PDF များကို လေယာဉ်နှင့် ကင်းထောက်ပြီး တောနင်းရှာ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇန္နဝါရီလ ၈ ရက်။
တနင်္သာရီမြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လေယာဉ် နှစ်စီးဖြင့် ကင်းထောက်ကာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တပ်ဖွဲ့ဝင်များကို တောနင်း ရှာဖွေနေသည်ဟု ဒေသခံ ရွာ သားများက ပြောသည်။
ဇန်နဝါရီ ၅ ရက်နေ့မှ စတင်ကာ တကူကျေးရွာအနီးရှိ ၉ မိုင်တောင် တောတန်းအား ဇန္နဝါရီလ ၇ ရက်နေ့ ည နေပိုင်း အချိန်ထိ နေ့စဥ်နီးပါး စစ်ကောင်စီတပ်ဖွဲ့က တိုက်လေယာဉ်များ အသုံးပြု ပျံဝဲကာ လာရောက် ကင်း ထောက်လှမ်းလျက် ရှိသည်ဟု သိရသည်။
“တကူးကျေးရွာအုပ်စု အတွင်းမှာရှိတဲ့ ခြောက်အိမ်စု၊ သံတိုက်၊ အင်းရှည်ကုန်း၊ ပြည်အေး ရပ်ကွက်တွေက ဒေသခံရွာသားတွေ တိုက်ပွဲ ဖြစ်ပွားလာမှာကို စိုးရိမ်တဲ့အတွက်ကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတယ်” ဟု အသက် ၃၅ နှစ်အရွယ် တကူကျေးရွာသား တစ်ဦးက ပြောသည်။
တနင်္သာရီမြို့နယ်အတွင်း စစ်ကောင်စီက လေယာဉ်ဖြင့် ၃ ရက်ဆက်တိုက် ကင်းထောက်နေသည့်အပြင် မြေပြင် တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၁၀၀ ကျော်ခန့်က စစ်ကြောင်း ၃ ခု ခွဲကာ PDF တပ်ဖွဲ့ဝင်များကို တောနင်း ရှာဖွေနေသည်ဟု တကူကျေးရွာသားများက ပြောသည်။
ပြီးခဲ့သည့် ဇန္နဝါရီလ ၃ ရက်နေ့က တကူးရဲစခန်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဝင်ရောက် စီးနင်း ဖျက်ဆီးခဲ့ကြသည်။
ထို့နောက် ၉ မိုင်တောင် တောတန်းပေါ်တွင် PDF များ ခိုးအောင်းနေသည်ဟု သတင်းများကြောင့် တောနင်းရှာဖွေ ခြင်းများ လုပ်ဆောင်နေခြင်း ဖြစ်နိုင်သော်လည်း ဇန္နဝါရီလ ၇ ရက်နေ့ ညနေပိုင်းအချိန်ထိ နှစ်ဘက်ပစ်ခတ်သံများ မကြားရသေးဟု ဒေသခံရွာသားများက ပြောသည်။
တကူကျေးရွာတွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၁ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ပိုင် ရော်ဘာမိုင်းခံစက်ရုံတစ်ရုံ မီးရှို့ခံရခြင်း၊ နိုဝင်ဘာလ ၂၂ရက်နေ့တွင် ကျေးရွာရဲကင်း မိုင်းဆွဲဖျက်ဆီးခံရခြင်းများ အပြင် ဇန္နဝါရီလ ၂ ရက်နေ့ ကလည်း သရဘွင်ကျေးရွာနှင့် တကူ၊ ဝမ်းနာ၊ အင်းရှည်ကုန်းကျေးရွာများမှ Mytel ဖုန်းတာဝါတိုင်များ ဖျက်ဆီး ခြင်းများ ခံခဲ့ရသေးသည်။
တနင်္သာရီမြို့နယ်အတွင်းရှိ တကူကျေးရွာသည် အိမ်ခြေ တစ်ထောင်ကျော်ခန့်ရှိပြီး ရပ်ကွက် ၁၀ ရက်ကွက် ရှိသည့် ရွာကြီးတစ်ရွာ ဖြစ်သည်။