KNU က PDF တွေကို မောင်းထုတ်တယ်ဆိုတဲ့ သတင်းမှား ဖြန့်ဝေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်။

PDF တွေအားလုံး KNU နယ်မြေထဲကနေ ၃၁ ရက်နေ့ နောက်ဆုံးထား ထွက်ခွာပေးဖို့ KNU က နေ ရာဇသံပေးထားတယ် ဆိုတဲ့ သတင်းပို့စ် တစ်ခု ကို San Tunaung ဆိုတဲ့ Facebook အကောင့်ပိုင်ရှင်က ဒီဇင်ဘာလ ၂၇ ရက်နေ့ က ရေးတင်ထားပါတယ်။

San Tunaung ဆိုသူက KNU ရဲ့ ရာဇသံဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသားထားတာဖြစ်ပြီး သူ့ရဲ့ ရေးသားမှုထဲမှာဆိုရင် “KNU မှ ရာဇသံပေးပီ…PDF အားလုံး KNU နယ်မြေအတွင်းမှ 31 ရက်နေ့ နောက်ဆုံးထားထွက်ခွာပေးရမည် မထွက်ခွာပါက ဖမ်းဆီးပြီး တပ်မတော်ထံအပ်နှံပါမည်တဲ့” ဆိုပြီး (မူရင်းအတိုင်း) ရေးသားထားပါတယ်။

အဆိုပါ ရေးသားမှုဟာ သတင်းအမှားတစ်ခုသာ ဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ KNU က PDF တွေကို သူတို့ရဲ့ နယ်မြေထဲကနေ ထွက်ခွာဖို့  တရားဝင် ထုတ်ပြန် ပြောဆို ထားတာ မရှိသလို PDF တွေဖက်ကလည်း KNU နယ်မြေထဲကနေ ထွက်ခွာရမယ်လို့ သတင်းမီဒီယာတွေမှာ ပြော ဆိုထားတာ မရှိပါဘူး။

KNU သဘောထားတွေကို ထုတ်ပြန်ပေးနေတဲ့ KNU ဗဟိုရဲ့ Facebook စာမျက်နှာထဲမှာ  ဝင်ကြည့်လို့ရပါတယ်။

ဒါ့အပြင် လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ လေးကေ့ကော်မြို့သစ်ဖက်မှာ  KNU၊ PDF ပူးပေါင်းတပ်တွေက နယ်မြေ ကျူးကျော်ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်တွေကို ပူးပေါင်းတိုက်ခိုက်နေသလို ကရင်ပြည်နယ် ထဲမှာရှိတဲ့ နေရာတော်တော်များများမှာလည်း KNU နဲ့ PDF တို့က စစ်ကောင်စီတပ်ကို အတူတကွ တွန်းလှန် တိုက်ခိုက်နေဆဲ ပဲ ဖြစ်ပါတယ်။

ဒါကြောင့် အချက်အလက်အားလုံးကို ကြည့်လိုက်တဲ့ အခါမှာ San Tunaung ဆိုသူ ရေးသားထားတဲ့ PDF တွေ အားလုံး KNU နယ်မြေထဲကနေ ၃၁ ရက်နေ့ နောက်ဆုံး ထွက်ခွာပေးရမယ်ဆိုတဲ့ သတင်းဟာ ဝါဒဖြန့် ရေးသား ထားတဲ့ သတင်းအမှား တစ်ခုသာ ဖြစ်တယ်ဆိုတာကို စိစစ်တွေရှိရပါတယ်။

San Tunaung ဆိုသူ ရေးသားထားတဲ့ သတင်းပို့စ်ကို ထပ်ဆင့်ဖြန့်ဝေသူ ၄၀ နီးပါးရှိနေပြီး ကြိုက်နှစ်သက်သူနဲ့ သဘောထား မှတ်ချက်ပေးသူတွေလည်း ရှိနေပါတယ်။

လက်ရှိကာလမှာ သတင်းအမှားဖြန့်ဝေသူတွေဟာ သတင်းတု/ သတင်းမှားတွေကို သူတို့ကြိုက်သလို ဖန်တီး ရေးသားပြီးတော့ လူမှုကွန်ရက် အစုံကို‌ အသုံးပြုကာ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

သတင်းအမှားဖြန့်ဝေသူတွေက ပဋိပက္ခတွေ ပိုပြီး ကြီးထွားလာအောင်၊ လူထုတွေ ထိတ်လန့်အောင် နည်းနည်း အမျိုးမျိုးသုံးပြီး ဖြန့်ဝေနေကြပါတယ်။

အခုဒီသတင်းပို့စ်ဟာဆိုရင်လည်း KNU နဲ့ PDF တွေအကြား၊ PDF တွေကို ထောက်ခံတဲ့ ပြည်သူတွေအနေနဲ့ KNU အပေါ် အထင်အမြင်မှားစေအောင်နဲ့ အခြားသော ရည်ရွယ်ချက်တွေနဲ့ ဒီလိုရေးသား ဖြန့်ဝေတယ် ဆိုတာ သိသာပါတယ်။

ဒါကြောင့် လူမှုကွန်ရက်တွေကနေ သတင်းတွေကို ဖတ်ပြီး/ကြည့်ပြီး ဖြန့်ဝေတော့မယ်၊ တဆင့်ပြန်ပြီး ပြောပြ တော့မယ်ဆိုရင် အမှန်တကယ် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေနဲ့ သေချာ တိုက်စစ်ပြီးမှ ထပ်ဆင့်ဖြန့်ဝေ ဖို့ လိုပါတယ်။