မော်လမြိုင် တက္ကသိုလ် ကျောင်းသူ/ကျောင်းသား ၂၅ ဦးအပါအဝင် မွန်ပြည်နယ်တွင် ၂၃၀ ကျော်ပြန်လွတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်။

မွန်ပြည်နယ်တွင် မော်လမြိုင်တက္ကသိုလ်ကျောင်းသူ/ကျောင်းသူ ၂၅ ဦး အပါအဝင် ဖမ်းဆီးခံထားရသူ ၂၃၀ ကျော် ပြန်လွတ်လာသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အတွက် မွန်ပြည်နယ်တွင် ဖမ်းဆီးခံထားရ သူ ၄၀၀ ကျော်ရှိသည့် အနက်က ၂၃၀ ကျော်ကို အောက်တိုဘာ ၁၈ ရက်နေ့နှင့် ၁၉ ရက်နေ့ နှစ်ရက်အတွင်း ပြန် လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

“မော်လမြိုင် တက္ကသိုလ်က အဖမ်းခံထားရတာ အယောက် ၄၀ နီးပါးရှိတယ်။ အခု လွှတ်ပေးတဲ့ နှစ်ရက် အတွင်းမှာ ၂၅ ဦး ပါလာတယ်။ ကျနော်တို့ ကျောင်းသားတွေ အပါအဝင် အဖမ်းခံထားရသူတွေ အားလုံး အမြန် ပြန်လွှတ် ပေးဖို့ တောင်းဆိုတယ်” ဟု မော်လမြိုင် တက္ကသိုလ်က ကျောင်းသားတစ်ဦးက ပြောသည်။

ပြန်လွတ်လာသူများသည် အာဏာသိမ်း ဆန့်ကျင်မှုကြောင့် ဖမ်းဆီးခံခဲ့ရပြီး ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅-က ဖြင့် ပြစ်ဒဏ်ကျခံနေရသူ အယောက် ၃၀ ကျော်နှင့် အမှုရင်ဆိုင်နေရသူ ၂၀၀ ကျော် ပါဝင်သည်ဟု မွန်ပြည်နယ် အကျဥ်းဦးစီးဌာနထံမှ သိရသည်။

ပြန်လွတ်လာသူများထဲတွင် တက္ကသိုလ်ကျောင်းသူ/ကျောင်းသားများ၊ သပိတ်ဦးဆောင်သူများ၊ NLD ပါတီဝင်အချို့၊ အာဏာသိမ်းဆန့်ကျင်မှုတွင် တက်ကြွပါဝင်သူများနှင့် The Voice of Thanbyuzayart သတင်း ထောက် ကိုထက်မြက် လည်း ပါဝင်သည်။

စစ်ကောင်စီက ဆန္ဒပြရာတွင် ပါဝင်သည့်အတွက် ဖမ်းဆီးတရားစွဲဆိုခံနေရသူ ၄၀၀၀ ကျော်နှင့် အမိန့်ချမှတ်ခံရ ထားရသူ ၁၃၀၀ ကျော်တို့အား အမှုပိတ်သိမ်းပြီး လွတ်ငြိမ်းခွင့်ပေးမည်ဟု ထုတ်ပြန်ထားသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်ကို ဆန့်ကျင်မှုကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ NLD ပါတီ ၏ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် မွန်ပြည်နယ်တွင် ဖမ်းဆီးခြင်းခံထားရသူ ၄၀၀ ကျော် ရှိသည်ဟု သိရသည်။

*** ZAWGYI ***
ေမာ္လၿမိဳင္ တကၠသိုလ္ ေက်ာင္းသူ/ေက်ာင္းသား ၂၅ ဦးအပါအဝင္ မြန္ျပည္နယ္တြင္ ၂၃၀ ေက်ာ္ျပန္လြတ္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၂၁ ရက္။

မြန္ျပည္နယ္တြင္ ေမာ္လၿမိဳင္တကၠသိုလ္ေက်ာင္းသူ/ေက်ာင္းသူ ၂၅ ဦး အပါအဝင္ ဖမ္းဆီးခံထားရသူ ၂၃၀ ေက်ာ္ ျပန္လြတ္လာသည္။

စစ္တပ္က အာဏာသိမ္းၿပီးေနာက္ အာဏာသိမ္းမႈကို ဆန႔္က်င္သည့္အတြက္ မြန္ျပည္နယ္တြင္ ဖမ္းဆီးခံထားရ သူ ၄၀၀ ေက်ာ္ရွိသည့္ အနက္က ၂၃၀ ေက်ာ္ကို ေအာက္တိုဘာ ၁၈ ရက္ေန႔ႏွင့္ ၁၉ ရက္ေန႔ ႏွစ္ရက္အတြင္း ျပန္ လႊတ္ေပးခဲ့ျခင္း ျဖစ္သည္။

“ေမာ္လၿမိဳင္ တကၠသိုလ္က အဖမ္းခံထားရတာ အေယာက္ ၄၀ နီးပါးရွိတယ္။ အခု လႊတ္ေပးတဲ့ ႏွစ္ရက္ အတြင္းမွာ ၂၅ ဦး ပါလာတယ္။ က်ေနာ္တို႔ ေက်ာင္းသားေတြ အပါအဝင္ အဖမ္းခံထားရသူေတြ အားလုံး အျမန္ ျပန္လႊတ္ ေပးဖို႔ ေတာင္းဆိုတယ္” ဟု ေမာ္လၿမိဳင္ တကၠသိုလ္က ေက်ာင္းသားတစ္ဦးက ေျပာသည္။

ျပန္လြတ္လာသူမ်ားသည္ အာဏာသိမ္း ဆန႔္က်င္မႈေၾကာင့္ ဖမ္းဆီးခံခဲ့ရၿပီး ရာဇသတ္ႀကီး ဥပေဒ ပုဒ္မ ၅၀၅-က ျဖင့္ ျပစ္ဒဏ္က်ခံေနရသူ အေယာက္ ၃၀ ေက်ာ္ႏွင့္ အမႈရင္ဆိုင္ေနရသူ ၂၀၀ ေက်ာ္ ပါဝင္သည္ဟု မြန္ျပည္နယ္ အက်ဥ္းဦးစီးဌာနထံမွ သိရသည္။

ျပန္လြတ္လာသူမ်ားထဲတြင္ တကၠသိုလ္ေက်ာင္းသူ/ေက်ာင္းသားမ်ား၊ သပိတ္ဦးေဆာင္သူမ်ား၊ NLD ပါတီဝင္အခ်ိဳ႕၊ အာဏာသိမ္းဆန႔္က်င္မႈတြင္ တက္ႂကြပါဝင္သူမ်ားႏွင့္ The Voice of Thanbyuzayart သတင္း ေထာက္ ကိုထက္ျမက္ လည္း ပါဝင္သည္။

စစ္ေကာင္စီက ဆႏၵျပရာတြင္ ပါဝင္သည့္အတြက္ ဖမ္းဆီးတရားစြဲဆိုခံေနရသူ ၄၀၀၀ ေက်ာ္ႏွင့္ အမိန႔္ခ်မွတ္ခံရ ထားရသူ ၁၃၀၀ ေက်ာ္တို႔အား အမႈပိတ္သိမ္းၿပီး လြတ္ၿငိမ္းခြင့္ေပးမည္ဟု ထုတ္ျပန္ထားသည္။

စစ္တပ္က အာဏာသိမ္းၿပီးေနာက္ စစ္အာဏာရွင္ကို ဆန႔္က်င္မႈေၾကာင့္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ NLD ပါတီ ၏ ေ႐ြးေကာက္ခံ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား အပါအဝင္ မြန္ျပည္နယ္တြင္ ဖမ္းဆီးျခင္းခံထားရသူ ၄၀၀ ေက်ာ္ ရွိသည္ဟု သိရသည္။