနေနဲ့က လာမယ့်ရွေးကောက်ပွဲမှာ ဝင်ရောက် မယှဉ်ပြိုင်တော့ပါဘူး၊ အန်တီ့အသက်က ၇၅ မကြာ ခင် ပြည့်တော့မယ်ဆိုတော့ အသက်အရွယ်အရ အန်တီက ရွေးကောက်ပွဲမဝင်တော့ပါဘူး။ နောက်တစ်ချက် က နေရာဖယ်ပေးချင်တာပါ။ အန်တီ့ထက် အသက်ငယ်သော အန်တီ့ထက် လုပ်ရည်ကိုင်ရည်ရှိသော အန်တီ့ ထက် လေ့လာသင်ယူနိုင်သူတွေအတွက် နေရာဖယ်ပေးချင်တာပါ” ဟု မွန်ပြည်နယ်လွှတ်တော် ဥက္ကဌ ဒေါ်တင်အိက ပြောသည်။

အစိုးရအဖွဲ့ဝင် ဝန်ကြီးများထဲက မွန်ညီညွတ်ရေးပါတီကိုယ်စားပြု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းကလည်း ပါတီဗဟိုက တာဝန်ပေးချက်အပေါ် မူတည်ပြီး ရွေးကောက်ပွဲ ဝင်ပြိုင် မပြိုင်ကို ဆုံးဖြတ်သွားမည်ဟု ပြောသည်။

လာမည့်ရွေးကောက်ပွဲတွင် မွန်ပြည်နယ်အတွင်း တပ်မတော်သားနှင့် အတူနေမိသားစုဝင်မဲစာရင်းမပါသေးပဲ မဲပေးပိုင်ခွင့်ရှိသူ ၁၇ သိန်း ၄ သောင်းခန့်ရှိသည်။

အဆိုပါ မဲပေးပိုင်ခွင့်ရှိသူ ၁၇ သိန်း ၄ သောင်းထဲတွင် ပထမအကြိမ် မဲပေးရမည့် မဲဆန္ဒရှင် တစ်သိန်းကျော် ရှိသည်ဟု မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။