ကျောင်းကုန်းတွင် မပေါက်သေးသော ဗုံးနှစ်လုံးတွေ့ရှိ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်။
ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်အပိုင်း ရန်ကုန်-ပုသိမ်လမ်းမရှိ ကျောင်းကုန်းတံတားပေါ်က ရဲကင်း အနီး တွင် ဗုံးတစ်လုံး ပေါက်ကွဲပြီးနောက် မပေါက်ကွဲသေးသည့် ဗုံး ၂လုံးကို နောက်တနေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ထပ်မံတွေ့ရှိသည်။
“အဲ့ညက ပေါက်ကွဲမှုက တံတားလမ်းမ အပေါ်က ရဲကင်း အနားမှာပေါက်တာ လူထိခိုက်ဒဏ်ရာ ရတာ မရှိကြဘူး” ဟု တံတားအနီး နေထိုင်သူတစ်ဦး ကပြောသည်။
ဒီဇင်ဘာလ ၂၅ ရက်နေ့ ည ၈နာရီ ဝန်းကျင်က ဗုံးပေါက်ကွဲခဲ့ပြီးနောက် ဒီဇင်ဘာ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် မပေါက်ကွဲသေးသည့် ဗုန်း ၂လုံးကို မိုင်းရှင်းလင်းရေးအဖွဲ့က ထပ်မံတွေ့ရှိခဲ့သည်ဟု ဒေသခံ အုပ်ချုပ်ရေးအဖွဲ့ ဝင်များထံမှ သိရသည်။
“လက်လုပ်မိုင်းလို့ပြောတယ်။ ပေါက်ကွဲသံက အတော်ကျယ်တယ်။ ထပ်တွေ့တဲ့ ဗုံး၂လုံးကို တာယာကွင်းထဲ ထည့်ပြီး မီးရှို့ဖျက်ဆီးလိုက်ကြတယ်” ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။
ဗုံးပေါက်ကွဲသည့်နေရာ အနီးဝန်းကျင်နှင့် တံတားထိပ် နှစ်ဘက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ နှင့် ရဲများက ညတွင်းချင်း ပိတ်ဆို့ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ပြီး နံနက်ပိုင်းတွင်လည်း ခရီး သွားများကို စစ်ဆေးနေသည်ဟု ဆက်သိရသည်။
ယခုဗုံးထောင်သူများသည် ပြည်သူများ ထိခိုက်ရန်ရည်ရွယ်ထားပုံမရဘဲ တံတား နှစ်ဘက် စစ်ဆေးရေး ဂိတ်များ ကို ရည်ရွယ်ဗုံး ခွဲခံရခြင်း ဖြစ်နိုင်သည်ဟု ဒေသခံအချို့က ပြောသည်။
ကျောင်းကုန်းမြို့နယ်အတွင်း စက်တင်ဘာလမှ ဒီဇင်ဘာလအတွင်း Mytel ဖုန်းတာဝါတိုင်ဗုံးပေါက်ကွဲမှု မပါပဲ ၆ ကြိမ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ဖြစ်သည်။
သို့သော် ထိုပေါက်ကွဲမှုများအတွင်း အဆောက်အဦ ပျက်စီးခြင်း၊ လူထိခိုက် သေဆုံးခြင်း မရှိသေးဘူးဟု ဒေသခံ များက ဆိုသည်။