ကိုဗစ် ကာကွယ်ဆေး မထိုးရသေးသူများ ခရီးသွားလာခွင့်မရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်။
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးရသေးသူများကို စစ်ကောင်စီက ခရီးသွားလာခွင့် မပြုသဖြင့် အခက်ကြုံနေ ကြရသည်ဟု ဒေသခံများက ပြောသည်။
ကိုဗစ်-၁၉ ကာကွယ်ဆေးကို အကြောင်းအမျိုးမျိုးကြောင့် ဆေးမထိုးရသေးသူများသည် မြို့ပြတွင် သာမက ကျေးလက်တွင် နေထိုင်သူများလည်းပါဝင်ပြီး ဆေးမထိုးရသေးသူက အများစု ဖြစ်နေသည့်အတွက် စီးပွားရေး၊ လူမှုရေးကိစ္စများနှင့် သက်ဆိုင်၍ သွားလာမှုများတွင် အခက်အခဲဖြစ်နေကြခြင်း ဖြစ်သည်။
ဟင်္သာတမြို့ သို့ ပုံမှန်စျေးတက်ရောင်းသည့် ယုံသလင်းကျေးရွာက ဒေသခံ တစ်ဦး က “ရွာကနေ စျေးတက် ရောင်းတယ်၊ လိုအပ်တာကို ဝယ်ပြီးပြန်ကြတယ်၊ အခုတော့ ဆေးမထိုးရသေးလို့ ရွာက လည်း ထွက်ခွင့်မရဘူး။ မြို့ထဲလည်း ဝင်ခွင့် မရဘူး။ ရွာနီးချုပ်စပ်လည်း သွားရောင်းလို့မရ၊ နာရေး သာရေး တောင် သွားလို့မရဘူး” ဟု ပြောသည်။
ဟင်္သာတမြို့နယ်အတွင်းရှိ ရှားခဲ၊ ယုံသလင်း၊ ခမောက်စု၊ ယိုးဒယားတက်၊ နတ်မော်၊ နိဗ္ဗာန်၊ ကနောင်စု စသည့် တိုက်နယ်များထဲတွင် ကျေးရွာ အုပ်စု ၁၂၄ ခု ရှိပြီး ဒေသတွင်း ထွက်ကုန်များအား ဟင်္သာတ စျေးကွက်ကို အားကိုးနေရခြင်းဖြစ်သည်။
ထွက်ကုန်များအတွက် ဟင်္သာတစျေးကွက်ကို အခြေပြု၍ ရန်ကုန်နှင့် အထက်မြန်မာပြည်သို့ တင်ပို့ရောင်းချ ကြသည်ဟု ဒေသခံများက ပြောသည်။
ကိုဗစ်-၁၉ ကာကွယ် ဆေးမထိုးရသေးသူများသည် တရုတ်နိုင်ငံက ထုတ်သည့် ဆေးဖြစ်နေသည့်အပြင် စစ် ကောင်စီက အတင်းအကြပ် ဆေးထိုးပေးနေ၍ အယုံအကြည် မရှိခြင်း၊ အချို့မှာ ကျေးရွာသို့ ဆေးလာထိုးပေး စဥ် မသိရှိခဲ့ ခြင်း၊ ဆေးသွားထိုးသော်လည်း ဆေးကုန်သည့် အဖြစ်အပျက်နှင့် ကြုံခဲ့ရသူများ ပါဝင်သည်။
ဒီဇင်ဘာလ ၂၄ ရက်နေ့က ဟင်္သာတ မြို့ပေါ် ရပ်ကွက်များ နှင့် ကျေးရွာများ အားလုံးတွင် အရွယ် ရောက်ပြီး သူတိုင်းအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန်နှင့် မထိုးရသေးသူများကို ခရီးသွားခွင့်မပြုဟု အသံချဲ့စက်ဖြင့် လိုက်လံ ကြေညာထားသည်ဟု အုပ်ချုပ်ရေးအဖွဲ့ဝင် အချို့ထံမှ သိရသည်။