ပုလောမှ သတင်းပေးဆိုသူ လင်မယားနှစ်ဦး ပစ်သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်။

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ နန်းတောင်ကျေးရွာအုပ်စု ကျောင်းနိမ့်ကျေးရွာက စစ်ကောင်စီတပ်ဖွဲ့ဝင်များအား သတင်းပေး၊ လမ်းပြနေသည်ဟု ဆိုကာ လင်မယားနှစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရသည်ဟု ရွာသားများက ပြောသည်။

ထိုပစ်မတ်မှုကို ပုလောမြို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ PRDF က လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ဒီဇင်ဘာလ ၂၇ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။

ပုလောမြို့နယ်ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ PRDF အဖွဲ့ မှ ပြန်ကြားရေးတာဝန်ရှိသူ က အဓိက ပစ်မှတ် ဦးတည် တာက ဦးသာဝကိုသွားရှာကြတာပါ ဒါပေမယ့်မတွေ့ဘူး စကစကိုလမ်းပြ၊ သတင်းပေးလုပ်နေတဲ့ လင်မယား နှစ်ယောက်နဲ့ သူတို့ရဲ့ တူတော်စပ်သူ တစ်ယောက်ကိုပဲ တွေ့ပေမယ့် တူတော်သူက သေနတ်ဒဏ်ရာနဲ့ ထွက်ပြေး ပြီး လွတ်သွားတယ် ဟု ပြောသည်။

ဒီဇင်ဘာလ ၂၆ ရက်နေ့၊ ညနေ ၆ နာရီ အချိန်ဝန်းကျင်ခန့်တွင် ကျောင်းနိမ့်ကျေးရွာ၌ နေထိုင်သူ ဦးဖိုတိုနှင့် ဒေါ်လုံးငယ်တို့ လင်မယားနှစ်ဦးသည် စစ်ကောင်စီ၏ လက်ပါးစေ၊ ဒလန်ဟု နာမည်ကြီးနေသည့် ဦးသာဝ ၏ ခြံဝန်းအတွင်းတွင် ပစ်သတ်ခံခဲ့ရခြင်း ဖြစ်သည်။

ဦးသာဝသည်လည်း စစ်ကောင်စီကို သတင်းပေးနေသူ တစ်ဦးဖြစ်ပြီး ၎င်းကို သွားရှာစဉ် မတွေ့ရပဲ အခြား သတင်းပေးလင်မယားနှစ်ဦးအပြင် ၎င်းတို့၏ တူတော်စပ်သူကိုသာ တွေ့ခဲ့ခြင်း ဖြစ်သည်ဟု PRDF တာဝန်ရှိသူက ပြောသည်။

ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF များ နေအိမ်ကိုလာပြီး ကွမ်းသီးရောင်းရငွေများကို ဓားပြတိုက်သွားသည်ဟု ဦးသာဝက ပုလောကုန်းကျေးရွာထဲတွင် ယခုရက်ပိုင်းအတွင်း လှည့်လည်ကာ ဝါဒဖြန့် လိမ်ညာပြောဆို နေသည် ဟု ဆိုသည်။

ထို့ကြောင့် ၎င်းအား ရှင်းရန် သွားရောက်ရှာဖွေခဲ့ခြင်းဖြစ်သည်ဟု  ပုလောမြို့နယ်ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ PRDF အဖွဲ့ မှ ပြန်ကြားရေးတာဝန်ရှိသူ ကပြောသည်။

ကျောင်းနိမ့်ကျေးရွာမှ  ဦးသာဝသည် စစ်ကောင်စီ သတင်းပေး(ဒလန်) လုပ်ကိုင်နေပြီး ၎င်းကခေါ်ဆိုပါက စစ် တပ်က ချက်ချင်းလာသည်ဟု ကျေးရွာသားများက ပြောသည်။

ထို့ကြောင့် ဦးသာဝသည် ရွာသားများအပေါ် အမျိုးမျိုး ခြိမ်းခြောက်ပြောဆိုလေ့ရှိပြီး ၎င်းကြောင့် အဖမ်းဆီးခံရ သည့် PDF နှင့် NLD အဖွဲ့ဝင် လူငယ်အတော်များများရှိသည်ဟု ဒေသခံရွာသားများက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၂ရက်နေ့ ည၇နာရီအချိန်ခန့်ကလည်း  ဦးသာဝ အား လက်နက်ကိုင်အဖွဲ့တစ်ခုမှ ပစ်ခတ်ခဲ့သဖြင့် ဆီးခုံတွင်သေနတ်ဒဏ်ရာရရှိကာပုလောမြို့ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသခဲ့ရပြီးအသက်ဘေးမှ လွတ်မြောက်လာသူဖြစ်ကြောင်းသိရသည်။