နိုင်ငံရေး အကျဉ်းသား၏ နေအိမ်အား ချိပ်ပိတ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်။
ဧရာဝတီတိုင်းတွင် ထောင်ကျ နိုင်ငံရေး သမားတစ်ဦး၏ အိမ်ကို စစ်ကောင်စီက ချိပ်ပိတ်လိုက်သည်။
ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်၊ အင်းမကျေးရွာက ထောင်ဒဏ်ကျ နိုင်ငံရေးအကျဉ်းသား မန်းဂျွန်သန်း ၏ နေအိမ်ကို စစ်ကောင်စီ တပ်ဖွဲ့က ချိပ်ပိတ်လိုက်ခြင်းဖြစ်သည်။
နိုင်ငံရေး ယုံကြည်ချက်ကြောင့် ထောင်ဒဏ် ၇ နှစ်ချမှတ်ခံထားရသူ မန်းဂျွန်သန်း၏ အင်းမကျေးရွာက နေအိမ် ကို ဒီဇင်ဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက်ကာချိပ်ပိတ်လိုက်ခြင်း ဖြစ် သည်ဟု ဒေသခံများက ပြောသည်။
“CRPH, NUG ထောက်ပံ့တယ် အဆက်အသွယ်လုပ်တယ်ဆိုပြီး ဖမ်းသွားတာ။ ပြီးတော့ ထောင် ၇ နှစ် ချခံထား ရတဲ့ သူပါ” ဟု ဒေသခံ ဦးကိုဝင်း က ပြောသည်။
ပန်းတနော်မြို့မှ အရပ်ဝတ် ဝတ်ထားသည့် စရဖ၊ မူခင်းတပ်ဖွဲ့ နှင့် အင်းမရဲစခန်းမှ ရဲများက ရာအိမ်မှူး၊ ဆယ်အိမ် မှူးများကိုခေါ်၍ အိမ်ကိုချိပ်ပိတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
သက်ဆိုင်ရာမှ သူ၏ နေအိမ်အား လာရောက် ချိပ်မပိတ်ခင်ကတည်းက မိသားစုများသည် အိမ်တွင်းရှိ ပရိဘောဂ ပစ္စည်းများကို ပြောင်းရွှေ့ထားပြီး ဖြစ်သည်ဟု ဆယ်အိမ်မှူး အချို့ က ပြောသည်။
မန်းဂျွန်သန်းသည် လူမှုရေး၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ၊ NLD ပါတီဝန်းရံ ထောက်ခံသူတစ်ဦး ဖြစ်သည်ဟု ပန်းတနော်မြို့နယ် NLD ပါတီ အသိုင်းအဝိုင်းထံမှ သိရသည်။
“နိုင်ငံရေးသမား၊ တော်လှန်ရေးသမား ဖမ်းမိရင် နှိပ်စက်ခံရမယ်။ ထောင်ချခံရမယ်။ အမြင့်ဆုံး သေဒဏ် တစ် သက်တစ်ကျွန်း ဖြစ်မယ်ပေါ့။ မိသားစုအိမ် ချိပ်သိမ်းတယ်ဆိုတာ မကြုံခဲ့ မကြားခဲ့ဘူးပါဘူး” ဟု ၁၉၈၈ ခုနှစ် နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးက ပြောသည်။
စစ်ကောင်စီက ၎င်းတို့ကို ဆန့်ကျင်သူများအား NUG၊ CRPH၊ PDF စသည်တို့နှင့် ဆက်သွယ် ထောက်ပံ့သည်ဟု ခေါင်းစဉ်များတပ်ကာ ဖမ်းဆီးခြင်း၊ နေအိမ်အဆောက်အဦများကို ချိပ်ပိတ်ခြင်းတို့ ခပ်စိပ်စိပ် ပြုလုပ်လာ သည် ဟု နိုင်ငံရေး တက်ကြွသူအချို့က ပြောသည်။
ဧရာဝတီတိုင်းထဲတွင် နိုဝင်ဘာလ လဆန်းပိုင်းက စတင်ပြီး ဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီ၏ ကျုံပျော်မြို့ က နေ အိမ် အပါအဝင် ရေကြည်၊ ဖျာပုံ၊ ပုသိမ်မြို့၊ မအူပင်၊ ချောင်းသာ၊ ဝါးခယ်မ မြို့တို့ရှိ ပညာဒါနကျောင်း၊ ဆေးခန်း၊ လက်ဖက်ရည်ဆိုင်၊ ပရဟိတရုံး၊ ခြံမြေ၊ နေအိမ် စုစုပေါင်း ၂၀ ကျော်ကို စစ်ကောင်စီက ချိပ်ပိတ်ခဲ့ ပြီးနောက် ယခု ပန်းတနော်မြို့တွင် ထပ်မံ ချိပ်ပိတ်သိမ်းခြင်း ဖြစ်သည်။