ကျိုက်လတ်တွင် PDF ဆိုသူများ၏ နေအိမ် ၅ လုံး ချိပ်ပိတ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်။
ဧရာဝတီတိုင်း၊ ကျိုတ်လတ်မြို့နယ်တွင် PDF ဟု စွပ်စွဲ ဖမ်းဆီးခံ နေရသူများ၏ နေအိမ် ၅ လုံးကို စစ်ကောင်စီ က ချိပ်ပိတ်သိမ်းလိုက်သည်။
ဒီဇင်ဘာလ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ သုံးရက်အတွင်း ကျေးရွာ ၅ ရွာက နေအိမ် ၅ လုံးနှင့် ကုန်မာဆိုင် တစ်ဆိုင်ကို ချိပ်ပိတ်လိုက်ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကို ခံထားရသည့် ကျုံတုံးလက်ပန်ကျေးရွာက ဦးမျိုးသန်းဦး၊ ကျုံသိဝကျေးရွာက ဒေါ်သန်းသန်းဦး၊ ထားဝယ်မှိုင်းကျေးရွာက ဦးဖိုး နှင့် ကိုဗညား တို့၏ နေအိမ်များကို ဒီဇင်ဘာ ၂၅ ရက်နေ့ နှင့် ၂၆ ရက်နေ့က ချိပ်ပိတ်သိမ်းခဲ့သည်ဟု ဒေသခံများက ပြောသည်။
ထို့အပြင် ဖမ်းဆီးခံထားရသည့် ကျိုက်လတ်မြို့ ၁၆ လမ်းတွင် နေထိုင်သူ ဦးဝေလင်း၏ နေအိမ်နှင့်ကုန်မာပစ္စည်း အရောင်း ဆိုင်ကို ဒီဇင်ဘာ ၂၄ ရက်နေ့ က စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ချိပ်ပိတ်သိမ်းခဲ့သည်ဟု မြို့ခံများက ပြောသည်။
“ဦးဝေလင်း အဖမ်းခံရပြီးကတည်းက မိသားစုလိုက် ရှောင်နေကြတာ။ အိမ်မှာဘယ်သူမှ မရှိဘူး။ တံခါးကို ချိုး ဖျက်ဝင်ရှာပြီး ချိပ်ပိတ်ကြတာ” ဟု ဒေသခံ ဒေါ်လင်းလင်း က ပြောသည်။
၎င်းတို့အားလုံးကို နိုဝင်ဘာလအတွင်းက PDF အဖွဲ့များနှင့် အဆက်အသွယ်ရှိသည်ဟု ဆိုကာ စစ်ကောင်စီက ဖမ်းဆီးသွားခြင်း ဖြစ်သည်။
ယခုစစ်ကောင်စီက ၎င်းတို့၏ နေအိမ်များကို လာရောက်ချိပ်ပိတ်စဉ် ကျန်ရစ်သည့် မိသားစုဝင်များလည်း နေ အိမ်များမှ တိမ်းရှောင်နေကြရချိန်၊ မည်သူမျှ နေအိမ်များတွင် မရှိချိန်ဖြစ်သည်ဟု သိရသည်။
ဧရာဝတီ လူ့အခွင့်အရေး လှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူတစ်ဦး က “ဧရာဝတီတိုင်းထဲမှာ NUG, PDF နဲ့ ပါတ် သက်ပြီး ဖမ်းမိတဲ့ သူရော၊ ဖမ်းလို့မမိတဲ့ သူတွေရဲ့ အိမ်ရော ချိပ်ပိတ်သိမ်းခံ နေရတယ်” ဟု ပြောသည်။
ဧရာဝတီတိုင်းထဲတွင် ပြီးခဲ့သည့် နိုဝင်ဘာလ လဆန်းပိုင်းမှ စတင်၍ ဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီ၏ ကျုံပျော် မြို့က နေအိမ်လည်း ချိပ်ပိတ်ခံထားရသည်။
ဝန်ကြီးချုပ်ဟောင်း မန်းဂျောန်နီ၏ အိမ်အပါအဝင် ဧရာဝတီတိုင်းအတွင်းရှိ ရေကြည်၊ ဖျာပုံ၊ ပုသိမ်မြို့၊ မအူပင်၊ ချောင်းသာ၊ ဝါးခယ်မ၊ ပန်းတနော်မြို့တို့ရှိ ပညာဒါနကျောင်း၊ ဆေးခန်း၊ လက်ဖက်ရည်ဆိုင်၊ ပရဟိတရုံး၊ ခြံမြေ နှင့် နေအိမ် စုစုပေါင်း ၂၀ ကျော်ကို စစ်ကောင်စီက ချိပ်ပိတ်ခဲ့ပြီးနောက် ယခု ကျိုက်လတ်မြို့နယ်တွင် ထပ်မံ ချိပ် ပိတ်သိမ်းခြင်း ဖြစ်သည်။