အမှတ် (၁) စစ်ကြောရေး ဂိတ် ဗုံးဖြင့် တိုက်ခိုက်ခံရ၊ စစ်သား တစ်ဦးသေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်။
လှိုင်မြို့နယ်၊ ဘုရင့်နောင်လမ်းမပေါ်ရှိ အမှတ်(၁) စစ်ကြောရေးနှင့် တည်းခိုရိပ်သာ၊ ဂိတ်(၁) ဗုံးဖြင့် တိုက်ခိုက်ခံခဲ့ ရပြီး စစ်သားတစ်ဦးသေဆုံးကာ၊ တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ဒီဇင်ဘာလ ၂၇ ရက်နေ့၊ မွန်းလွဲပိုင်းက ပါဆယ်ဗုံးဖြင့် ဘုရင့်နောင်လမ်းမပေါ်က အမှတ်(၁) စစ်ကြောရေးနှင့် တည်းခိုရိပ်သာ၊ ဂိတ်(၁) တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။
သီရိမင်္ဂလာဈေးသစ်အနီးဂိတ်ထိုးသည့် အသက် ၄၀ ကျော်အရွယ် အငှားယာဉ်မောင်းတစ်ဦးက “ပါဆယ်ဗုံးလို့ ကြားတယ်။ လာပို့တဲ့ ပစ္စည်းကို ဖွင့်စစ်တဲ့အချိန်မှာ ပေါက်သွားတာ။ ကျနော်တို့လည်း အသံပဲ ကြားလိုက်တာ။ နောက်မှ စုံစမ်းကြည့်တော့ စစ်ကြောရေးဂိတ်မှာ ပေါက်တာ” ဟု ပြောသည်။
ပစ္စည်းလာရောက် ပို့ဆောင်သွားသည့်သူကို စုံစမ်းနေသော်လည်း CCTV မှတ်တမ်း မရှိသဖြင့် ရှာဖွေရန် ခက်ခဲနေ သည်ဟု တပ်တွင်း သတင်းအရင်းမြစ်က ပြောသည်ကို ပြည်တွင်းမီဒီယာတစ်ခုတွင် ဖော်ပြထားသည်။
ပါဆယ်ဗုံးပေါက်ကွဲမှုကြောင့် ဂိတ်စောင့် စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးခဲ့ပြီး တစ်ဦး ဒဏ်ရာ အပြင်း အထန် ရရှိခဲ့သည်ဟု သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၆ ရက်နေ့၊ ညဦးပိုင်းအချိန်ကလည်း ယခု ပါဆယ်ဗုံးပေါက်သည့် စစ်ကြောရေးစခန်းနှင့် တမှတ်တိုင်ခန့် အကွာရှိ သီရိမင်္ဂလာဈေးသစ် ကားပါကင်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သေးသည်။