ခရမ်းတွင် သတင်းပေးဆိုသူ ညီအစ်ကို နှစ်ဦး ပစ်သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်။

ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်၊ ရိုးကြီးကျေးရွာရှိ စစ်ကောင်စီ သတင်းပေးဟု ဆိုသူ ညီအစ်ကို နှစ်ဦး ဒီဇင်ဘာ ၂၇ ရက်၊ နေ့လည် ၁၂ နာရီအချိန်က ၎င်းတို့၏နေအိမ်အနီးတွင် ရေပိုက်ပြင်နေစဉ် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားသည်ဟု ရွာခံများက ပြောသည်။

စစ်ကောင်စီ သတင်းပေး မိုးကျော်သည် ၎င်းနှင့် ညီအစ်ကိုတော်စပ်သူ ဝင်းဦးနှင့် အတူ နေအိမ်အနီးတွင် ရေ ပိုက်ပြင်နေစဉ် အမည်မသိအဖွဲ့တစ်ဖွဲ့က သေနတ်ဖြင့် ၅ ချက်ခန့် လာရောက်ပစ်ခတ်သွားခြင်းဖြစ်သည်။

ရိုးကြီးကျေးရွာက အသက် ၄၀ ကျော် အရွယ် ရွာခံအမျိုးသားတစ်ဦးက နှစ်ယောက်စလုံး ပွဲချင်းပြီး သေသွား တယ်။ ဆေးရုံခေါ်သွားတော့ ကားပေါ်ကတောင်မချဘူး ဆရာဝန်လာကြည့်ပြီး ရင်ခွဲရုံတန်းပို့လိုက်တာဟု ပြောသည်။

ခရမ်းမြို့နယ်သည် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အုပ်ချုပ်ရေးမှူးများ ပစ်ခတ်ခံရပြီးနောက် ကျေးရွာ အုပ်ချုပ်ရေးမှူး အများစု နှုတ်ထွက်ခဲ့ရသည့် မြို့နယ်တစ်ခုလည်း ဖြစ်သည်။

ယမန်နေ့က ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုပြီးနောက် စစ်ကောင်စီ တပ်သားများ ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်နေပြီး သေဆုံးသူနှစ်ဦးထဲမှ မိုးကျော် ဆိုသူသည် ကျေးရွာအတွင်း သတင်းပေးအဖြစ် နာမည်ဆိုးဖြင့် ကျော်ကြားသူ ဖြစ်သည်။

ကျေးရွာအတွင်းရှိ လူငယ်အချို့လည်း ၎င်းကြောင့် အဖမ်းခံခဲ့ရခြင်းများ ရှိသည်ဟု သိရသည်။