အရပ်သား အိမ်များ မီးရှို့ပြီး ထွက်လာသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ဗုံးခွဲ တိုက်ခိုက်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်။
တန့်ဆည်မြို့ မြောက်အင်းရွာရှိ နေအိမ်အဆောက်အဦ အချို့ကို မီးရှို့ပြီး ပြန်ထွက် သွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းဆွဲခံရ၍ ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားသည်ဟု ဒေသခံ များက ပြောသည်။
ဒီဇင်ဘာလ ၂၆ ရက်နေ့၊ နံနက်ပိုင်း ၁၀ နာရီအချိန်ခန့်က စစ်ကိုင်းဒေသကြီးရွှေဘိုခရိုင် တန့်ဆည်မြို့နယ် မြောက်အင်းကျေးရွာရှိ ဈေးဆိုင်ဖွင့်ထားသည့် RC တိုက် တစ်လုံး၊ ပျဉ်ထောင်အိမ်ကြီး ၃ လုံး၊ စပါးတင်း ၅၀၀-၆၀၀ခန့် ဆန့်သည့် စပါးတိုက်(စပါးကျီ) နှစ်လုံး၊ ထွန်းစက် တစ်စီး၊ ဆိုင်ကယ်နှစ်စီးတို့ကို မီးရှို့ဖျက်ဆီးခံရသည်ဟု အသက် ၃၀ အရွယ် ရွာသား တစ်ဦးက ပြောသည်။
ထိုသို့ နေအိမ်များကို မီးရှို့ပြီးပြန်ထွက်သွားသည့် စစ်ကောင်စီစစ်ကြောင်းသည် နေ့လည် ၁၂ နာရီအချိန်ခန့်တွင် မိုင်းဆွဲခံရပြီး ၃ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟု အဆိုပါ ဒေသခံက ဆက်ပြောသည်။
“မီးဝိုင်း ငြိမ်းနေတုန်း။ မိုင်းကွဲသံလည်းကြားရောပဲ။ ပြန်လှည့်လာမှာစိုးတာနဲ့ ဆက်မငြိမ်းတော့ပဲ ပြန်ထွက် လာလိုက်ရတော့ ဘာမှ မရလိုက်ဘူး။ တလင်းထဲက လှေ့ထားတဲ့ စပါးတွေလည်း ပါသွားတယ်“ ဟု ၎င်းဒေသခံ က ဆက်ပြောသည်။
စစ်ကောင်စီ စစ်ကြောင်းသည် ဖလံချိုင့်နှင့် ချောင်းဆုံကျေးရွာဘက်မှ ယူလာသည့် ရိတ်သိမ်းခြွေ့လှေ့စက်စီး လာ သည့် အဖွဲ့က တစ်ဖွဲ့၊ ခြေလျင်ဖြင့်လာသည့် အဖွဲ့က တစ်ဖွဲ့၊ နှစ်ဖွဲ့ခွဲပြီး မြောက်အင်း ကျေးရွာထဲသို့ ဝင်လာကြ ခြင်း ဖြစ်သည်ဟု ဒေသခံရွာသားများက ပြောသည်။
ထိုနှစ်ဖွဲ့ပေါင်း စစ်ကြောင်းတွင် လူအင်အား ၅၀ ခန့်ပါသည်ဟု ဆိုသည်။
တန့်ဆည်လမ်းမကြီးဘေးရှိ မြောက်အင်းကျေးရွာသည့် အိမ်ခြေ ၄၀၀ ခန့်ရှိသည့် ရွာကြီး တစ်ရွာဖြစ်ပြီး ယခု အကြိမ်သည် စစ်ကောင်စီတပ်များက ဒုတိယအကြိမ် ဝင်ရောက်ခြင်းဖြစ်သည်။
ရွာထဲက နေအိမ်များထဲတွင် လမ်းမကြီးနှင့် နီးသည့် အိမ်များက ရွာသားများ ဒီဇင်ဘာလ ၂၆ ရက်နေ့ မီးရှို့ခံရမှု ဖြစ်ပွားသည့်နေ့မှ ဒီဇင်ဘာလ ၂၇ ရက်နေ့ညအထိ နေအိမ်များသို့ ပြန်မလာရဲကြပဲ ပုန်းနေရှောင်နေရသည်ဟု သိရသည်။
စစ်ကောင်စီတပ်များ ဝင်ရောက်လာပြီး နောက်ပိုင်း တန့်ဆည်မြို့နယ်တွင် နေအိမ် ၉၆ လုံးထိ မီးရှို့ခဲ့ပြီး နေအိမ် ၂၀၀ ကျော်ခန့်လည်း ရိုက်ချိုးဖျက်ဆီးခံခဲ့ရသည်ဟု မြို့ခံများက ဆိုသည်။