ရွာအုပ်ချုပ်ရေး ရုံးရှိ အစောင့်ကင်းကို ပဲခူး PDF က ဗုံးဖြင့် ဝင်တိုက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ် ၊နိုဝင်ဘာလ ၁၂ ရက်။
ပဲခူးတိုင်း ကျေးရွာတစ်ရွာက အုပ်ချုပ်ရေးရုံးရှိ စစ်ကောင်စီ၏ အစောင့်ကင်းအဖွဲ့ကို ပဲခူး PDF အဖွဲ့ နိုဝင်ဘာလ ၁၂ ရက်နေ့(ယနေ့)၊ နံနက်လင်းအားကြီးတွင် ဗုံးဖြင့် ဝင်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ ဦး၊ PDF တပ်ဖွဲ့ဝင် တစ်ဦး သေဆုံးခဲ့ကြသည် ဟု ဒေသခံများက ပြောသည်။
ပဲခူးတိုင်းအနောက်ခြမ်း ပြည်မြို့နယ်အတွင်း မှော်ဇာ ကျေးရွာတွင် PDF များ က အလစ်အငိုက်ယူ တိုက်ခိုက်မှု စတင်ခဲ့ရာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ခဲ့ခြင်းဖြစ်သည်။
”အုန်း အုန်းနဲ့ ဗုံးကွဲသံကြားရပြီးနောက် နှစ်ဘက်ပစ်ကြခတ်ကြတဲ့ သေနတ်သံတွေကြားရတယ်။ PDF က တစ် ယောက်ထိသွားလို့ သူတို့လူ သူတို့ဆိုင်ကယ်နဲ့ အပါတင်သွားတယ်” ဟု မှော်ဇာကျေးရွာက ဒေသခံ အမျိုးသား တစ်ယောက် ကပြောသည်။
စစ်ကောင်စီတပ်ဘက် ပစ်ခတ်မှုပြီးနောက် အလောင်းကောက်ချိန်တွင် စစ်သား ၃ ဦး သေဆုံးပြီး အရာရှိတစ်ဦး လည်း အပြင်းအထန် ဒဏ်ရာရရှိသွားသည်ဟု သိရသည်။
မှော်ဇာဘက်မှ ပြည်မြို့အဝင် တာဂွဂိတ်၊ အောင်လံဘက် ထွက်ဂိတ်များတွင် စစ်ကောင်စီတပ်က စစ်ဆေးမှုများ တင်းကြပ်နေပြီးမှာ ပြည်မြို့သစ်နှင့် ခရမ်းကုန်းရပ်ကွက်၊ ကိုးသောင်းရပ်ကွက်တို့တွင်လည်း အစစ်ဆေးများ နေ သည်ဟု ဒေသခံများက ပြောသည်။
ယနေ့ ဖြစ်ပွားခဲ့သည့် မှော်ဇာကျေးရွာ အုပ်ချုပ်ရေးရုံးရှိ စစ်ကောင်စီ၏ အစောင့်ကင်းအဖွဲ့ကို တိုက်ခိုက်မှုသည် ၎င်းတို့က စီစဉ်တိုက်ခိုက်ခြင်းဖြစ်သည်ဟု ပဲခူး PDF အဖွဲ့က လူမှုကွန်ယက်စာမျက်နှာတွင် ထုတ်ဖော် ဝန်ခံထား သည်။
ထို့အပြင် ပဲခူး PDF အဖွဲ့က ပြည်သူများကိုလည်း စစ်ကောင်စီတပ်များနှင့် ရောထွေးယှက်တင်မနေကြရန်၊ အသွားအလာများ ဆင်ခြင်ကြရန် မေတ္တာရပ်ခံနိုးဆော်ထားသည်။
နိုဝင်ဘာလ ၁၁ရက်နေ့၊ ညနေ ၆ နာရီ အချိန်ခန့်တွင် ပြည်မြို့ အမှတ် ၁ ရဲစခန်း အိမ်ထောင်လိုင်း လက်လုပ်ဗုံးဖြင့် အပစ်ခံရခဲ့ရသည်။
အလားတူ ရန်ကုန်-ပြည်ကားလမ်း တနေရာရှိ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်ကိုလည်း ပဲခူးတိုင်းအခြေစိုက် ကြို့ပင်ကောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) က နိုဝင်ဘာလ ၁၁ ရက်နေ့က ပစ်ခတ်တိုက်ခိုက်ခဲ့ သေး သည်။