မော်လမြိုင်ကျွန်းတွင် ဖမ်းဆီး ငွေညှစ်မှုများ ရှိနေ
သတင်းနှင့် မီဒီယာ ကွန်ရက်၊
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်။
ဧရာဝတီတိုင်း ဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက် နှင့် ကျေးရွာနေ ပြည်သူအချို့ကို စစ်ကောင် စီတပ်ဖွဲ့ဝင်များက သက်သေအထောက်အထား မရှိဘဲ ဖမ်းဆီးပြီး ကျပ်နှစ်သိန်းမှ ကျပ်သိန်း ၂၀ အထိ ငွေညှစ် တောင်းယူမှုများရှိနေသည်ဟု ဒေသခံများက ပြောသည်။
CDM ထောက်ပံ့သူ၊ နွေဦးထီရောင်းသူ၊ PDF နှင့် စစ်တပ်ဆန့်ကျင် ဆန္ဒပြသူဟု သက်သေအထောက် အထားမရှိ ဘဲ စွပ်စွဲကာ အကြပ်ကိုင် ငွေညှစ်နေသည် ဟု ဒေသခံအုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦး က ပြောသည်။
“ဆင်းရဲ ချမ်းသာ အလိုက် ပေါက်ဈေးရှိတယ်။ ၂ သိန်းကနေ သိန်း ၂၀ အထိပေးရတာတွေရှိတယ်” ဟု ပြောသည်။
ဖမ်းဆီးခံရသူများထဲတွင် ငွေကြေးပေးနိုင်သူများမှာ စစ်ကြောရေးကို မရောက်သကဲ့သို့ တရားရုံး လည်း မရောက်ဘဲ ပြန်လည် လွတ်မြောက်လာသူများရှိပြီး ငွေမပေးနိုင်သေးသူများကို ဆက်လက် ဖမ်းထား သည်ဟု ဒေသခံအချို့က ပြောသည်။
အောက်တိုဘာလ ၃ ရက်နေ့က မော်ကျွန်းမြို့၊ အမှတ် ၁၀ ရပ်ကွက်ရှိ Happy လက်ဖက်ရည်ဆိုင်ရှေ့တွင် ဗုံးနှစ် လုံးဆင့်ပေါက်ခဲ့မှုနှင့် ပတ်သက်၍ သံသယဖြင့် ဖမ်းခံထားရသူ အချို့ငွေမပေးနိုင်သေး၍ ပြန်မလွတ်သေး ဟု သိရသည်။
“တနေရာရာမှာ ဗုံးပေါက်တယ်ကြားရင် ဆိုင်ကယ်တွေစစ်တယ်။ ပြောကြရင် အပြင်မထွက်ရဲဘူး။ ယူနီ ဖောင်းဝတ်ထားတဲ့ သူကို တွေ့ရင် ရှောင်သွားနေရတယ်။ ငွေညှစ်မှာ ကြောက်လို့” ဟု မြို့ခံ ဆိုင်ကယ် ကယ်ရီ မောင်းသူတစ်ဦး က ပြောသည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် စစ်အာဏာသိမ်းပြီးချိန်မှ စတင်၍ သက်သေ အထောက်အထားမရှိဘဲ သံသယနှင့် ဖမ်းဆီးခံထားရသူ ၇၀ နီးပါး အထိရှိလာပြီဟု ဒေသခံများက ပြောသည်။
မအူပင်၊ ပုသိမ်၊ ရေကြည်၊ မြောင်းမြ စသည့် မြို့နယ်များတွင်လည်း ဖမ်းဆီး ခြိမ်းခြောက် ငွေတောင်းခံမှုများ ရှိ နေကြောင်း မြို့ခံ အချို့က ပြောသည်။
*** ZAWGYI ***
ေမာ္လၿမိဳင္ကြၽန္းတြင္ ဖမ္းဆီး ေငြညႇစ္မႈမ်ား ရွိေန
သတင္းႏွင့္ မီဒီယာ ကြန္ရက္၊
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၈ ရက္။
ဧရာဝတီတိုင္း ေဒသႀကီး၊ ေမာ္လၿမိဳင္ကြၽန္းၿမိဳ႕နယ္ရွိ ၿမိဳ႕ေပၚရပ္ကြက္ ႏွင့္ ေက်း႐ြာေန ျပည္သူအခ်ိဳ႕ကို စစ္ေကာင္ စီတပ္ဖြဲ႕ဝင္မ်ားက သက္ေသအေထာက္အထား မရွိဘဲ ဖမ္းဆီးၿပီး က်ပ္ႏွစ္သိန္းမွ က်ပ္သိန္း ၂၀ အထိ ေငြညႇစ္ ေတာင္းယူမႈမ်ားရွိေနသည္ဟု ေဒသခံမ်ားက ေျပာသည္။
CDM ေထာက္ပံ့သူ၊ ေႏြဦးထီေရာင္းသူ၊ PDF ႏွင့္ စစ္တပ္ဆန႔္က်င္ ဆႏၵျပသူဟု သက္ေသအေထာက္ အထားမရွိ ဘဲ စြပ္စြဲကာ အၾကပ္ကိုင္ ေငြညႇစ္ေနသည္ ဟု ေဒသခံအုပ္ခ်ဳပ္ေရးအဖြဲ႕ႏွင့္ နီးစပ္သူတစ္ဦး က ေျပာသည္။
“ဆင္းရဲ ခ်မ္းသာ အလိုက္ ေပါက္ေဈးရွိတယ္။ ၂ သိန္းကေန သိန္း ၂၀ အထိေပးရတာေတြရွိတယ္” ဟု ေျပာသည္။
ဖမ္းဆီးခံရသူမ်ားထဲတြင္ ေငြေၾကးေပးႏိုင္သူမ်ားမွာ စစ္ေၾကာေရးကို မေရာက္သကဲ့သို႔ တရား႐ုံး လည္း မေရာက္ဘဲ ျပန္လည္ လြတ္ေျမာက္လာသူမ်ားရွိၿပီး ေငြမေပးႏိုင္ေသးသူမ်ားကို ဆက္လက္ ဖမ္းထား သည္ဟု ေဒသခံအခ်ိဳ႕က ေျပာသည္။
ေအာက္တိုဘာလ ၃ ရက္ေန႔က ေမာ္ကြၽန္းၿမိဳ႕၊ အမွတ္ ၁၀ ရပ္ကြက္ရွိ Happy လက္ဖက္ရည္ဆိုင္ေရွ႕တြင္ ဗုံးႏွစ္ လုံးဆင့္ေပါက္ခဲ့မႈႏွင့္ ပတ္သက္၍ သံသယျဖင့္ ဖမ္းခံထားရသူ အခ်ိဳ႕ေငြမေပးႏိုင္ေသး၍ ျပန္မလြတ္ေသး ဟု သိရသည္။
“တေနရာရာမွာ ဗုံးေပါက္တယ္ၾကားရင္ ဆိုင္ကယ္ေတြစစ္တယ္။ ေျပာၾကရင္ အျပင္မထြက္ရဲဘူး။ ယူနီ ေဖာင္းဝတ္ထားတဲ့ သူကို ေတြ႕ရင္ ေရွာင္သြားေနရတယ္။ ေငြညႇစ္မွာ ေၾကာက္လို႔” ဟု ၿမိဳ႕ခံ ဆိုင္ကယ္ ကယ္ရီ ေမာင္းသူတစ္ဦး က ေျပာသည္။
ေမာ္လၿမိဳင္ကြၽန္းၿမိဳ႕နယ္တြင္ စစ္အာဏာသိမ္းၿပီးခ်ိန္မွ စတင္၍ သက္ေသ အေထာက္အထားမရွိဘဲ သံသယႏွင့္ ဖမ္းဆီးခံထားရသူ ၇၀ နီးပါး အထိရွိလာၿပီဟု ေဒသခံမ်ားက ေျပာသည္။
မအူပင္၊ ပုသိမ္၊ ေရၾကည္၊ ေျမာင္းျမ စသည့္ ၿမိဳ႕နယ္မ်ားတြင္လည္း ဖမ္းဆီး ၿခိမ္းေျခာက္ ေငြေတာင္းခံမႈမ်ား ရွိ ေနေၾကာင္း ၿမိဳ႕ခံ အခ်ိဳ႕က ေျပာသည္။