ပုလောတွင် ရာအိမ်မှူးတစ်ဦးကို PDF နှင့် PRDF တို့က ပစ်ခတ်ရှင်းလင်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်။

ပုလောမြို့နယ် ပဝတ်ကုန်းကျေးရွာတွင် စစ်ကောင်စီ၏ ဒလန်ဟုဆိုသူ ရာအိမ်မှူးဦးဌေးအောင်ကို PDFနှင့် PRDF ပူးပေါင်းတပ်ဖွဲ့တို့က ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု ဒေသခံရွာသားများက ပြောသည်။

ပဝတ်ကုန်းကျေးရွာမှ ရာအိမ်မှူး ကိုဌေးအောင် (ခ) ကြွက်လီး ဆိုသူကို ဒီဇင်ဘာ ၂၇ ရက်နေ့၊ နံနက် ၁၀ နာရီ အချိန်ခန့်က ပဝတ်ကုန်းကျေးရွာ သင်္ချိုင်းအတွင်း ဒေသခံကာကွယ်ရေးတပ် PDF ပူးပေါင်းအဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။

သူက စစ်ကောင်စီ အလိုကျ သတင်းပေး လမ်းပြလုပ်နေတာတွေကို ရပ်နားဖို့ အကြိမ်ကြိမ် သတိပေးခဲ့ပေမယ့် ပြည်သူအပေါ် သစ္စာဖေါက်နေတာ မရပ်နားလို့ ပြစ်ဒဏ်ပေးလိုက်တာပါဟု ရှင်းလင်းမှုတွင် ပါဝင်ခဲ့သည့် တပ် ဖွဲ့ဝင် တစ်ဦးက ပြောသည်။

ရာအိမ်မှူး ပစ်ခတ်ခံရပြီးနောက် ည ၈ နာရီ အချိန်ခန့်တွင် ပဝတ်ကုန်းကျေးရွာ အတွင်းသို့ စစ်ကောင်စီ တပ်ဖွဲ့ဝင် အင်အား ၂၀ ကျော် ရောက်ရှိလာခဲ့ပြီး ရွာသားသုံးဦး၏ နေအိမ်များအတွင်းသို့ ဝင်ရောက် ဖျက်ဆီးသွားခဲ့သည်။

ရွာသား ၃ ဦးဖြစ်သည့် ဦးဖိုးပျော်၊ ဦးကျော်ခင် နှင့် ကိုလှမိုးတို့ နေအိမ်များ အတွင်းဝင်ရောက်၍  နေအိမ်အတွင်း ရှိ ပစ္စည်းများကို ဖျက်ဆီးသွားခဲ့ခြင်း ဖြစ်သည်ဟု ပဝတ်ကုန်း ရွာသားတစ်ဦးက ပြောသည်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ကျေးရွာအတွင်း ဝင်ရောက်လာချိန်မှစတင်၍ ရွာသားများ ကြောက်လန့်တကြား ထွက်ပြေးရှောင်ပုန်းနေကြရသည်ဟု သိရသည်။

ထို့ကြောင့် ကျေးရွာအတွင်း လူသိပ်မကျန်တော့ဟု ဒေသခံရွာသားများကပြောသည်။

လက်ရှိတွင် ပဝတ်ကုန်းကျေးရွာနှင့် ကဒဲကျေးရွာတို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ထွက်သွားလာခွင့်မပြုဘဲ ပိတ်ထားသည်ဟု သိရသည်။

ပဝတ်ကုန်းကျေးရွာအတွင်းက ရွာသား ၂၇ ဦးကိုလည်း ဒီဇင်ဘာလ ၃ ရက်နေ့၊ နံနက်အစောပိုင်းတွင်လည်း ပုလောအခြေစိုက် ခလရ ၂၈၅ တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက် ဖမ်းဆီးသွားခဲ့သည်။

ထိုသို့ ဖမ်းဆီးခံရသူများအနက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် အများစုကို ပြန်လွှတ်ပေးခဲ့ပြီး  အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦးကို လက်ရှိအချိန်ထိ ဖမ်းဆီးထားဆဲ ဖြစ်သည်။

ပဝတ်ကုန်းကျေးရွာတွင် နိုဝင်ဘာလ ၂၈ ရက်နေ့က ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF များနှင့် ပျူစော ထီး (ပြည်သူ့စစ်) များ မိနစ်အနည်းငယ်ကြာ အပြန်အလှန် ပစ်ခတ်မှုတစ်ခုလည်း ဖြစ်ပွားခဲ့သေးသည်။