ပျူစောထီးအဖွဲ့ဝင်များ ပစ်ခံရပြီး ဒေသခံ လူငယ် ၃၀ ကျော် ဖမ်းခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်။

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပျူစောထီးအဖွဲ့ဝင်များ သေနတ်ဖြင့် ပစ် သတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒေသခံ လူငယ် ၃၀ ကျော်ကို ဖမ်းဆီးထားသည်ဟု ဒေသခံများ က ပြောသည်။

ပုလောမြို့နယ်ရှိ ရှပ်ပုံရွာတွင် စက်တင်ဘာ ၂၉ ရက်နေ့၊ နံနက်ပိုင်းက ပျူစောထီးအဖွဲ့ဝင်များ သေနတ်ဖြင့် ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီ က လူငယ်အယောက် ၃၀ ကျော်ကို ဖမ်းဆီးထားခြင်းဖြစ်သည်ဟု ပြောသည်။

“ပြည်သူ့စစ်နှစ်ယောက်သေတာ ငါတို့ဘာမဖြစ်ဘူး။ သေနတ်ပါသွားလို့ဖမ်းတာ၊ သေနတ်တွေ ပြန်မရမချင်း ထပ်ဖမ်းနေအုန်းမယ်လို့ စကစတပ်ဖွဲ့တွေက ပြောပြီးဖမ်းဆီးနေတာ။ လက်ရှိ အယောက် ၃၀ ကျော် ဖမ်းထား တယ်ကြားရတယ်။ ကျား/မဦးရေတော့ အတိအကျမသိသေးဘူး” ဟု ရှောင်တိမ်းနေရသူ အသက် ၂၅ နှစ် အရွယ် ရွာခံလူငယ်တစ်ဦး က ပြောသည်။

ပစ်ခတ်မှုဖြစ်ပွားပြီးသည့်နောက် စစ်ကောင်စီတပ်ဖွဲ့ အင်အား ၅၀ ခန့် ကျေးရွာအတွင်း ရောက်ရှိလာပြီး အခင်း ဖြစ်ပွားသည့် ဝါးတန်းရပ်တွင် တပ်စွဲပြီးနောက် ကျေးရွာအတွင်း ရှာဖွေမွှေနှောက်၍ နေ့စဉ်လူငယ်များအား ဖမ်းဆီးလျက်ရှိနေသည်ဟု ဒေသခံရွာသားများက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ လကုန်ရက်ပိုင်းက ပစ်ခတ်မှုဖြစ်စဉ်သည် ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ (PRDF) နှင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(PDF) ပူးပေါင်းအဖွဲ့တို့ ပူးပေါင်း၍ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့များ က ကြေညာသည်။

ရှပ်ပုံကျေးရွာအုပ်စုရှိ စစ်ကောင်စီခန့် ပျူစောထီး (ပြည်သူ့စစ် ) ၄ ဦး သေနတ်ထိမှန်ခဲ့ပြီး နှစ်ဦးသေဆုံးခဲ့ကာ ၎င်းတို့ကိုင်ဆောင်ထားသည့် AK သေနတ်တစ်လက်နှင့် M16 သေနတ်တစ်လက်တို့ကိုလည်း သိမ်းဆည်းနိုင် ခဲ့ကြောင်း PRDF က သတင်းထုတ်ပြန်ခဲ့သည်။

အခင်းဖြစ်ပွားသည့်ရက်တွင် အဆိုပါနေရာနားတဝိုက် သွားလာနေသည့် သူများကို CCTV များတွင် ကြည့်ပြီး ၎င်းတို့ မသင်္ကာသည့် သူများကို လိုက်ဖမ်းနေခြင်းဖြစ်ကြောင်းနှင့် နောက်ဆုံးဖမ်းခံရသည့် နှစ်ယောက်အား စစ်ကောင်စီက သေနတ်ဒင်နှင့် ရိုက်ပြီး ခေါ်ဆောင်သွားကြောင်း အဆိုပါ လူငယ်က ပြောသည်။

လက်ရှိတွင် ကျေးရွာအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၂၀ ခန့် တပ်စွဲကျန်ရှိနေပြီး တပ်ဖွဲ့ဝင်အချို့ ပြန်လည်ထွက်ခွာသွားပြီ ဟု ရွာသားများက ပြောသည်။

*** ZAWGYI ***
ပ်ဴေစာထီးအဖြဲ႕ဝင္မ်ား ပစ္ခံရၿပီး ေဒသခံ လူငယ္ ၃၀ ေက်ာ္ ဖမ္းခံရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၄ ရက္။

တနသၤာရီတိုင္းေဒသႀကီး၊ ၿမိတ္ခ႐ိုင္၊ ပ်ဴေစာထီးအဖြဲ႕ဝင္မ်ား ေသနတ္ျဖင့္ ပစ္ သတ္ခံရၿပီးေနာက္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက ေဒသခံ လူငယ္ ၃၀ ေက်ာ္ကို ဖမ္းဆီးထားသည္ဟု ေဒသခံမ်ား က ေျပာသည္။

ပုေလာၿမိဳ႕နယ္ရွိ ရွပ္ပုံ႐ြာတြင္ စက္တင္ဘာ ၂၉ ရက္ေန႔၊ နံနက္ပိုင္းက ပ်ဴေစာထီးအဖြဲ႕ဝင္မ်ား ေသနတ္ျဖင့္ ပစ္သတ္ခံရၿပီးေနာက္ စစ္ေကာင္စီ က လူငယ္အေယာက္ ၃၀ ေက်ာ္ကို ဖမ္းဆီးထားျခင္းျဖစ္သည္ဟု ေျပာသည္။

“ျပည္သူ႔စစ္ႏွစ္ေယာက္ေသတာ ငါတို႔ဘာမျဖစ္ဘူး။ ေသနတ္ပါသြားလို႔ဖမ္းတာ၊ ေသနတ္ေတြ ျပန္မရမခ်င္း ထပ္ဖမ္းေနအုန္းမယ္လို႔ စကစတပ္ဖြဲ႕ေတြက ေျပာၿပီးဖမ္းဆီးေနတာ။ လက္ရွိ အေယာက္ ၃၀ ေက်ာ္ ဖမ္းထား တယ္ၾကားရတယ္။ က်ား/မဦးေရေတာ့ အတိအက်မသိေသးဘူး” ဟု ေရွာင္တိမ္းေနရသူ အသက္ ၂၅ ႏွစ္ အ႐ြယ္ ႐ြာခံလူငယ္တစ္ဦး က ေျပာသည္။

ပစ္ခတ္မႈျဖစ္ပြားၿပီးသည့္ေနာက္ စစ္ေကာင္စီတပ္ဖြဲ႕ အင္အား ၅၀ ခန႔္ ေက်း႐ြာအတြင္း ေရာက္ရွိလာၿပီး အခင္း ျဖစ္ပြားသည့္ ဝါးတန္းရပ္တြင္ တပ္စြဲၿပီးေနာက္ ေက်း႐ြာအတြင္း ရွာေဖြေမႊေႏွာက္၍ ေန႔စဥ္လူငယ္မ်ားအား ဖမ္းဆီးလ်က္ရွိေနသည္ဟု ေဒသခံ႐ြာသားမ်ားက ေျပာသည္။

ၿပီးခဲ့သည့္ စက္တင္ဘာ လကုန္ရက္ပိုင္းက ပစ္ခတ္မႈျဖစ္စဥ္သည္ ပုေလာေဒသကာကြယ္ေရးတပ္ဖြဲ႕ (PRDF) ႏွင့္ ျပည္သူ႔ ကာကြယ္ေရးတပ္ဖြဲ႕(PDF) ပူးေပါင္းအဖြဲ႕တို႔ ပူးေပါင္း၍ ပစ္ခတ္ခဲ့ျခင္းျဖစ္ေၾကာင္း ယင္းအဖြဲ႕မ်ား က ေၾကညာသည္။

ရွပ္ပုံေက်း႐ြာအုပ္စုရွိ စစ္ေကာင္စီခန႔္ ပ်ဴေစာထီး (ျပည္သူ႔စစ္ ) ၄ ဦး ေသနတ္ထိမွန္ခဲ့ၿပီး ႏွစ္ဦးေသဆုံးခဲ့ကာ ၎တို႔ကိုင္ေဆာင္ထားသည့္ AK ေသနတ္တစ္လက္ႏွင့္ M16 ေသနတ္တစ္လက္တို႔ကိုလည္း သိမ္းဆည္းႏိုင္ ခဲ့ေၾကာင္း PRDF က သတင္းထုတ္ျပန္ခဲ့သည္။

အခင္းျဖစ္ပြားသည့္ရက္တြင္ အဆိုပါေနရာနားတဝိုက္ သြားလာေနသည့္ သူမ်ားကို CCTV မ်ားတြင္ ၾကည့္ၿပီး ၎တို႔ မသကၤာသည့္ သူမ်ားကို လိုက္ဖမ္းေနျခင္းျဖစ္ေၾကာင္းႏွင့္ ေနာက္ဆုံးဖမ္းခံရသည့္ ႏွစ္ေယာက္အား စစ္ေကာင္စီက ေသနတ္ဒင္ႏွင့္ ႐ိုက္ၿပီး ေခၚေဆာင္သြားေၾကာင္း အဆိုပါ လူငယ္က ေျပာသည္။

လက္ရွိတြင္ ေက်း႐ြာအတြင္း စစ္ေကာင္စီတပ္ဖြဲ႕ဝင္ အေယာက္ ၂၀ ခန႔္ တပ္စြဲက်န္ရွိေနၿပီး တပ္ဖြဲ႕ဝင္အခ်ိဳ႕ ျပန္လည္ထြက္ခြာသြားၿပီ ဟု ႐ြာသားမ်ားက ေျပာသည္။