ကမ်းဇော်တောဧရိယာကို လူထုပိုင် သစ်တော အဖြစ် ထိန်းသိမ်းခွင့်ရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်။

မြိတ်ခရိုင်အတွင်း ဆေးဘက်ဝင် ကမ်းဇော်တောအား လူထု သစ်တော (Community Forest) အဖြစ် ဒေသခံ ပြည်သူများစုပေါင်း ပိုင်ဆိုင် ထိန်းသိမ်းခွင့် ရရှိသည်ဟု ဒေသခံများက ပြေသည်။

မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ကံမော်ကျေးရွာအုပ်စု၊ မော်ခေါင်းတုံးကျေးရွာ ဧရိယာအတွင်းရှိ သဘာဝအလျောက် အလေ့ကျ ကမ်းဇော်ပင်များ ပေါက်ရောက်နေသည့် သစ်တော ၃၉၅ ဧက ကို ပြီးခဲ့သည့် ၅ နှစ်ကျော်က ထိန်းသိမ်းခွင့် လျှောက်ထားတင်ပြထားခဲ့ခြင်းဖြစ်သည်ဟု ကမ်းဇော်တော ထိန်းသိမ်းရေး ကော်မတီအဖွဲ့ တာဝန်ရှိသူက ပြောသည်။

ကမ်းဇော်တော ထိန်းသိမ်းရေး ကော်မတီအဖွဲ့ အတွင်းရေးမှူး ကိုရဲထွဋ်က “ရာသီပေါ် အစေ့ ကောက်ချိန်မှာ အနီး အနားရွာတွေကလည်း လာရောက်ကောက်ယူနိုင်ပါတယ်။ တခြားမြို့ နယ်တွေက နယ်ကျော်ပြီး သီးသန့်လာ ကောက်ရင်တော့ ခွင့်မပြုဘူး” ဟု ပြောသည်။

ကမ်းဇော်အစေ့မှ ကြိတ်၍ထုတ်ယူသည့် ကမ်းဇော်ဆီသည် ကင်ဆာအပါအဝင် အနာရောဂါအမျိုးမျိုး ကို ဆေး ဖက်ဝင် ပျောက်ကင်းစေသည်ဟု ဒေသခံများက ယုံကြည်ကာ ပရဆေးအဖြစ် ထုတ်လုပ်သုံးစွဲ ရောင်းချလေ့ရှိ ကြသည်။

အစုအဖွဲ့ပိုင်သစ်တော Community Forest ဆိုသည်မှာ ဒေသခံပြည်သူများပါဝင် လုပ်ကိုင်ခွင့်ရရှိပြီး ထွက်ရှိလာ သည့် သစ်တောထွက်ပစ္စည်းများကို စည်းကမ်းတကျ ထုတ်ယူသုံးစွဲ ထိန်းသိမ်းစေသည့် စနစ်တစ်ခုဖြစ်သည်။

ကမ်းဇော်တော ရေရှည်တည်တံ့ရေးအတွက် ရည်ရွယ်ကာ ဒေသခံရွာသားများက စုပေါင်း၍ ဒေသခံ ပြည်သူ အစုအဖွဲ့ပိုင် (CF) သစ်တော အဖြစ် ထိန်းသိမ်းခွင့်လျှောက်ထားရခြင်း ဖြစ်သည်ဟု ကိုရဲထွဋ် က ပြောသည်။

အပင်ကြီးမျိုးဖြစ်သည့် ကမ်းဇော်ပင်သည် မိုးဦးရာသီတွင် အသီးများ စတင်သီးလေ့ရှိပြီး အသီးရင့်မှည့် ကြွေကျ ချိန်တွင် အစေ့ထုတ်ယူကာ အစေ့အတိုင်းသော်လည်းကောင်း အဆီထုတ်ပြီးမှသော်လည်းကောင်း ရောင်းချ လေ့ ရှိကြသည်။

အခြားကျေးရွာများမှ လာရောက်ကောက်ယူသူ အချို့က ကြွေကျနေသည့် အသီးများကို ကောက်ယူကြသည့် အပြင် အပင်ပေါ် ထိတက်ကာ အကိုင်းလိုက်ခုတ်ဖြတ်ခြင်း၊ ပင်စည် အရင်းမှ ခုတ်လှဲခြင်းများလည်းရှိနေသည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ ကမ်းဇော်တောအတွင်း အကြီးဆုံးဟု ယူဆရသော ကမ်းဇော်ပင်၏ ပင်စည်လုံးပတ်သည် ၁၂ ပေ ခန့်ရှိ သည်ဟု သိရသည်။

ကမ်းဇော်စေ့ နို့စည်ဘူး တစ်ဘူးလျှင် နှစ်စဉ် ဒေသပေါက်ဈေး ၁၅၀၀ ကျပ် ဝန်းကျင်ရှိခဲ့ရာမှ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် တွင် ၂၅၀၀ ကျပ် အထိ ဈေးရခဲ့သည်ဟု ဒေသခံများက ပြောသည်။

*** ZAWGYI ***
ကမ္းေဇာ္ေတာဧရိယာကို လူထုပိုင္ သစ္ေတာ အျဖစ္ ထိန္းသိမ္းခြင့္ရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၂၅ ရက္။

ၿမိတ္ခ႐ိုင္အတြင္း ေဆးဘက္ဝင္ ကမ္းေဇာ္ေတာအား လူထု သစ္ေတာ (Community Forest) အျဖစ္ ေဒသခံ ျပည္သူမ်ားစုေပါင္း ပိုင္ဆိုင္ ထိန္းသိမ္းခြင့္ ရရွိသည္ဟု ေဒသခံမ်ားက ေျပသည္။

ၿမိတ္ခ႐ိုင္၊ ကြၽန္းစုၿမိဳ႕နယ္၊ ကံေမာ္ေက်း႐ြာအုပ္စု၊ ေမာ္ေခါင္းတုံးေက်း႐ြာ ဧရိယာအတြင္းရွိ သဘာဝအေလ်ာက္ အေလ့က် ကမ္းေဇာ္ပင္မ်ား ေပါက္ေရာက္ေနသည့္ သစ္ေတာ ၃၉၅ ဧက ကို ၿပီးခဲ့သည့္ ၅ ႏွစ္ေက်ာ္က ထိန္းသိမ္းခြင့္ ေလွ်ာက္ထားတင္ျပထားခဲ့ျခင္းျဖစ္သည္ဟု ကမ္းေဇာ္ေတာ ထိန္းသိမ္းေရး ေကာ္မတီအဖြဲ႕ တာဝန္ရွိသူက ေျပာသည္။

ကမ္းေဇာ္ေတာ ထိန္းသိမ္းေရး ေကာ္မတီအဖြဲ႕ အတြင္းေရးမႉး ကိုရဲထြဋ္က “ရာသီေပၚ အေစ့ ေကာက္ခ်ိန္မွာ အနီး အနား႐ြာေတြကလည္း လာေရာက္ေကာက္ယူႏိုင္ပါတယ္။ တျခားၿမိဳ႕ နယ္ေတြက နယ္ေက်ာ္ၿပီး သီးသန႔္လာ ေကာက္ရင္ေတာ့ ခြင့္မျပဳဘူး” ဟု ေျပာသည္။

ကမ္းေဇာ္အေစ့မွ ႀကိတ္၍ထုတ္ယူသည့္ ကမ္းေဇာ္ဆီသည္ ကင္ဆာအပါအဝင္ အနာေရာဂါအမ်ိဳးမ်ိဳး ကို ေဆး ဖက္ဝင္ ေပ်ာက္ကင္းေစသည္ဟု ေဒသခံမ်ားက ယုံၾကည္ကာ ပရေဆးအျဖစ္ ထုတ္လုပ္သုံးစြဲ ေရာင္းခ်ေလ့ရွိ ၾကသည္။

အစုအဖြဲ႕ပိုင္သစ္ေတာ Community Forest ဆိုသည္မွာ ေဒသခံျပည္သူမ်ားပါဝင္ လုပ္ကိုင္ခြင့္ရရွိၿပီး ထြက္ရွိလာ သည့္ သစ္ေတာထြက္ပစၥည္းမ်ားကို စည္းကမ္းတက် ထုတ္ယူသုံးစြဲ ထိန္းသိမ္းေစသည့္ စနစ္တစ္ခုျဖစ္သည္။

ကမ္းေဇာ္ေတာ ေရရွည္တည္တံ့ေရးအတြက္ ရည္႐ြယ္ကာ ေဒသခံ႐ြာသားမ်ားက စုေပါင္း၍ ေဒသခံ ျပည္သူ အစုအဖြဲ႕ပိုင္ (CF) သစ္ေတာ အျဖစ္ ထိန္းသိမ္းခြင့္ေလွ်ာက္ထားရျခင္း ျဖစ္သည္ဟု ကိုရဲထြဋ္ က ေျပာသည္။

အပင္ႀကီးမ်ိဳးျဖစ္သည့္ ကမ္းေဇာ္ပင္သည္ မိုးဦးရာသီတြင္ အသီးမ်ား စတင္သီးေလ့ရွိၿပီး အသီးရင့္မွည့္ ေႂကြက် ခ်ိန္တြင္ အေစ့ထုတ္ယူကာ အေစ့အတိုင္းေသာ္လည္းေကာင္း အဆီထုတ္ၿပီးမွေသာ္လည္းေကာင္း ေရာင္းခ် ေလ့ ရွိၾကသည္။

အျခားေက်း႐ြာမ်ားမွ လာေရာက္ေကာက္ယူသူ အခ်ိဳ႕က ေႂကြက်ေနသည့္ အသီးမ်ားကို ေကာက္ယူၾကသည့္ အျပင္ အပင္ေပၚ ထိတက္ကာ အကိုင္းလိုက္ခုတ္ျဖတ္ျခင္း၊ ပင္စည္ အရင္းမွ ခုတ္လွဲျခင္းမ်ားလည္းရွိေနသည္ဟု ေဒသခံမ်ားက ေျပာသည္။

အဆိုပါ ကမ္းေဇာ္ေတာအတြင္း အႀကီးဆုံးဟု ယူဆရေသာ ကမ္းေဇာ္ပင္၏ ပင္စည္လုံးပတ္သည္ ၁၂ ေပ ခန႔္ရွိ သည္ဟု သိရသည္။

ကမ္းေဇာ္ေစ့ ႏို႔စည္ဘူး တစ္ဘူးလွ်င္ ႏွစ္စဥ္ ေဒသေပါက္ေဈး ၁၅၀၀ က်ပ္ ဝန္းက်င္ရွိခဲ့ရာမွ ၿပီးခဲ့သည့္ ၂၀၂၀ ခုႏွစ္ တြင္ ၂၅၀၀ က်ပ္ အထိ ေဈးရခဲ့သည္ဟု ေဒသခံမ်ားက ေျပာသည္။